Judges 9
9:1 ယေရုဗ္ဗာလသား အဘိမလက်သည် ရှေခင်မြို့သို့သွား၍ ဦးရီးများ၊ အမိ၏အဆွေအမျိုးများအပေါင်းတို့နှင့် နှုတ်ဆက်လျက်၊
9:2 ယေရုဗ္ဗာလသားခုနစ်ဆယ်တို့သည် သင်တို့ကို အုပ်စိုးကောင်းသလော။ သားတစ်ယောက်တည်း အုပ်စိုးကောင်းသလော။ ငါသည် သင်တို့၏အရိုးအသားစစ်ဖြစ်ကြောင်းကို မမေ့ကြနှင့်ဟု ရှေခင်မြို့သားအပေါင်းတို့အား ပြောရမည်အကြောင်းကို တိုင်ပင်လေ၏။
9:3 ထိုစကားကို ဦးရီးတို့သည် ရှေခင်မြို့သားတို့အား အကုန်အစင်ပြန်ပြော၍၊ သူတို့က၊ အဘိမလက်သည် ငါတို့ညီအစ်ကိုဖြစ်သည်ဟု ဆိုလျက် သူ့နောက်သို့ လိုက်ချင်သောစိတ် နူးညွတ်သဖြင့်၊
9:4 ငွေခုနစ်ဆယ်ကို ဗာလဗေရိတ်အိမ်မှထုတ်၍ပေးလျှင်၊ အဘိမလက်သည် လျှပ်ပေါ်သောသူတို့ကို ထိုငွေနှင့်ငှား၍ အမှုကိုထမ်းစေ၏။
9:5 တစ်ဖန် ဩဖရမြို့၌ရှိသော မိမိအဘအိမ်သို့ သွား၍၊ မိမိညီအစ်ကို ယေရုဗ္ဗာလသား ခုနစ်ဆယ်တို့ကို ကျောက်တစ်ခုပေါ်မှာ သတ်လေ၏။ သို့ရာတွင်၊ ယေရုဗ္ဗာလသားအငယ်ဆုံး ယောသံသည် ပုန်းရှောင်၍နေသောကြောင့် ကျန်ရစ်သတည်း။
9:6 ရှေခင်မြို့သားအပေါင်းတို့နှင့် မိလ္လောအဆွေအမျိုး အပေါင်းတို့သည် ရှေခင်မြို့တွင်ရှိသော အထိမ်းအမှတ် သပိတ်ပင်အနားမှာစည်းဝေး၍ အဘိမလက်ကို ရှင်ဘုရင်အရာ၌ ခန့်ထားကြ၏။
9:7 ထိုအမှုကို ယောသံသည် ကြားသိသောအခါ၊ ဂေရဇိမ်တောင်သို့ သွား၍၊ တောင်ပေါ်မှာရပ်လျက် အသံကိုလွှင့်၍ ကြွေးကြော်လေသည်မှာ၊ အိုရှေခင်မြို့သားတို့၊ သင်တို့စကားကို ဘုရားသခင် နားထောင်တော်မူမည်အကြောင်း၊ ငါ့စကားကို နားထောင်ကြလော့။
9:8 သစ်ပင်တို့သည် မိမိတို့ကို အုပ်စိုးရသော ရှင်ဘုရင်ကို ခန့်ထားလျက် ဘိသိက်ပေးခြင်းငှာ ထွက်သွား၍၊ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု သံလွင်ပင်အား လျှောက်ကြလျှင်၊
9:9 သံလွင်ပင်က၊ ဘုရားအသရေ၊ လူအသရေကို ပြုစုစရာ ငါ့အဆီအပြားကို ငါသည်စွန့်၍ သစ်ပင်တို့အပေါ်မှာ လွှမ်းမိုးရမည်လောဟု ဆို၏။
9:10 တစ်ဖန် သင်္ဘောသဖန်းပင်အား၊ ကိုယ်တော်ကြွ၍ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု သစ်ပင်တို့သည် လျှောက်ကြလျှင်၊
9:11 သင်္ဘောသဖန်းပင်က၊ ငါ၌ ချိုသောအရသာနှင့် ကောင်းသောအသီးကို ငါသည်စွန့်၍ သစ်ပင်တို့အပေါ်မှာ လွှမ်းမိုးရမည်လောဟု ဆို၏။
9:12 တစ်ဖန် စပျစ်ပင်အား ကိုယ်တော်ကြွ၍ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု သစ်ပင်တို့သည် လျှောက်ကြလျှင်၊
9:13 စပျစ်ပင်က၊ ဘုရား၏စိတ်နှင့် လူ၏စိတ်ကို ရွှင်လန်းစေသော ငါ့စပျစ်ရည်ကို ငါသည်စွန့်၍ သစ်ပင်တို့အပေါ်မှာ လွှမ်းမိုးရမည်လောဟု ဆို၏။
9:14 တစ်ဖန် ဆူးလေပင်အား ကိုယ်တော်ကြွ၍ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု သစ်ပင်အပေါင်းတို့သည် လျှောက်ကြလျှင်၊
9:15 ဆူးလေပင်က၊ သင်တို့သည် ငါ့ကို သင်တို့၏ ရှင်ဘုရင်ဖြစ်စေခြင်းငှာ ခန့်ထား၍ ဧကန်အမှန် ဘိသိက်ပေးလိုလျှင်၊ လာကြ၊ ငါ့အရိပ်ကို ခိုလှုံကြ။ သို့မဟုတ် ဆူးလေပင်ထဲက မီးထွက်၍ လေဗနုန်အာရစ်ပင်တို့ကို လောင်လိမ့်မည်ဟု သစ်ပင်တို့အား ပြန်ပြော၏။
9:16 ယခုမှာ သင်တို့သည် အဘိမလက်ကို ရှင်ဘုရင်အရာ၌ ခန့်ထားသောအားဖြင့် သစ္စာတရားကိုစောင့်၍၊ ယေရုဗ္ဗာလနှင့် သူ၏အမျိုးအနွယ်အား ကောင်းမွန်စွာပြုကြပြီလော။ ယေရုဗ္ဗာလသည် ကျေးဇူးပြု၍ ခံထိုက်သည်အတိုင်း သူ့အား ကျေးဇူးဆပ်ကြပြီလော။
9:17 ငါ့အဘသည် သင်တို့အဖို့ စစ်တိုက်၍ ကိုယ်အသက်ကိုစွန့်စားလျက်၊ သင်တို့ကို မိဒျန်အမျိုးလက်မှ ကယ်နုတ်လေပြီ။
9:18 သင်တို့သည် ငါ့အဘ၏အဆွေအမျိုးတစ်ဖက်၌ ယနေ့ထ၍ သူ၏သားခုနစ်ဆယ်တို့ကို ကျောက်တစ်ခုပေါ်မှာ သတ်ပြီးလျှင်၊ သူ၏ကျွန်မတွင် မြင်သောသား အဘိမလက်သည် သင်တို့ညီအစ်ကိုဖြစ်သောကြောင့်၊ သူ့ကို ရှေခင်မြို့သားတို့၏ ရှင်ဘုရင်ခန့်ထားကြပြီတကား။
9:19 ယခုမှာ သင်တို့သည် ယေရုဗ္ဗာလနှင့် သူ၏အမျိုးအနွယ်အား သစ္စာတရားအတိုင်း ယနေ့ပြုပြီးလျှင်၊ အဘိမလက်ကို အမှီပြု၍ ဝမ်းမြောက်ကြလော့။ အဘိမလက်သည်လည်း သင်တို့ကို အမှီပြု၍ ဝမ်းမြောက်ပါစေ။
9:20 သို့မဟုတ်လျှင် အဘိမလက်ထဲက မီးထွက်၍၊ ရှေခင်မြို့သားနှင့် မိလ္လောအဆွေအမျိုးကိုလောင်ပါစေ။ ရှေခင်မြို့သားနှင့် မိလ္လောအဆွေအမျိုးထဲက မီးထွက်၍ အဘိမလက်ကို လောင်ပါစေဟု ကြွေးကြော်ပြီးမှ၊
9:21 အလျင်အမြန်ပြေး၍ အစ်ကိုအဘိမလက်ကို ကြောက်သောကြောင့် ဗေရမြို့သို့ သွား၍နေလေ၏။
9:22 အဘိမလက်သည် ဣသရေလအမျိုးကိုအုပ်စိုး၍ သုံးနှစ်စေ့သောအခါ၊
9:23 ဘုရားသခင်သည် အဘိမလက်နှင့် ရှေခင်မြို့သားစပ်ကြားမှာ ဆိုးသောဝိညာဉ်ကို စေလွှတ်တော်မူ၍၊ ရှေခင်မြို့သားတို့သည် အဘိမလက်၏သစ္စာကိုဖျက်ကြ၏။
9:24 အကြောင်းမူကား၊ ယေရုဗ္ဗာလ၏သားခုနစ်ဆယ်တို့၌ ကြမ်းတမ်းစွာပြု၍ သတ်မိသောအပြစ်သည် သူတို့ကိုသတ်သော သူတို့ညီအစ်ကို အဘိမလက်အပေါ်သို့လည်းကောင်း၊ ညီအစ်ကိုများကို သတ်သောအမှု၌ ဝိုင်း၍လက်ခံသော ရှေခင်မြို့သားတို့အပေါ်သို့လည်းကောင်း ရောက်ရမည်အကြောင်းတည်း။
9:25 ရှေခင်မြို့သားတို့သည် အဘိမလက်ကို ချောင်းမြောင်းစေခြင်းငှာ၊ လူတို့ကို တောင်ထိပ်ပေါ်မှာထား၍ ထိုသူတို့သည် ခရီးသွားသောသူအပေါင်းတို့၏ ဥစ္စာကို လုယူကြ၏။ ထိုသတင်းကိုလည်း၊ အဘိမလက်သည် ကြား၏။
9:26 ဧဗက်၏သားဂါလသည် မိမိညီအစ်ကိုတို့နှင့်အတူ ရှေခင်မြို့ဘက်သို့ဝင်၍ ရှေခင်မြို့သားတို့သည် သူ့ကိုကိုးစားကြ၏။
9:27 ဥယျာဉ်၌လည်လျက် စပျစ်သီးကို သိမ်းယူလျက် ပျော်မွေ့ခြင်းကိုပြုသဖြင့်၊ မိမိတို့ ဘုရား၏ကျောင်းသို့သွား၍ အဘိမလက်ကို ကျိန်ဆဲကြ၏။
9:28 ဧဗက်၏သား ဂါလကလည်း၊ ငါတို့သည် အဘိမလက်အမှုကို စောင့်ရမည်အကြောင်း၊ အဘိမလက်ကား အဘယ်သူနည်း၊ ရှေခင်ကား အဘယ်သူနည်း။ အဘိမလက်သည် ယေရုဗ္ဗာလသား မဟုတ်လော။ ဇေဗုလသည် သူ၏အမှုထမ်းမဟုတ်လော။ ရှေခင်အဘ ဟာမော်လူတို့၏အမှုကို ထမ်းကြလော့။ အဘိမလက်အမှုကို အဘယ်ကြောင့် ထမ်းရမည်နည်း။
9:29 ဤလူတို့သည် ငါ့လက်သို့ ရောက်ပါစေသော။ သို့ဖြစ်လျှင် အဘိမလက်ကို ငါပယ်မည်ဟူ၍လည်းကောင်း၊ အဘိမလက်အား သင်၏ဗိုလ်ခြေတို့ကို ပြင်ဆင်၍ လာတော့ဟူ၍လည်းကောင်း ဆို၏။
9:30 ဧဗက်၏သား ဂါလစကားကို မြို့အုပ်ဇေဗုလကြားသောအခါ အမျက်ထွက်၍
9:31 ပရိယာယ်အားဖြင့် အဘိမလက်ထံသို့ စေလွှတ်လျက်၊ ဧဗက်၏သားဂါလသည် မိမိညီအစ်ကိုတို့နှင့်အတူ ရှေခင်မြို့သို့လာ၍ ကိုယ်တော်တစ်ဖက်၌ မြို့ကိုပြင်ဆင်ကြပါ၏။
9:32 သို့ဖြစ်၍ ညအခါ ကိုယ်တော်သည် ပါသောသူတို့နှင့်တကွထ၍၊ တော၌ ချောင်းမြောင်းလျက် နေတော်မူပါ။
9:33 နံနက်စောစော နေထွက်စကထ၍ မြို့ကိုတိုက်တော်မူပါ။ ဂါလသည် သူ၌ပါသော လူတို့နှင့်တကွ ဆီး၍ကြိုသောအခါ၊ အဆင်သင့်သည်အတိုင်းပြုတော်မူပါဟု ကြားလျှောက်လေ။
9:34 အဘိမလက်သည် သူ၌ပါသမျှသော လူတို့နှင့်တကွ ညအခါထ၍ တပ်လေးတပ်ခွဲပြီးလျှင်၊ ရှေခင်မြို့ကို ချောင်းမြောင်းလျက်နေကြ၏။
9:35 ဧဗက်၏သားဂါလသည် ထွက်၍ မြို့တံခါးဝ၌ရပ်လျှင်၊ အဘိမလက်သည် မိမိ၌ပါသော သူတို့နှင့်တကွ ချောင်းမြောင်းရာမှထကြ၏။
9:36 ဂါလသည် ထိုလူတို့ကို မြင်လျှင်၊ တောင်ပေါ်မှ လူများဆင်းလာကြသည်ဟု ဇေဗုလအားဆိုသော်၊ ဇေဗုလက တောင်အရိပ်သည် လူကဲ့သို့ ထင်သည်ဟု ပြန်ပြော၏။
9:37 တစ်ဖန် ဂါလက၊ ကြည့်ပါ။ လူအချို့တို့သည် တောင်ရိုးပေါ်မှ ဆင်းလာကြ၏။ အချို့တို့သည် မောနေနိမ် သပိတ်တောလမ်းဖြင့်လာကြ၏ဟု ပြောဆိုလျှင်၊
9:38 ဇေဗုလက၊ ငါတို့သည် အဘိမလက်အမှုကို ထမ်းရမည်အကြောင်း၊ အဘိမလက်သည် အဘယ်သူနည်းဟု သင်ဆိုသောနှုတ်သည် ယခုအဘယ်မှာ ရှိသနည်း။ ထိုလူတို့သည် သင်မထီမဲ့မြင်ပြုသော သူမဟုတ်လော။ ထွက်၍ သူတို့ကို စစ်တိုက်ပါလော့ဟု ဆိုသော်၊
9:39 ဂါလသည် ရှေခင်မြို့သားတို့ရှေ့မှာ ထွက်၍ အဘိမလက်ကို တိုက်လေ၏။
9:40 အဘိမလက်လိုက်၍ ဂါလပြေးသဖြင့် များသောသူတို့သည် မြို့တံခါးဝတိုင်အောင် အထိအခိုက်ခံလျက် လဲ၍သေကြ၏။
9:41 အဘိမလက်သည် အရုမမြို့မှာနေ၍ ဇေဗုလသည် ဂါလနှင့် သူ၏ညီအစ်ကိုတို့ကို ရှေခင်မြို့၌ မနေစေခြင်းငှာ နှင်ထုတ်လေ၏။
9:42 နက်ဖြန်နေ့၌ လူများတို့သည် မြို့ပြင်သို့ ထွက်မည်အကြောင်းကို အဘိမလက်သည် ကြားလျှင်၊
9:43 မိမိလူတို့ကို သုံးစုခွဲ၍ တော၌ ချောင်းမြောင်းလျက် နေသဖြင့်၊ မြို့သားတို့သည် ထွက်လာကြသောအခါ ထ၍လုပ်ကြံလေ၏။
9:44 အဘိမလက်သည် မိမိလူတစ်စုနှင့် မြို့တံခါးဝသို့ ပြေးတက်၍ စောင့်နေ၏။ အခြားသော လူနှစ်စုတို့သည် တော၌ရှိသော လူတို့ဆီသို့ပြေး၍ သတ်ကြ၏။
9:45 အဘိမလက်သည် တစ်နေ့လုံးမြို့ကို တိုက်၍ရသောအခါ၊ မြို့၌တွေ့သောသူတို့ကို သတ်ပြီးလျှင် မြို့ရိုးကိုဖြိုဖျက်၍ မြို့ရာကို ဆားနှင့် ကြဲဖြန့်လေ၏။
9:46 ထိုသတင်းကို ရှေခင်ရဲတိုက်သားအပေါင်းတို့သည် ကြားလျှင်၊ ဗေရိတ်ဘုရား၏ကျောင်း၌ ခိုင်ခံ့သော အခန်းထဲမှာ စုဝေးကြ၏။
9:47 ရှေခင်ရဲတိုက်သားအပေါင်းတို့သည် စုဝေးကြောင်းကို အဘိမလက်သည် ကြားလတ်သော်၊
9:48 ကိုယ်တိုင်မှစ၍ ပါသောသူအပေါင်းတို့သည် ဇလမုန်တောင်သို့ သွားပြီးလျှင်၊ အဘိမလက်သည် ပုဆိန်နှင့် သစ်ခက်ကိုခုတ်၍ မိမိပုခုံးပေါ်မှာ တင်ထမ်းလျက်၊ ငါပြုသည်ကို သင်တို့ မြင်သည်အတိုင်း အလျင်အမြန်ပြုကြလော့ဟု လိုက်သောသူတို့အားဆိုလျှင်၊
9:49 သူ၏လူအပေါင်းတို့သည် ထိုအတူ အသီးအသီးသစ်ခက်တို့ကို ခုတ်၍ အဘိမလက်နောက်သို့ လိုက်လျက် ခိုင်ခံ့သောအခန်းကို မီးရှို့ကြ၏။ ထိုသို့ ရှေခင်ရဲတိုက်သားအပေါင်းတို့နှင့်အတူ တစ်ထောင်သော ယောက်ျားမိန်းမတို့သည် သေကြကုန်၏။
9:50 ထိုနောက်မှ အဘိမလက်သည် သေဗက်မြို့သို့သွား၍ တပ်ချပြီးလျှင် တိုက်ယူလေ၏။
9:51 သို့ရာတွင် မြို့ထဲမှာ ခိုင်ခံ့သော ရဲတိုက်တစ်ခုရှိ၍၊ မြို့သား ယောက်ျားမိန်းမအပေါင်းတို့သည် ထိုရဲတိုက်ထဲသို့ ပြေးဝင်ကြ၏။ တံခါးကိုလည်း ပိတ်ထား၍ ရဲတိုက်အပေါ်သို့ တက်ကြ၏။
9:52 အဘိမလက်သည် ရဲတိုက်ကို လာ၍တိုက်လျက်၊ ရဲတိုက်တံခါးကို မီးရှို့ခြင်းငှာ ချဉ်းကပ်သောအခါ၊
9:53 မိန်းမတစ်ယောက်သည် ကြိတ်ဆုံကျောက်တစ်ဖဲ့ကို အဘိမလက်ခေါင်းပေါ်သို့ ပစ်ချ၍ ဦးခေါင်းခွံပေါက်ကွဲလေ၏။
9:54 သူသည် လက်နက်ကိုင်လုလင်ကို အလျင်အမြန်ခေါ်၍ မိန်းမသည် အဘိမလက်ကို သတ်သည်ဟု ပြောစရာမရှိစေခြင်းငှာ၊ သင့်ဓားကိုထုတ်၍ ငါ့ကိုသတ်လော့ဟု ဆိုသည်အတိုင်း၊ လုလင်သည်ထိုး၍ အဘိမလက် သေလေ၏။
9:55 အဘိမလက်သေကြောင်းကို ဣသရေလလူတို့သည် သိမြင်လျှင်၊ အသီးအသီး မိမိတို့နေရာသို့ ပြန်သွားကြ၏။
9:56 ထိုသို့ အဘိမလက်သည် မိမိညီအစ်ကိုခုနစ်ဆယ်တို့ကို သတ်၍ ပြုမိသော ဒုစရိုက်အပြစ်ကို ဘုရားသခင် ဆပ်ပေးတော်မူ၏။
9:57 ရှေခင်မြို့သားပြုသော ဒုစရိုက်အပြစ်ကိုလည်း သူတို့ခေါင်းပေါ်သို့ ဘုရားသခင် ရောက်စေတော်မူသဖြင့်၊ ယေရုဗ္ဗာလသား ယောသံကျိန်သော စကားအတိုင်း သူတို့သည် ခံရကြ၏။