Judges 7
7:1 ယေရုဗ္ဗာလအမည်ဖြင့် ခေါ်ဝေါ်သော ဂိဒေါင်သည် နံနက်စောစောထ၍၊ ရှိသမျှသော သူတို့နှင့်တကွ ဟာရုတ်ရေတွင်းနားမှာ တပ်ချသဖြင့်၊ မိဒျန်တပ်သည် မြောက်ဘက်၊ မောရေတောင်ခြေရင်းချိုင့်၌ ရှိ၏။
7:2 ထာဝရဘုရားကလည်း၊ သင်၌ပါသောလူတို့သည် အလွန်များ၍၊ သူတို့လက်၌ မိဒျန်လူတို့ကို ငါမအပ်ရ။ အပ်လျှင် ဣသရေလအမျိုးက၊ ငါ့လက်ရုံးသည် ငါ့ကိုကယ်တင်ပြီဟု ငါ့တစ်ဖက်၌ ဝါကြွားလိမ့်မည်။
7:3 သို့ဖြစ်၍၊ ကြောက်လန့်သောသူ မည်သည်ကား၊ ဂိလဒ်တောင်မှ စောစောပြန်သွားစေဟု လူများတို့အား ဟစ်ကြော်လော့ဟု ဂိဒေါင်အားမိန့်တော်မူသဖြင့်၊ လူနှစ်သောင်းနှစ်ထောင်ပြန်သွား၍ တစ်သောင်းကျန်ရစ်၏။
7:4 တစ်ဖန် ထာဝရဘုရားကလည်း၊ လူတို့သည် အလွန်များသေး၏။ ရေဆိပ်သို့ ခေါ်ခဲ့လော့။ သူတို့ကို ရေဆိပ်မှာ သင့်အဖို့ ငါစုံစမ်းမည်။ ထိုအခါ ဤမည်သောသူသည် သင်နှင့်အတူသွားရမည်ဟု ငါဆိုလျှင်၊ ထိုသူသည် သွားရမည်။ ဤမည်သောသူမသွားရဟု ငါဆိုလျှင် ထိုသူသည် မသွားရဟု မိန့်တော်မူသည်အတိုင်း၊
7:5 ဂိဒေါင်သည် လူတို့ကို ရေဆိပ်သို့ခေါ်ခဲ့၍၊ ထာဝရဘုရားက၊ ခွေးသည် ရေကိုလျက်၍ သောက်သကဲ့သို့ လျှာနှင့်လျက်၍ သောက်သောသူတစ်စု၊ ဒူးထောက်လျက် ဝပ်၍သောက်သောသူတစ်စု၊ ထိုလူနှစ်စုကို ခွဲထားလော့ဟု ဂိဒေါင်အား မိန့်တော်မူ၏။
7:6 ထိုအခါ မိမိလက်ခုပ်နှင့် ရေကိုယူသဖြင့် လျက်၍သောက်သောသူ သုံးရာရှိ၏။ ကြွင်းသောသူအပေါင်းတို့သည် ရေသောက်ခြင်းငှာ ဒူးထောက်၍ ဝပ်ကြ၏။
7:7 ထာဝရဘုရားကလည်း၊ လျက်၍ သောက်သောသူ သုံးရာအားဖြင့် သင့်ကိုငါကယ်တင်၍ မိဒျန်လူတို့ကို သင့်လက်၌အပ်မည်။ ကြွင်းသောသူတို့ကို မိမိနေရာသို့ ပြန်သွားစေဟု ဂိဒေါင်အားမိန့်တော်မူ၏။
7:8 ထိုသူတို့သည် စားစရိတ်နှင့် တံပိုးများကိုယူ၍၊ ကြွင်းသော ဣသရေလအမျိုးသားအပေါင်းတို့ကို မိမိနေရာသို့ ဂိဒေါင်သည် လွှတ်လိုက်သဖြင့်၊ ထိုသုံးရာသောလူတို့ကိုသာ မိမိနှင့်အတူ ချန်ထားလေ၏။ မိဒျန်လူတို့သည် သူ့အောက်ချိုင့်၌ တပ်ချလျက် ရှိကြ၏။
7:9 ထိုညတွင် ထာဝရဘုရားက၊ ထလော့။ ရန်သူတပ်ချရာသို့ ချီသွားလော့။ သင့်လက်၌ ငါအပ်မည်။
7:10 မချီဝံ့လျှင် သင်၏ကျွန်ဖုရကို ရှေ့ဦးစွာခေါ်သွားလော့။
7:11 သူတို့သည် အဘယ်သို့ပြောသည်ကို ကြားလိမ့်မည်။ ထိုနောက်မှ တပ်ချရာသို့ ချီသွားခြင်းငှာ သင့်လက်အားကြီးလိမ့်မည်ဟု မိန့်တော်မူသည်အတိုင်း၊ ဂိဒေါင်သည် မိမိကျွန်ဖုရကိုခေါ်၍ ရန်သူ၏တပ်ပြင်၌ ကင်းထိုးသောသူရှိရာသို့ သွားလေ၏။
7:12 မိဒျန်ပြည်သား၊ အာမလက်ပြည်သား၊ အရှေ့ပြည်သားအပေါင်းတို့သည် ချိုင့်၌အိပ်လျက်၊ ကျိုင်းကောင်နှင့်အမျှ များကြ၏။ ကုလားအုတ်တို့သည်လည်း၊ သမုဒ္ဒရာသဲလုံးနှင့်အမျှ အတိုင်းမသိများကြ၏။
7:13 ဂိဒေါင်သည် ရောက်သောအခါ၊ လူတစ်ယောက်သည် မိမိမြင်မက်သော အိပ်မက်ကို မိမိအပေါင်းအဖော်အား ပြန်ပြောသည်မှာ၊ ငါမြင်မက်သည်ကား၊ မုယောမုန့်တစ်ပြားသည် မိဒျန်တပ်ထဲသို့လိမ့်၍ တဲတစ်ဆောင်ကိုတွေ့လျှင်၊ ထိခိုက်မှောက်လှန်ဖြိုချလေ၏ဟု ဆိုသော်၊
7:14 သူ၏အပေါင်းအဖော်က၊ ထိုမုန့်ပြားသည် အခြားမဟုတ် ဣသရေလအမျိုး ယောရှသားဂိဒေါင်၏ဓားဖြစ်၏။ ထိုသူလက်၌ ဘုရားသခင်သည် မိဒျန်အမျိုး၊ မိဒျန်ဗိုလ်ခြေအပေါင်းကို အပ်တော်မူမည်ဟု ပြန်ပြော၏။
7:15 ထိုအိပ်မက်နှင့် အိပ်မက်အနက်ကို ဂိဒေါင်သည်ကြားသောအခါ၊ ကိုးကွယ်၍ ဣသရေလတပ်သို့ ပြန်ပြီးလျှင်၊ ထကြ၊ ထာဝရဘုရားသည် မိဒျန်ဗိုလ်ခြေတို့ကို သင်တို့လက်၌ အပ်တော်မူမည်ဟု ဆို၏။
7:16 ထိုအခါ လူသုံးရာတို့ကို သုံးစုခွဲ၍၊ တံပိုးတစ်လုံးနှင့် မီးခွက်ပါသော အိုးတစ်လုံးစီကို လူတိုင်းလက်၌ ဆောင်စေ၏။
7:17 ငါ့ကိုကြည့်၍ ငါပြုသည်အတိုင်းပြုကြ။ တပ်ပြင်သို့ ရောက်သောအခါ၊ ငါပြုသည်အတိုင်း ပြုကြ။
7:18 ငါနှင့် ငါ၌ပါသောသူ အပေါင်းတို့သည် တံပိုးမှုတ်သောအခါ၊ တပ်ပတ်လည်အရပ်ရပ်၌ သင်တို့သည် တံပိုးမှုတ်၍၊ ထာဝရဘုရားနှင့် ဂိဒေါင်၏ဓားဟု ဟစ်ကြလော့ဟု မှာထား၏။
7:19 ထိုသို့ ဂိဒေါင်နှင့် သူ၌ပါသော လူတစ်ရာတို့သည် သန်းခေါင်ယံ၌ ကင်းလဲစက တပ်ပြင်သို့ရောက်သဖြင့် တံပိုးမှုတ်ကြ၏။ မိမိကိုင်သော အိုးတို့ကိုလည်းခွဲကြ၏။
7:20 လူသုံးစုတို့သည် တံပိုးမှုတ်၍ အိုးတို့ကိုခွဲသဖြင့် လက်ဝဲလက်၌ မီးခွက်တို့ကိုလည်းကောင်း၊ လက်ယာလက်၌ မှုတ်စရာတံပိုးတို့ကိုလည်းကောင်းကိုင်လျက်၊ ထာဝရဘုရားနှင့် ဂိဒေါင်၏ဓားဟု ဟစ်ကြ၏။
7:21 သူတို့သည် တပ်ပတ်ဝန်းကျင်၌ လူတိုင်း မိမိနေရာအရပ်တွင် ရပ်နေ၍၊ တပ်သားအပေါင်းတို့သည် ပြေးလျက်၊ အော်လျက် ထွက်ပြေးကြ၏။
7:22 လူသုံးရာတို့သည် တံပိုးမှုတ်သောအခါ၊ ထာဝရဘုရား၏တန်ခိုးတော်ကြောင့်၊ တပ်သားအပေါင်းတို့သည် တစ်ယောက်ကိုတစ်ယောက် တိုက်၍၊ ဇေရရတ်အရပ် ဗက်ရှိတ္တမြို့သို့လည်းကောင်း၊ တဗ္ဗတ်မြို့နားမှာ အာဗေလမဟောလ မြို့နယ်သို့လည်းကောင်း ပြေးကြ၏။
7:23 ဣသရေလလူတို့သည် နဿလိခရိုင်၊ အာရှာခရိုင်၊ မနာရှေခရိုင် အရပ်ရပ်ထဲက စုလာ၍၊ မိဒျန်လူတို့ကို လိုက်ကြ၏။
7:24 ဂိဒေါင်သည်လည်း၊ တမန်တို့ကို ဧဖရိမ်တောင်တစ်လျှောက်လုံးသို့ စေလွှတ်၍၊ သင်တို့သည် မိဒျန်လူတို့ကို ဆီးတားခြင်းငှာ ယော်ဒန်မြစ်နား၊ ဗက်ဗာရရွာတိုင်အောင် သူတို့အရင်စောင့်နေကြလော့ဟု မှာလိုက်သည်အတိုင်း၊ ဧဖရိမ်လူအပေါင်းတို့သည် စုဝေး၍၊ ယော်ဒန်မြစ်နား၊ ဗက်ဗာရရွာတိုင်အောင် စောင့်နေကြ၏။
7:25 မိဒျန်ဗိုလ်ချုပ်နှစ်ယောက်၊ ဩရဘနှင့်ဇေဘကို ဖမ်းဆီး၍၊ ဩရဘကို ဩရဘကျောက်ပေါ်၌လည်းကောင်း၊ ဇေဘကို ဇေဘစပျစ်သီးနယ်ရာ တန်ဆာ၌လည်းကောင်း သတ်ပြီးမှ၊ မိဒျန်လူတို့ကိုလိုက်သဖြင့်၊ ဩရဘ၏ဦးခေါင်းနှင့် ဇေဘ၏ဦးခေါင်းတို့ကို ယော်ဒန်မြစ်တစ်ဖက်၊ ဂိဒေါင်ထံသို့ ဆောင်ခဲ့ကြ၏။