Judges 6
6:1 တစ်ဖန် ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြုသောကြောင့်၊ သူတို့ကို မိဒျန်အမျိုးလက်၌ ခုနစ်နှစ်ပတ်လုံးအပ်တော်မူသဖြင့်၊
6:2 မိဒျန်အမျိုးသည် ဣသရေလအမျိုးကို နိုင်၍ ညှဉ်းဆဲသောကြောင့်၊ ဣသရေလအမျိုးသားတို့သည် တောင်ရိုး၌ ခိုင်ခံ့သော ဥမင်မြေတွင်းတို့ကို လုပ်ရကြ၏။
6:3 ဣသရေလအမျိုးသည် လယ်လုပ်ပြီးမှ၊ မိဒျန်ပြည်သားနှင့် အာမလက်ပြည်သား အစရှိသော အရှေ့ပြည်သားတို့သည် ချီလာ၍၊
6:4 တပ်ချသဖြင့်၊ ဂါဇမြို့တိုင်အောင် မြေအသီးအနှံကို သုတ်သင်ပယ်ရှင်းလျက် စားစရာကို ချန်၍မထား။ သိုးနွားမြည်းကိုလည်း ချန်၍မထားကြ။
6:5 အဘယ်သို့နည်းဟူမူကား၊ သူတို့သည် တိရစ္ဆာန်များ၊ တဲများပါလျက်၊ ကျိုင်းကောင်များပြားသကဲ့သို့၊ သူတို့နှင့် ကုလားအုတ်တို့သည် မရေတွက်နိုင်အောင် များပြားသဖြင့် ဣသရေလပြည်ကို ဖျက်ဆီးလျက် လာကြ၏။
6:6 ဣသရေလအမျိုးသားတို့သည် မိဒျန်အမျိုးသားတို့ကြောင့် အလွန်ဆင်းရဲ၍ ထာဝရဘုရားအား ဟစ်ကြော်ကြ၏။
6:7 ထိုသို့ မိဒျန်အမျိုးသားတို့ကြောင့်၊ ထာဝရဘုရားအား ဟစ်ကြော်ကြသောအခါ၊
6:8 ထာဝရဘုရားသည် ပရောဖက်တစ်ယောက်ကို ဣသရေလအမျိုးသားတို့ထံသို့ စေလွှတ်တော်မူ၍၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ သင်တို့ကို ငါနုတ်ဆောင်ပြီ။
6:9 အဲဂုတ္တုပြည်သားလက်မှလည်းကောင်း၊ ညှဉ်းဆဲသောသူအပေါင်းတို့ လက်မှလည်းကောင်း၊ သင်တို့ကိုကယ်နုတ်၍၊ သူတို့ကို သင်တို့ရှေ့မှ နှင်ထုတ်သဖြင့် သူတို့ပြည်ကိုပေးပြီ။
6:10 ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။ သင်တို့နေသော အာမောရိပြည်သား ကိုးကွယ်သော ဘုရားတို့ကို မကြောက်ရွံ့ကြနှင့်ဟု ငါပညတ်သော်လည်း၊ သင်တို့သည် ငါ့စကားကို နားမထောင်ကြဟု မိန့်တော်မူ၏။
6:11 တစ်ဖန် ထာဝရဘုရား၏ကောင်းကင်တမန်သည် လာ၍၊ ဩဖရရွာမှာ အဗျေဇာအမျိုးသားယောရှပိုင်သော သပိတ်ပင်အောက်၌ ထိုင်လေ၏။ ယောရှသားဂိဒေါင်သည် မိမိစပါးကို မိဒျန်လူတို့ မတွေ့စေခြင်းငှာ၊ စပျစ်သီးနယ်ရာ တန်ဆာအနားမှာ စပါးကိုနယ်လျက်နေ၏။
6:12 ထာဝရဘုရား၏ ကောင်းကင်တမန်သည် ကိုယ်ထင်ရှား၍၊ ခွန်အားကြီးသော အချင်းသူရဲ၊ ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူ၏ဟုဆိုလျှင်၊
6:13 ဂိဒေါင်က၊ အိုသခင်၊ ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်အတူ ရှိတော်မူသည်မှန်လျှင် အဘယ်ကြောင့် ဤအမှုကြီး ရောက်ရပါသနည်း။ ထာဝရဘုရားသည် ငါတို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်တော်မူသည် မဟုတ်လောဟု အကျွန်ုပ်တို့အဘများ ပြောသည်အတိုင်း ပြုတော်မူသော၊ အံ့ဖွယ်သော အမှုရှိသမျှတို့သည် အဘယ်မှာ ရှိပါသနည်း။ ယခုမှာ ထာဝရဘုရားသည် အကျွန်ုပ်တို့ကိုစွန့်၍ မိဒျန်လူတို့လက်သို့ အပ်တော်မူပြီတကားဟု ဆိုလေသော်၊
6:14 ထာဝရဘုရားသည် သူ့ကိုကြည့်ရှု၍ ယခု သင်ရသောတန်ခိုးကို အမှီပြုလျက် သွားလော့။ သင်သည် ဣသရေလအမျိုးကို မိဒျန်လူတို့လက်မှ ကယ်နုတ်လိမ့်မည်။ သင့်ကို ငါစေခိုင်းသည် မဟုတ်လောဟု မိန့်တော်မူ၏။
6:15 ဂိဒေါင်ကလည်း၊ အိုသခင်၊ အကျွန်ုပ်သည် ဣသရေလအမျိုးကို အဘယ်သို့ ကယ်နုတ်နိုင်ပါမည်နည်း။ အကျွန်ုပ်အဆွေအမျိုးသည် မနာရှေအမျိုး၌ သာ၍ဆင်းရဲပါ၏။ အကျွန်ုပ်သည်လည်း၊ ကိုယ်အဆွေအမျိုး၌ အယုတ်ဆုံးသော သူဖြစ်ပါ၏ဟု လျှောက်လျှင်၊
6:16 ထာဝရဘုရားက၊ အကယ်စင်စစ် ငါသည် သင်နှင့်အတူရှိသဖြင့်၊ သင်သည် လူတစ်ယောက်ကို လုပ်ကြံသကဲ့သို့၊ မိဒျန်လူတို့ကို လုပ်ကြံလိမ့်မည်ဟု မိန့်တော်မူ၏။
6:17 ဂိဒေါင်ကလည်း၊ အကျွန်ုပ်သည် ရှေ့တော်၌ မျက်နှာရပါလျှင် အကျွန်ုပ်နှင့် ယခုနှုတ်ဆက်တော်မူကြောင်း ထင်ရှားသော နိမိတ်လက္ခဏာကို ပြတော်မူပါ။
6:18 အကျွန်ုပ်သည် တစ်ဖန်လာပြန်၍၊ ဘောဇဉ်ပူဇော်သကာကို ဆောင်ခဲ့သဖြင့်၊ ကိုယ်တော်ရှေ့၌ မတင်မီတိုင်အောင်၊ ဤအရပ်က ကြွသွားတော်မမူပါနှင့်ဟု တောင်းပန်လျှင်၊ သင်သည် ပြန်၍ မလာမီတိုင်အောင် ငါနေမည်ဟု မိန့်တော်မူ၏။
6:19 ဂိဒေါင်သည် သွား၍ ဆိတ်သငယ်တစ်ကောင်ကိုလည်းကောင်း၊ မုန့်ညက်တစ်ဧဖာနှင့် လုပ်သော တဆေးမဲ့မုန့်ပြားတို့ကိုလည်းကောင်း ပြင်ဆင်လေ၏။ ဆိတ်သားကို တောင်း၌ထည့်၍၊ ဆိတ်သားပြုတ်ရည်ကို အိုး၌လောင်းပြီးမှ၊ ကောင်းကင်တမန်ရှိရာ သပိတ်ပင်အောက်သို့ ဆောင်ခဲ့၍ ဆက်လေ၏။
6:20 ထာဝရဘုရား၏ ကောင်းကင်တမန်ကလည်း၊ အမဲသားနှင့် တဆေးမဲ့မုန့်ပြားတို့ကိုယူ၍ ဤကျောက်ပေါ်မှာ တင်ထားလော့။ အမဲသားပြုတ်ရည်ကို သွန်းလောင်းလော့ဟု ဆိုလျှင်၊ ဆိုသည်အတိုင်း ဂိဒေါင်သည် ပြုလေ၏။
6:21 ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်သည် မိမိကိုင်သော တောင်ဝှေးကိုဆန့်၍၊ အမဲသားနှင့် တဆေးမဲ့မုန့်ပြားတို့ကို တို့သဖြင့်၊ ကျောက်ထဲကမီးထ၍ အမဲသားနှင့် တဆေးမဲ့မုန့်ပြားတို့ကို လောင်ပြီးမှ၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ကွယ်လေ၏။
6:22 ထာဝရဘုရား၏ ကောင်းကင်တမန်ဖြစ်သည်ကို ဂိဒေါင်သည် သိမြင်သောအခါ၊ အိုအရှင် ထာဝရဘုရား၊ အကျွန်ုပ်သည် ထာဝရဘုရား၏ ကောင်းကင်တမန်ကို မျက်နှာချင်းဆိုင်၍ မြင်ရပါပြီတကားဟု လျှောက်သော်၊
6:23 ထာဝရဘုရားက၊ ချမ်းသာပါစေ။ မစိုးရိမ်နှင့်။ သင်သည် သေဘေးနှင့် လွတ်လျက်ရှိသည်ဟု မိန့်တော်မူ၏။
6:24 ထိုအရပ်၌ ဂိဒေါင်သည် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်၍၊ ယေဟောဝါရှာလုံအမည်ဖြင့် မှည့်လေ၏။ အဗျေဇာသား၏နေရာ ဩဖရရွာ၌ ယနေ့တိုင်အောင်ရှိသတည်း။
6:25 ထိုနေ့ညမှာ ထာဝရဘုရားက၊ သင့်အဘ၏နွားပိုက်နှင့် အသက်ခုနစ်နှစ်ရှိသော ဒုတိယနွားထီးကို ယူပြီးလျှင်၊ သင့်အဘတည်သော ဗာလဘုရား၏ယဇ်ပလ္လင်ကို ဖြိုဖျက်၍၊ ယဇ်ပလ္လင်အနားမှာရှိသော အာရှရပင်ကို ခုတ်လှဲလော့။
6:26 ငါစီရင်သည်အတိုင်း၊ ဤကျောက်ပေါ်မှာ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်ပြီးလျှင်၊ ခုတ်လှဲသောသစ်သားဖြင့် ဒုတိယနွားကို မီးရှို့၍ ယဇ်ပူဇော်လော့ဟု မိန့်တော်မူ၏။
6:27 ဂိဒေါင်လည်း မိမိကျွန်ဆယ်ယောက်တို့ကို ခေါ်၍၊ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ပြုလေ၏။ မိမိအဘ၏ အိမ်သားတို့ကိုလည်းကောင်း၊ မြို့သားတို့ကိုလည်းကောင်း ကြောက်၍၊ နေ့အချိန်၌ မပြုဝံ့သောကြောင့်၊ ညအချိန်၌ ပြု၏။
6:28 နံနက်စောစော မြို့သားတို့သည် ထကြသောအခါ၊ ဗာလဘုရား၏ ယဇ်ပလ္လင်သည် ပြိုပျက်လျက်၊ အနားမှာရှိသော အာရှရပင်လည်းလဲလျက်၊ နောက်တည်သော ယဇ်ပလ္လင်ပေါ်မှာ ဒုတိယနွားထီးကို ပူဇော်လျက်ရှိသည်ကို တွေ့ကြလျှင်၊
6:29 ဤအမှုကို အဘယ်သူပြုသနည်းဟု တစ်ယောက်ကိုတစ်ယောက် မေးမြန်းစစ်ကြောလျှင်၊ ဤအမှုကို ယောရှသားဂိဒေါင်ပြုပြီဟု လူအချို့တို့သည် ဆိုကြ၏။
6:30 ထိုအခါ မြို့သားတို့သည် ယောရှအား၊ သင်၏သားသည် ဗာလဘုရား၏ယဇ်ပလ္လင်ကိုဖြိုဖျက်၍ အနားမှာရှိသော အာရှရပင်ကို ခုတ်လှဲသောကြောင့်၊ သူ့ကို အသေခံစေခြင်းငှာ ထုတ်လော့ဟု ဆိုသော်လည်း၊
6:31 ယောရှသည် တစ်ဖက်၌နေသော သူအပေါင်းတို့အား၊ သင်တို့သည် ဗာလဘုရားဘက်၌ အမှုစောင့်မည်လော။ သူ့ကို ကယ်တင်မည်လော။ သူ့ဘက်၌ အမှုစောင့်သောသူသည်၊ နံနက်မလွန်မီ အသေခံပါလေစေ။ ဗာလသည် ဘုရားမှန်လျှင်၊ သူ၏ယဇ်ပလ္လင်ကို တစ်စုံတစ်ယောက် ဖြိုဖျက်သောကြောင့်၊ မိမိအမှုကို မိမိစောင့်ပါလေစေဟု ပြန်ပြော၏။
6:32 ထိုသို့ ဗာလဘုရားသည် သူ၏ယဇ်ပလ္လင်ကို တစ်စုံတစ်ယောက် ဖြိုဖျက်သောကြောင့်၊ ထိုသူတစ်ဖက် မိမိအမှုကို မိမိစောင့်ပါလေစေဟု ဆိုလျက် သူ၏သားကို ထိုနေ့၌ ယေရုဗ္ဗာလအမည်ဖြင့် မှည့်သတည်း။
6:33 ထိုအခါ မိဒျန်ပြည်သား၊ အာမလက်ပြည်သား၊ အရှေ့ပြည်သားအပေါင်းတို့သည် စည်းဝေးသဖြင့်၊ ယေဇရေလချိုင့်သို့ ကူးသွား၍ တပ်ချကြ၏။
6:34 ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဂိဒေါင်အပေါ်မှာ သက်ရောက်၍၊ သူသည် တံပိုးမှုတ်သဖြင့် အဗျေဇာသားတို့သည် လိုက်ကြ၏။
6:35 တမန်တို့ကို မနာရှေခရိုင်တစ်လျှောက်လုံးသို့ စေလွှတ်၍၊ မနာရှေအမျိုးသားတို့သည် လိုက်ကြ၏။ တစ်ဖန် အာရှာခရိုင်၊ ဇာဗုလုန်ခရိုင်၊ နဿလိခရိုင်သို့ တမန်တို့ကို စေလွှတ်၍၊ ထိုခရိုင်သားတို့သည်လည်း စုဝေးရာသို့ လာကြ၏။
6:36 ဂိဒေါင်သည်လည်း ဘုရားသခင်အား၊ ကိုယ်တော်သည် မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးကို အကျွန်ုပ်အားဖြင့် ကယ်တင်တော်မူမည်မှန်လျှင်၊
6:37 အကျွန်ုပ်သည် သိုးတစ်ကောင်၏အမွေးကို တလင်း၌ ထားပါမည်။ သိုးမွေးသည် နှင်းစို၍၊ မြေတစ်ပြင်လုံး သွေ့ခြောက်လျှင်၊ မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးကို အကျွန်ုပ်အားဖြင့် ကယ်တင်တော်မူမည်ကို အကျွန်ုပ်သိပါမည်ဟု တောင်းလျှောက်သည်အတိုင်း ဖြစ်လေ၏။
6:38 နံနက်စောစောထ၍ သိုးမွေးကိုညှစ်သဖြင့် နှင်းရည်သည် အင်တုံအပြည့် ရှိလေ၏။
6:39 တစ်ဖန် ဂိဒေါင်က၊ အမျက်ထွက်တော်မမူပါနှင့်။ တစ်ကြိမ်သာလျှောက်ပါဦးမည်။ သိုးတစ်ကောင်၏အမွေးနှင့် ယခုတစ်ကြိမ်သာ စုံစမ်းရသော အခွင့်ကို ပေးတော်မူပါ။ မြေတစ်ပြင်လုံးသည် နှင်းစို၍ သိုးမွေးသွေ့ခြောက်ပါစေဟု ဘုရားသခင်အား တောင်းလျှောက်သည်အတိုင်း၊
6:40 ထိုည၌လည်း ဘုရားသခင်ပြုတော်မူသဖြင့်၊ မြေတစ်ပြင်လုံးသည် နှင်းစို၍ သိုးမွေးသွေ့ခြောက်လျက်ရှိ၏။