Judges 3
3:1 ခါနာန်ပြည်၌ တိုက်သော စစ်မှုရှိသမျှတို့ကို မသိသော ဣသရေလ အမျိုးသားအပေါင်းတို့ကို စုံစမ်းခြင်းငှာလည်းကောင်း၊ စစ်မှုကိုမသိသော ဣသရေလအမျိုးသား အစဉ်အဆက်တို့သည် စစ်အတတ်ကိုသင်၍ တတ်စေခြင်းငှာလည်းကောင်း၊ ထာဝရဘုရား ချန်ထားတော်မူသော လူမျိုးများဟူမူကား၊
3:3 ဖိလိတ္တိမင်းငါးပါးအစရှိသော ခါနနိလူအမျိုးမျိုး၊ ဇိဒုန်လူ၊ ဗာလဟေရမုန်တောင်မှစ၍ ဟာမတ်လမ်းဝတိုင်အောင် လေဗနုန်တောင်ပေါ်မှာနေသော ဟိဝိလူတို့သည် ကျန်ကြွင်းကြ၏။
3:4 ထာဝရဘုရားသည် မောရှေအားဖြင့် ဘိုးဘေးတို့ကို မှာထားတော်မူသော ပညတ်များအတိုင်းကျင့်မည် မကျင့်မည်ကိုထင်ရှားစေခြင်းငှာ ဣသရေလအမျိုးကို စုံစမ်းဖို့ရာ ဖြစ်သတည်း။
3:5 ဣသရေလအမျိုးသားတို့သည် ခါနနိလူ၊ ဟိတ္တိလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့တွင်နေ၍၊
3:6 သူတို့သမီးနှင့် စုံဖက်ခြင်းကိုပြုလျက်၊ မိမိတို့သမီးကိုပေးစားလျက်၊ သူတို့ဘုရားများကို ဝတ်ပြုကြ၏။
3:7 ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍ မိမိတို့ဘုရားသခင် ထာဝရဘုရားကိုမေ့လျော့သဖြင့်၊ ဗာလဘုရားများ၊ အာရှရပင်များကို ဝတ်ပြုသောကြောင့်၊
3:8 ထာဝရဘုရားသည် ဣသရေလအမျိုး၌ ပြင်းစွာအမျက်တော်ထွက်၍၊ မေသောပေါတာမိရှင်ဘုရင်ခုရှံရိရှသိမ်၌ ရောင်းတော်မူသဖြင့်၊ ဣသရေလလူတို့သည် ရှစ်နှစ်ပတ်လုံး ထိုရှင်ဘုရင်ထံ၌ကျွန်ခံရကြ၏။
3:9 နောက်တစ်ဖန် ထာဝရဘုရားကိုအော်ဟစ်ကြသောအခါ၊ ကယ်တင်သောသခင်၊ ကာလက်ညီ၊ ကေနတ်၏သားဩသံယေလကို သူတို့အဖို့ ပေါ်ထွန်းစေတော်မူ၏။
3:10 ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ့အပေါ်သို့ သက်ရောက်သဖြင့်၊ သူသည် ဣသရေလအမျိုးကိုအုပ်စိုး၍ စစ်ချီလေ၏။ မေသောပေါတာမိရှင်ဘုရင် ခုရှံရိရှသိမ်ကို သူ့လက်၌ ထာဝရဘုရားအပ်တော်မူသဖြင့်၊ သူသည် ထိုရှင်ဘုရင်ကို အောင်လေ၏။
3:11 အနှစ်လေးဆယ်တိုင်တိုင် တစ်ပြည်လုံးငြိမ်းပြီးမှ၊ ကေနတ်၏သား ဩသံယေလသည် သေလေ၏။
3:12 တစ်ဖန် ဣသရေလအမျိုးသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြုသောကြောင့်၊ မောဘရှင်ဘုရင်ဧဂလုန်ကို ဣသရေလအမျိုးတစ်ဖက်၌ ခွန်အားနှင့် ပြည့်စုံစေတော်မူ၏။
3:13 ထိုမင်းသည် အမ္မုန်အမျိုးသား၊ အာမလက်အမျိုးသားတို့ကို စုဝေးစေလျက်ချီသွား၍၊ ဣသရေလလူတို့ကို လုပ်ကြံပြီးမှ၊ စွန်ပလွံမြို့ကို သိမ်းယူသဖြင့်၊
3:14 ဣသရေလအမျိုးသားတို့သည် တစ်ဆယ်ရှစ်နှစ်ပတ်လုံး မောဘရှင်ဘုရင် ဧဂလုန်မင်းထံ၌ ကျွန်ခံရကြ၏။
3:15 နောက်တစ်ဖန် ထာဝရဘုရားကို အော်ဟစ်သောအခါ၊ ကယ်တင်သောသခင်၊ လက်ယာလက်ကိုမသုံးတတ်သော ဗင်္ယာမိန်အမျိုး၊ ဂေရသားဧဟုဒကို ပေါ်ထွန်းစေတော်မူ၏။ သူ့လက်တွင် ဣသရေလလူတို့သည် လက်ဆောင်ကို မောဘရှင်ဘုရင်ဧဂလုန်ထံသို့ ပေးလိုက်ကြ၏။
3:16 ဧဟုဒသည် အလျားတစ်တောင်ရှိသော သန်လျက်ကိုလုပ်၍ လက်ယာပေါင်အဝတ်တွင်း၌ စည်းထားပြီးလျှင်၊
3:17 မောဘရှင်ဘုရင်ဧဂလုန်ထံသို့ လက်ဆောင်ကို ဆောင်ခဲ့လေ၏။ ဧဂလုန်သည် အလွန်ဝသောသူဖြစ်၏။
3:18 ဧဟုဒသည် လက်ဆောင်ကိုဆက်ပြီးလျှင်၊ လက်ဆောင်ကို ထမ်းသောသူတို့ကို လွှတ်လိုက်၍၊
3:19 ဂိလဂါလမြို့နား၌ရှိသော ကျောက်တိုင်တို့မှ ကိုယ်တိုင်ပြန်လာ၍၊ ဘုရားကျွန်တော်သည် တိတ်ဆိတ်စွာ လျှောက်စရာအကြောင်းရှိပါသည်ဟု ဆိုလျှင်၊ ရှင်ဘုရင်က၊ တိတ်ဆိတ်စွာနေကြဟု အမိန့်တော်ရှိသည်အတိုင်း၊ အထံတော်၌ ခစားသော သူအပေါင်းတို့သည် ထွက်ကြ၏။
3:20 ထိုအခါ ရှင်ဘုရင်သည် ကိုယ်တိုင် တစ်ယောက်တည်းနေတတ်သော နွေနန်းဆောင်၌ ထိုင်နေစဉ်၊ ဧဟုဒသည် ချဉ်းကပ်၍ ကိုယ်တော်နှင့်ဆိုင်သော ဘုရားသခင်၏အမိန့်တော်ပါပါ၏ဟု လျှောက်သော်၊ ရှင်ဘုရင်သည် ထလေ၏။
3:21 ဧဟုဒသည် လက်ဝဲလက်ကိုဆန့်လျက် သန်လျက်ကို လက်ယာပေါင်မှထုတ်၍ ရှင်ဘုရင်၏ဝမ်းကိုထိုးသဖြင့်၊
3:22 လက်ကိုင်အရိုးနှင့်တကွ သန်လျက်မြုပ်ဝင်၍၊ ဝမ်းထဲက မနုတ်နိုင်အောင် ဆီဥသည် သန်လျက်ကိုလွှမ်းလျက်၊ ချေးနုလည်း ထွက်လျက်ရှိလေ၏။
3:23 ထိုအခါ ဧဟုဒသည် အခန်းပြင်သို့ ထွက်ပြီးလျှင် နန်းတော်တံခါးတို့ကို ပိတ်၍ သော့ခတ်လေ၏။
3:24 ထွက်သွားသောနောက်၊ ကျွန်တော်မျိုးအချို့တို့သည်လာ၍ နန်းတော်တံခါး၌ သော့ခတ်လျက်ရှိသည်ကို မြင်လျှင်၊ စင်စစ် နွေနန်းဆောင်၌ စက်တော်ခေါ်သည်ဟုဆိုလျက်၊
3:25 ရှက်ကြောက်သည်တိုင်အောင် ငံ့နေပြီးမှ၊ သူတို့အရှင်သည် တံခါးကို မဖွင့်သောကြောင့်၊ သူတို့သည် သော့ကိုယူ၍ ဖွင့်ကြည့်သောအခါ၊ မြေပေါ်မှာလဲ၍ သေလျက်ရှိသော မိမိတို့အရှင်ကို တွေ့မြင်ကြ၏။
3:26 ထိုသို့ သူတို့သည် ငံ့နေကြစဉ်တွင်၊ ဧဟုဒသည် ဘေးလွတ်သဖြင့်၊ ကျောက်တိုင်တို့ကိုလွန်၍ စိရပ်ရွာသို့ရောက်ပြီးမှ၊
3:27 ဧဖရိမ်တောင်ပေါ်မှာ တံပိုးကိုမှုတ်၍၊ ဣသရေလအမျိုးသားတို့သည် သူ့နောက်သို့လိုက်လျက် တောင်ပေါ်ကဆင်းကြ၏။
3:28 သူကလည်း ငါ့နောက်သို့ လိုက်ကြလော့။ ထာဝရဘုရားသည် သင်တို့၏ရန်သူ မောဘလူတို့ကို သင်တို့လက်၌ အပ်တော်မူမည်ဟု ဆိုသည်အတိုင်း၊ သူ့နောက်မှာဆင်း၍ ယော်ဒန်မြစ်ကူးရာ မောဘပြည်သို့သွားရာလမ်းကို ဆီးတားသဖြင့်၊ လူတစ်စုံတစ်ယောက်ကိုမျှ မကူးစေရ။
3:29 ထိုအခါ ခွန်အားကြီးသော မောဘစစ်သူရဲတစ်ယောက်မျှ မလွတ်ဘဲ၊ လူတစ်သောင်းကိုသတ်၍၊
3:30 မောဘအမျိုးသည် ဣသရေလအမျိုးလက်၌ရှုံးသဖြင့်၊ အနှစ်ရှစ်ဆယ်တိုင်တိုင် တစ်ပြည်လုံး ငြိမ်းလေ၏။
3:31 ဧဟုဒနောက်မှာ အာနတ်သားရှံဂါပေါ်ထွန်း၍၊ တုတ်ချွန်နှင့် ဖိလိတ္တိလူခြောက်ရာတို့ကို သတ်သဖြင့်၊ ဣသရေလအမျိုးသားတို့ကို ကယ်လွှတ်လေ၏။