Judges 21
21:1 ဣသရေလအမျိုးသားတို့သည် အဘယ်သူမျှ မိမိသမီးကို ဗင်္ယာမိန်အမျိုးသား၌ မပေးစားရမည်အကြောင်း၊ မိဇပါမြို့မှာ ကျိန်ဆိုခြင်းကို ပြုနှင့်ကြပြီ။
21:2 လူများတို့သည် ဘုရားသခင့် အိမ်တော်သို့လာ၍ ဘုရားသခင့်ရှေ့တော်၌ ညဥ့်ဦးတိုင်အောင်နေလျက်၊ အသံကိုလွှင့်၍ ငိုကြွေးလျက်၊
21:3 အိုဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၊ ဣသရေလအမျိုးအနွယ်တို့တွင် ယနေ့တစ်မျိုး ချို့တဲ့ရသောအမှုသည် အဘယ်ကြောင့် ဖြစ်ရပါသနည်းဟု လျှောက်ဆိုကြ၏။
21:4 နက်ဖြန်နံနက်စောစော လူများတို့သည်ထပြီးလျှင်၊ ယဇ်ပလ္လင်ကိုတည်၍ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်ကြ၏။
21:5 ဣသရေလ အမျိုးသားတို့ကလည်း၊ ဣသရေလ အမျိုးအနွယ်အပေါင်းတို့တွင် အဘယ်သူသည် ပရိသတ်အပေါင်းနှင့်အတူ ထာဝရဘုရားထံတော်သို့ မလာဘဲနေသနည်းဟု မေးကြ၏။ အကြောင်းမူကား၊ မိဇပါမြို့ ထာဝရဘုရားထံတော်သို့ မလာဘဲနေသောသူသည် ဧကန်အမှန် အသေသတ်ခြင်းကိုခံစေဟု ကြီးစွာသောကျိန်ဆိုခြင်းကို ပြုနှင့်ကြပြီ။
21:6 ဣသရေလ အမျိုးသားတို့သည်လည်း၊ ညီဗင်္ယာမိန်အတွက် နောင်တရလျက်၊ ဣသရေလအမျိုးအနွယ်တို့တွင် ယနေ့တစ်မျိုးဆုံးပြီ။
21:7 ငါတို့သည် ကိုယ်သမီးကို သူတို့အားမပေးစားရမည်အကြောင်း၊ ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုသောကြောင့်၊ ကျန်ကြွင်းသော သူတို့အဖို့ မိန်းမတို့ကို အဘယ်သို့ ရနိုင်သနည်းဟူ၍လည်းကောင်း၊
21:8 ဣသရေလ အမျိုးအနွယ်တို့တွင် အဘယ်သူသည် မိဇပါမြို့ ထာဝရဘုရားထံတော်သို့ မလာဘဲနေသနည်း ဟူ၍လည်းကောင်း မေးမြန်းလျှင်၊ ဂိလဒ်ပြည်၊ ယာဗက်မြို့သားတစ်ယောက်မျှ စုဝေးရာတပ်သို့ မရောက်မလာကြောင်းကို သိကြ၏။
21:9 လူများတို့ကို ရေတွက်သောအခါ၊ ဂိလဒ်ပြည် ယာဗက်မြို့သားတစ်ယောက်မျှ မပါ။
21:10 ထိုအခါ စုဝေးသောသူတို့သည် စစ်သူရဲတစ်သောင်းနှစ်ထောင်တို့ကို စေလွှတ်လျက်၊ သင်တို့သည်သွား၍ ဂိလဒ်ပြည် ယာဗက်မြို့သား ယောက်ျား၊ မိန်းမ၊ သူငယ်တို့ကို ဓားနှင့်လုပ်ကြံကြလော့။
21:11 သို့ဆိုသော်၊ ယောက်ျားအပေါင်းကိုလည်းကောင်း၊ ယောက်ျားနှင့်ဆက်ဆံသော မိန်းမအပေါင်းကိုလည်းကောင်း၊ ရှင်းရှင်းပယ်ရှားကြလော့ဟုမှာထားသည်အတိုင်း၊
21:12 စစ်သူရဲတို့သည် ဂိလဒ်ပြည်ယာဗက်မြို့သားတို့တွင်၊ ယောက်ျားနှင့် မဆက်ဆံသေးသော ကညာမိန်းမပျိုလေးရာတို့ကို တွေ့၍ ခါနာန်ပြည်၌ တပ်ချရာ၊ ရှိလောမြို့သို့ ဆောင်ခဲ့ကြ၏။
21:13 တစ်ဖန် စုဝေးသော သူအပေါင်းတို့သည်၊ ရိမ္မုန်ကျောက်၌နေသော ဗင်္ယာမိန်လူတို့ကို နှုတ်ဆက်၍ အသင့်အတင့်ခေါ်ခြင်းငှာ လူတို့ကိုစေလွှတ်ကြ၏။
21:14 ထိုအခါ ဗင်္ယာမိန်လူတို့သည် လာပြန်၍၊ ဣသရေလလူတို့သည် အရှင်ချန်ထားသော ဂိလဒ်ပြည် ယာဗက်မြို့သူမိန်းမတို့နှင့် ပေးစားကြ၏။ သို့သော်လည်း မိန်းမတို့သည် မလောက်မငကြ။
21:15 ထိုသို့ ထာဝရဘုရားသည် ဣသရေလအမျိုးအနွယ်တို့တွင် ပြိုပျက်ရာကို ပြုတော်မူသောကြောင့်၊ ဣသရေလလူတို့သည် ဗင်္ယာမိန်အတွက် နောင်တရကြ၏။
21:16 စုဝေးရာပရိသတ် အသက်ကြီးသူတို့ကလည်း၊ ဗင်္ယာမိန်အမျိုးထဲက မိန်းမတို့ကို ပယ်ရှင်းသောကြောင့်၊ ကျန်ကြွင်းသော သူတို့အဖို့ မိန်းမတို့ကို အဘယ်သို့ရနိုင်သနည်းဟူ၍လည်းကောင်း၊
21:17 ဣသရေလအမျိုးတို့တွင် တစ်မျိုးကို မပျောက်စေခြင်းငှာ သေဘေးမှလွတ်သော ဗင်္ယာမိန်လူတို့ အမွေခံစရာမြေ ရှိရမည်။
21:18 သို့သော်လည်း အကြင်သူသည် ဗင်္ယာမိန်လူ၌ သမီးကိုပေးစား၏။ ထိုသူသည် ကျိန်အပ်သောသူ ဖြစ်စေဟု ဣသရေလလူတို့သည် ကျိန်ဆိုခြင်းကို ပြုသောကြောင့် ငါတို့သည် ကိုယ်သမီးတို့ကို မပေးစားရဟူ၍လည်းကောင်း၊
21:19 ဗေသလမြို့မြောက်ဘက်၊ ဗေသလမြို့မှ ရှေခင်မြို့သို့သွားသောလမ်း အရှေ့ဘက်၊ လေဗောနမြို့တောင်ဘက်၊ ရှိလောမြို့နယ်တွင် ထာဝရဘုရားအဖို့ နှစ်စဉ် ပွဲခံတတ်သည်ဟူ၍လည်းကောင်း၊ တိုင်ပင်ကြသည်နှင့် အညီ၊
21:20 ဗင်္ယာမိန်လူတို့ကိုခေါ်၍ သင်တို့သည် သွားကြလော့။ စပျစ်ဥယျာဉ်တို့၌ ချောင်းမြောင်းလျက်နေကြလော့။ ရှိလောမြို့သမီးတို့သည် ပွဲခံအံ့သောငှာ ကလျက်လာကြသောအခါ၊
21:21 စပျစ်ဥယျာဉ်ထဲက ထွက်ပြီးလျှင်၊ ထိုမြို့သမီးတို့ကို အသီးအသီး ကိုယ်မယားဖြစ်စေဖို့ ဖမ်းဆီး၍ ဗင်္ယာမိန်ပြည်သို့ ဆောင်သွားကြလော့။
21:22 သူတို့အဘနှင့်မောင်တို့သည် ငါတို့ထံသို့လာ၍ အမှုလုပ်သောအခါ၊ ငါတို့က ငါတို့မျက်နှာကိုထောက်၍ သူတို့ကို သနားကြပါ။ စစ်တိုက်ရာတွင် သူတို့ အသီးအသီးဆိုင်သောမယားတို့ကို သူတို့အဖို့ ငါတို့သည် မချန်မထားမိပါ။ သင်တို့၌ အပြစ်ရောက်စေခြင်းငှာ ယခုပေးစားကြသည်မဟုတ်ဟု သူတို့အား ပြန်ပြောမည်ဟု မှာထားကြသည်အတိုင်း၊
21:23 ဗင်္ယာမိန်လူတို့သည်ပြု၍ ပွဲခံလျက်ကသော မိန်းမတို့ကို ကိုယ်အရေအတွက်အတိုင်း မယားဖြစ်ဖို့ရာ ဖမ်းဆီး၍ ယူသွားကြ၏။ ကိုယ်အမွေခံရာမြေသို့ ပြန်ရောက်ပြီးလျှင်၊ မြို့တို့ကို အသစ်ပြင်ဆင်၍ နေကြ၏။
21:24 ထိုအခါ ဣသရေလလူ အပေါင်းတို့သည်လည်း ကိုယ်အမျိုး၊ ကိုယ်အဆွေနေရာ ကိုယ်အမွေခံရာမြေသို့ ပြန်သွားကြ၏။
21:25 ထိုကာလ၌ ဣသရေလရှင်ဘုရင် မရှိ၊ လူတိုင်း မိမိစိတ်အလိုရှိသည်အတိုင်း ပြုသတည်း။ တရားသူကြီး မှတ်စာပြီး၏။