Judges 20
20:1 ထိုအခါ ဣသရေလအမျိုးသား အပေါင်းတို့သည်၊ ဂိလဒ်ပြည်သားတို့နှင့်တကွ ထလျက်၊ ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် ပရိသတ်အပေါင်းတို့သည် တစ်ယောက်သောသူကဲ့သို့ မိဇပါမြို့၊ ထာဝရဘုရားထံတော်၌ စည်းဝေးကြ၏။
20:2 ဣသရေလ အမျိုးအနွယ်အပေါင်း၊ ပြည်သားအပေါင်းတို့၏ အကြီးအကဲတို့သည် စည်းဝေးကြသော်၊ ဘုရားသခင်၏လူ၊ ဓားလက်နက်စွဲကိုင်သော ခြေသည်သူရဲ လေးသိန်းနှင့်တကွ ချဉ်းကပ်ကြ၏။
20:3 ဣသရေလအမျိုးသားတို့သည် မိဇပါမြို့သို့ သွားကြောင်းကို ဗင်္ယာမိန်အမျိုးသားတို့သည် ကြားသိကြ၏။ ဣသရေလအမျိုးသားတို့က၊ ထိုအဓမ္မအမှုကား အဘယ်သို့နည်းဟု မေးမြန်းလျှင်၊
20:4 အသေခံရသော မိန်းမ၏လင် လေဝိလူက၊ အကျွန်ုပ်သည် မယားငယ်နှင့်အတူလာ၍ ဗင်္ယာမိန်ခရိုင်၊ ဂိဗာမြို့မှာ ညကိုလွန်စေပါ၏။
20:5 ညအခါ ဂိဗာမြို့သားတို့သည် ထ၍ အကျွန်ုပ်တည်းခိုသောအိမ်ကို ဝိုင်းလျက်၊ အကျွန်ုပ်ကို တိုက်သတ်မည် အားထုတ်ကြပါ၏။ မယားငယ် သေသည်တိုင်အောင် ရှုတ်ချကြပါ၏။
20:6 အကျွန်ုပ်သည်လည်း မယားငယ်အကောင်ကိုယူ၍ အပိုင်းပိုင်းဖြတ်ပြီးမှ၊ ဣသရေလအမျိုး အမွေခံရာ ပြည်တစ်လျှောက်လုံးသို့ ပေးလိုက်ပါ၏။ အကြောင်းမူကား၊ သူတို့သည် ဣသရေလအမျိုး၌ ဆိုးညစ်သောအမှု၊ အဓမ္မအမှုကို ပြုကြပါပြီ။
20:7 သင်တို့ရှိသမျှသည် ဣသရေလအမျိုး ဖြစ်ကြပါ၏။ ဤအရပ်၌ တိုင်ပင်စီရင်ကြပါလော့ဟု ပြောဆိုလေ၏။
20:8 လူအပေါင်းတို့သည် တစ်ယောက်သောသူကဲ့သို့ ထ၍ ငါတို့သည် တစ်ယောက်မျှ မိမိတဲသို့မသွား၊ မိမိအိမ်သို့မပြန်။
20:9 ဂိဗာမြို့၌ အဘယ်သို့ ပြုမည်နည်းဟူမူကား၊ စာရေးတံချ၍ အတိုက်သွားမည်။
20:10 ဗင်္ယာမိန်ခရိုင် ဂိဗာမြို့သားတို့သည်၊ ဣသရေလအမျိုးတို့၌ ပြုသမျှသော အဓမ္မအမှုနှင့်ညီလျော်စွာ လူများတို့သည် ထိုမြို့သို့ရောက်၍ အပြစ်ဒဏ်ပေးမည်အကြောင်း၊ သူတို့စားစရိတ်ကို ပို့စေခြင်းငှာ ဣသရေလအမျိုးအနွယ်အပေါင်းတို့၌ လူတစ်ရာတွင် တစ်ဆယ်၊ တစ်ထောင်တွင် တစ်ရာ၊ တစ်သောင်းတွင် တစ်ထောင်တို့ကို ရွေးကောက်ကြကုန်အံ့ဟု ဆိုလျက်၊
20:11 ဣသရေလအမျိုးသားအပေါင်းတို့သည် ဂိဗာမြို့တစ်ဖက်၌စည်းဝေး၍ တစ်ယောက်သောသူကဲ့သို့ သင်းဖွဲ့လျက်နေကြ၏။
20:12 ဣသရေလအမျိုးသားတို့သည်၊ ဗင်္ယာမိန်ခရိုင်တစ်လျှောက်လုံးသို့ စေလွှတ်၍၊ သင်တို့တွင်ပြုသော ဤအဓမ္မအမှုကား အဘယ်သို့နည်း။
20:13 ယခုမှာ ဂိဗာမြို့၌ရှိသော ထိုအဓမ္မလူတို့ကို ငါတို့ယူ၍သတ်သဖြင့် ဣသရေလအမျိုးထဲက ဒုစရိုက်အပြစ်ကို ပယ်ရှားမည်အကြောင်း ထိုလူတို့ကိုအပ်ကြပါဟု မှာလိုက်ကြ၏။ သို့ရာတွင် ဗင်္ယာမိန်အမျိုးသားတို့သည်၊ ညီအစ်ကို ဣသရေလအမျိုးသားတို့စကားကို နားမထောင်ဘဲ၊
20:14 ထိုအမျိုးသားတို့ကို စစ်တိုက်ခြင်းငှာ၊ အမြို့မြို့အရွာရွာကထွက်၍ ဂိဗာမြို့၌ စည်းဝေးကြ၏။
20:15 ထိုအခါ ဂိဗာမြို့သား ယောက်ျားကောင်း ခုနစ်ရာမှတစ်ပါး အမြို့မြို့အရွာရွာကလာသော ဗင်္ယာမိန် အမျိုးသားအရေအတွက်ကား၊ ဓားလက်နက်စွဲကိုင်သောသူ နှစ်သောင်းခြောက်ထောင်တည်း။
20:16 ထိုလူအပေါင်းတို့တွင် လက်ဝဲလက်ကို သုံးတတ်သဖြင့်၊ ဆံခြည်တစ်ပင်ကို လောက်လွှဲနှင့်မှန်အောင် ပစ်နိုင်သော ယောက်ျားကောင်း ခုနစ်ရာပါသတည်း။
20:17 ဗင်္ယာမိန်အမျိုးသားမှတစ်ပါး ဓားလက်နက်စွဲကိုင်၍ စစ်သူရဲဖြစ်သော ဣသရေလအမျိုးသားအရေအတွက်ကား လေးသိန်းတည်း။
20:18 ဣသရေလအမျိုးသားတို့သည် ဘုရားသခင်၏အိမ်တော်သို့ ထ၍ သွားပြီးလျှင်၊ အကျွန်ုပ်တို့တွင် အဘယ်သူသည် ဗင်္ယာမိန်အမျိုးကို အဦးချီသွားရပါမည်နည်းဟု ဘုရားသခင်ထံတော်၌ မေးလျှောက်ကြသော်၊ ထာဝရဘုရားက၊ ယုဒသည် အဦးချီသွားရမည်ဟု မိန့်တော်မူ၏။
20:19 နံနက်စောစော ဣသရေလအမျိုးသားတို့သည် ထ၍ ဂိဗာမြို့အနား၌ တပ်ချပြီးမှ၊
20:20 ဗင်္ယာမိန်အမျိုးသားတို့ကို တိုက်ခြင်းငှာချီသွား၍ ဂိဗာမြို့ရှေ့မှာ စစ်ခင်းကျင်းလျက် နေကြ၏။
20:21 ဗင်္ယာမိန်အမျိုးသားတို့သည် ဂိဗာမြို့ထဲကထွက်ပြီးလျှင်၊ ထိုနေ့တွင် ဣသရေလလူ နှစ်သောင်းနှစ်ထောင်တို့ကို မြေပေါ်မှာလှဲ၍ သတ်ကြ၏။
20:22 သို့ရာတွင် ဣသရေလအမျိုးသားတို့သည် ရဲရင့်သောစိတ်ကိုယူ၍ ပထမနေ့တွင် စစ်ခင်းကျင်းသောအရပ်၌ တစ်ဖန် ခင်းကျင်းကြ၏။
20:23 ထာဝရဘုရားထံတော်သို့ သွား၍ ညဥ့်ဦးယံတိုင်အောင် ငိုကြွေးလျက်၊ အကျွန်ုပ်တို့ညီ ဗင်္ယာမိန်အမျိုးသားတို့ကို တစ်ဖန် စစ်တိုက်ရပါမည်လောဟု ထာဝရဘုရားအား မေးလျှောက်သော်၊ ထာဝရဘုရားက ချီသွားကြလော့ဟု မိန့်တော်မူ၏။
20:24 ဒုတိယနေ့တွင် ဣသရေလအမျိုးသားတို့သည် ဗင်္ယာမိန်အမျိုးတို့အနီးသို့ ချဉ်းကြသောအခါ၊
20:25 ဗင်္ယာမိန်အမျိုးသားတို့သည် ဂိဗာမြို့ထဲက ထွက်ပြီးလျှင်၊ ဓားလက်နက်စွဲကိုင်သော ဣသရေလလူ တစ်သောင်းရှစ်ထောင်တို့ကို မြေပေါ်၌လှဲ၍ သတ်ကြ၏။
20:26 ထိုအခါ ဣသရေလ အမျိုးသားအပေါင်းတို့သည် ဘုရားသခင်အိမ်တော်သို့သွား၍ ငိုကြွေးလျက်၊ ထာဝရဘုရားထံတော်၌ ဝပ်လျက်၊ တစ်နေ့လုံး ညဥ့်ဦးယံတိုင်အောင် အစာကိုရှောင်၍ ထာဝရဘုရားအား မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်ကြ၏။
20:27 ထိုကာလ၌ ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်ပါလျက်၊ အာရုန်၏သားဖြစ်သော ဧလာဇာ၏သား ဖိနဟတ်သည်၊ သေတ္တာတော်ရှေ့မှာ အမှုစောင့်သည်ဖြစ်၍၊
20:28 ဣသရေလအမျိုးသားတို့က၊ အကျွန်ုပ်တို့ ညီဗင်္ယာမိန်အမျိုးသားတို့ကို တစ်ဖန်သွား၍ တိုက်ရပါမည်လော၊ မသွားဘဲနေရပါမည်လောဟု ထာဝရဘုရားအား မေးလျှောက်သော်၊ ထာဝရဘုရားက သွားကြလော့။ နက်ဖြန်နေ့တွင် သူတို့ကို သင်တို့လက်၌ ငါအပ်မည်ဟု မိန့်တော်မူ၏။
20:29 ဣသရေလအမျိုးသားတို့သည် ဂိဗာမြို့ပတ်လည်၌ ကင်းစောင့်လူတို့ကို ထားပြီးမှ၊
20:30 တတိယနေ့တွင် ဗင်္ယာမိန်အမျိုးသားတို့ရှိရာသို့ ချီသွား၍၊ ယမန်ကဲ့သို့ ဂိဗာမြို့အနား၌ စစ်ခင်းကျင်းလျက် နေကြ၏။
20:31 ဗင်္ယာမိန်အမျိုးသားတို့သည် အတိုက်ထွက်၍ မြို့နှင့်ကွာသွားကြ၏။ ဗေသလမြို့သို့သွားသောလမ်း၊ ဂိဗာတောရွာသို့ သွားသောလမ်းတွင် ယမန်ကဲ့သို့ ဣသရေလအမျိုး သူရဲတို့ကို လုပ်ကြံစပြု၍ လူသုံးဆယ်ခန့်မျှ သေကြ၏။
20:32 ဗင်္ယာမိန်အမျိုးသားတို့က၊ သူတို့သည် ယမန်ကဲ့သို့ ငါတို့ရှေ့မှာရှုံးကြပြီဟု ဆိုသော်လည်း၊ ဣသရေလအမျိုးသားတို့က ပြေးကြကုန်အံ့၊ သူတို့ကို မြို့နှင့်ဝေးသောလမ်းတို့သို့ သွေးဆောင်ကြကုန်အံ့ဟု ဆိုလျက်၊
20:33 ဣသရေလလူအပေါင်းတို့သည် မိမိတို့နေရာအရပ်မှထ၍ ဗာလတာမာမြို့၌ စစ်ခင်းကြ၏။ ကင်းစောင့်လျက်နေသော ဣသရေလလူတို့သည်လည်း မိမိတို့နေရာ ဂိဗာလွင်ပြင်မှ ထကြသဖြင့်၊
20:34 ဣသရေလအမျိုးသား ယောက်ျားကောင်းတစ်သောင်းတို့သည် ဂိဗာမြို့သို့ချီလာ၍၊ ဗင်္ယာမိန်အမျိုးသားတို့သည် ဘေးရောက်လုနီးသည်ကို မရိပ်မိသောကြောင့်၊ ကျပ်တည်းစွာ ဆီး၍တိုက်ကြ၏။
20:35 ထိုအခါ ထာဝရဘုရားသည် ဗင်္ယာမိန်လူတို့ကို ဣသရေလလူတို့ရှေ့မှာ ရှုံးစေတော်မူသဖြင့်၊ ထိုနေ့တွင် ဣသရေလလူတို့သည် ဓားလက်နက်စွဲကိုင်သော ဗင်္ယာမိန်လူ နှစ်သောင်းငါးထောင်တစ်ရာတို့ကို ပယ်ရှင်းကြ၏။
20:36 ဗင်္ယာမိန်အမျိုးသားတို့သည် မိမိတို့ရှုံးသည်ကို သိမြင်ကြ၏။ ဣသရေလူတို့သည်၊ ဂိဗာမြို့အနား၌ထားသော ကင်းတပ်ကို ကိုးစားသောကြောင့်၊ အစက ဗင်္ယာမိန်လူတို့ရှေ့မှာဆုတ်ကြ၏။
20:37 ကင်းတပ်သားတို့သည် ဂိဗာမြို့သို့ တစ်ဟုန်တည်းပြေးဝင်၍ အနှံ့အပြားတိုက်သဖြင့် တစ်မြို့လုံးကို ဓားနှင့်လုပ်ကြံကြ၏။
20:38 မြို့ထဲမှာ ကြီးစွာသော မီးခိုးတက်စေရမည်အကြောင်း ဣသရေလလူတို့သည် ကင်းစောင့်လူတို့အား အကြံပေးနှင့်ကြပြီဖြစ်၍၊
20:39 ဣသရေလလူတို့သည် စစ်တိုက်ရာတွင် ဆုတ်သောအခါ၊ ဗင်္ယာမိန်လူတို့က၊ အကယ်၍ သူတို့သည် ယမန်စစ်ရှုံးသကဲ့သို့ ငါတို့ရှေ့မှာရှုံးကြပြီဟု ဆိုလျက် သူရဲတို့ကိုလုပ်ကြံစပြု၍ လူသုံးဆယ်ခန့်မျှ သေကြ၏။
20:40 တစ်ဖန် မီးလောင်၍ ထူထပ်သောမီးခိုးသည် မြို့ထဲမှာ တက်စရှိသောအခါ၊ ဗင်္ယာမိန်လူတို့သည် ပြန်ကြည့်၍ မြို့ကိုလောင်သော မီးလျှံသည် မိုးကောင်းကင်သို့ တက်သည်ကို မြင်ကြ၍၊
20:41 ဣသရေလလူတို့သည် လှည့်၍ပြန်သောအခါ၊ ဗင်္ယာမိန်လူတို့သည် ဘေးရောက်ကြောင်းကို သိမြင်လျှင်၊
20:42 မိန်းမောတွေဝေ၍ ဣသရေလလူတို့ရှေ့မှာ တောလမ်းသို့ပြေးသော်လည်း၊ စစ်တိုက်လိုက်လာသော သူတို့သည်မီသဖြင့် ပြေးသောသူတို့ကိုလည်းကောင်း၊ မြို့ရွာများထဲက ထွက်လာသောသူတို့ကိုလည်းကောင်း တစ်ပြိုင်နက် ဖျက်ဆီးကြ၏။
20:43 ဗင်္ယာမိန်လူတို့ကို ဝိုင်းလျက်လိုက်လျက်၊ နုခါရွာမှစ၍ နေထွက်ရာဘက်၊ ဂိဗာမြို့အနားတိုင်အောင် နှိပ်နင်းကြ၏။
20:44 ထိုအခါ ဗင်္ယာမိန်သူရဲ တစ်သောင်းရှစ်ထောင်တို့သည် လဲ၍သေကြ၏။
20:45 ကြွင်းသောသူတို့သည် လှည့်၍ တောအရပ် ရိမ္မုန်ကျောက်သို့ ပြေးကြစဉ်တွင်၊ လိုက်သောသူတို့သည် လူငါးထောင်တို့ကို လမ်းမှာဖမ်းမိကြ၏။ ဂိဒုံမြို့တိုင်အောင် အပြင်းလိုက်၍ လူနှစ်ထောင်တို့ကိုလည်း သတ်ကြ၏။
20:46 ထိုနေ့တွင် လဲ၍သေသော ဗင်္ယာမိန် ဓားစွဲသူရဲတို့ အရေအတွက်ကား၊ နှစ်သောင်းငါးထောင်တည်း။
20:47 လူခြောက်ရာတို့သည် လှည့်၍ တောအရပ်ရိမ္မုန်ကျောက်ကို မီအောင်ပြေးသဖြင့်၊ ထိုကျောက်အောက်မှာ လေးလနေကြ၏။
20:48 ဣသရေလလူတို့သည် တစ်ဖန်လှည့်၍၊ ဗင်္ယာမိန်အမျိုးသားတို့ကို တိုက်လျက် မြို့ရွာ၌ရှိသောလူ၊ တိရစ္ဆာန်တွေ့သမျှတို့ကို ဓားနှင့်လုပ်ကြံ၍၊ တွေ့သမျှသော မြို့ရွာတို့ကို မီးရှို့ကြ၏။