Judges 10
10:1 အဘိမလက်လက်ထက်နောက်မှ၊ ဣသရေလအမျိုးကို ကယ်တင်သောသူ ဣသခါအမျိုး၊ ဒေါဒေါသားဖုဝါ၏သား တောလသည် ပေါ်ထွန်း၍၊ ဧဖရိမ်တောင်ပေါ်၊ ရှမိရမြို့မှာ နေလေ၏။
10:2 ထိုသူသည် ဣသရေလအမျိုးကို အနှစ်နှစ်ဆယ်သုံးနှစ်ပတ်လုံး အုပ်စိုးပြီးမှ သေ၍၊ ရှိမရမြို့မှာ သင်္ဂြိုဟ်လေ၏။
10:3 ထိုသူလက်ထက်နောက်မှ၊ ဂိလဒ်ပြည်သား ယာဣရသည် ပေါ်ထွန်း၍၊ ဣသရေလအမျိုးကို အနှစ်နှစ်ဆယ်နှစ်နှစ်ပတ်လုံး အုပ်စိုး၏။
10:4 ထိုမင်း၌ကား သားသုံးဆယ်ရှိ၍၊ သူတို့သည် မြည်းသငယ်သုံးဆယ်တို့ကို စီးလျက် ဂိလဒ်ပြည်၌ ယာဝုတ်ယာဣရအမည်ဖြင့် ယနေ့တိုင်အောင် ခေါ်ဝေါ်သော မြို့သုံးဆယ်တို့ကို ကံကျွေးပြုကြ၏။
10:5 ယာဣရသေ၍ ကာမုန်မြို့မှာ သင်္ဂြိုဟ်လေ၏။
10:6 တစ်ဖန် ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ဗာလဘုရား၊ အာရှတရက်ဘုရား၊ ရှုရိဘုရား၊ ဇိဒုန်ဘုရား၊ မောဘဘုရား၊ အမ္မုန်ဘုရား၊ ဖိလိတ္တိဘုရားတို့ကို ဝတ်ပြု၍ ထာဝရဘုရားကို ဝတ်မပြု စွန့်ထားကြ၏။
10:7 ထာဝရဘုရားသည် ဣသရေလအမျိုးကို အမျက်ထွက်၍ ဖိလိတ္တိလူတို့၌လည်းကောင်း၊ အမ္မုန်အမျိုးသားတို့၌လည်းကောင်း၊ ရောင်းတော်မူသဖြင့်၊
10:8 ယော်ဒန်မြစ်တစ်ဖက် အာမောရိလူနေရာ ဂိလဒ်ပြည်၌နေသော ဣသရေလ အမျိုးသားအပေါင်းတို့ကို ထိုနှစ်မှစ၍ တစ်ဆယ်ရှစ်နှစ်ပတ်လုံး ညှဉ်းဆဲကြ၏။
10:9 အမ္မုန်အမျိုးသားတို့သည်လည်း၊ ယော်ဒန်မြစ်ကိုကူး၍ ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုး၊ ဧဖရိမ်အမျိုးသားတို့ကို တိုက်သဖြင့်၊ ဣသရေလအမျိုးသားတို့သည် ကြီးစွာသော ဆင်းရဲခြင်းသို့ ရောက်ကြ၏။
10:10 ထိုအခါ ဣသရေလအမျိုးသားတို့က၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို ပြစ်မှားပါပြီ။ အကျွန်ုပ်တို့၏ ဘုရားသခင်ကို စွန့်၍၊ ဗာလဘုရားတို့ကို ဝတ်ပြုမိပါပြီဟု ထာဝရဘုရားအား ဟစ်ကြော်ကြ၏။
10:11 ထာဝရဘုရားကလည်း၊ ငါသည် သင်တို့ကို အဲဂုတ္တုလူ၊ အာမောရိလူ၊ အမ္မုန်လူ၊ ဖိလိတ္တိလူတို့လက်မှ ကယ်နုတ်သည် မဟုတ်လော။
10:12 ဇိဒုန်လူ၊ အာမလက်လူ၊ မောနိလူတို့ ညှဉ်းဆဲသောအခါ၌လည်း၊ သင်တို့သည် ငါ့ကိုဟစ်ကြော်၍၊ သူတို့လက်မှ ငါကယ်နုတ်၏။
10:13 သို့သော်လည်း သင်တို့သည် ငါ့ကိုစွန့်၍ အခြားတစ်ပါးသော ဘုရားတို့ကို ဝတ်ပြုသောကြောင့်၊ နောက်တစ်ဖန် ငါမကယ်နုတ်။
10:14 သင်တို့ ရွေးယူသောဘုရားတို့ကို သွား၍ ဟစ်ကြော်ကြလော့။ အမှုရောက်သော ယခုကာလ၌ သူတို့သည် ကယ်နုတ်ကြစေဟု ဣသရေလအမျိုးသားတို့အား မိန့်တော်မူ၏။
10:15 ဣသရေလအမျိုးသားတို့ကလည်း၊ အကျွန်ုပ်တို့သည် ပြစ်မှားပါပြီ။ စိတ်တော်ရှိသည်အတိုင်း အကျွန်ုပ်တို့၌ ပြုတော်မူပါ။ ယခု တစ်ကြိမ်သာကယ်နုတ်တော်မူမည်အကြောင်း အကျွန်ုပ်တို့တောင်းပန်ပါ၏ဟု ထာဝရဘုရားအားတောင်းလျှောက်လျက်၊
10:16 တစ်ပါးအမျိုးသားကိုးကွယ်သော ဘုရားတို့ကိုပယ်၍ ထာဝရဘုရားကို ဝတ်ပြုကြ၏။ ထိုအခါ ထာဝရဘုရားသည် ဣသရေလအမျိုးခံရသော ဒုက္ခဆင်းရဲကြောင့် နာကျင်သောစိတ်နှလုံးရှိတော်မူ၏။
10:17 အမ္မုန်အမျိုးသားတို့သည် စည်းဝေး၍ ဂိလဒ်ပြည်၌ တပ်ချကြ၏။ ဣသရေလ အမျိုးသားတို့သည် စည်းဝေး၍ မိဇပါမြို့မှာ တပ်ချကြ၏။
10:18 ဂိလဒ်ပြည်သား မင်းများတို့က၊ အကြင်သူသည် အမ္မုန်အမျိုးသားတို့ကို အဦးတိုက်၏။ ထိုသူသည် ဂိလဒ်ပြည်သားအပေါင်းတို့၏အထွဋ်ဖြစ်စေဟု တိုင်ပင်စီရင်ကြ၏။