Ruth 1
1:1 တရားသူကြီးအုပ်စိုးသော ကာလ၊ တစ်ရံရောအခါ ဣသရေလပြည်၌ အစာအာဟာရခေါင်းပါး၍ ယုဒပြည် ဗက်လင်မြို့သား တစ်ယောက်သည်၊ မယားနှင့် သားနှစ်ယောက်ပါလျက် မောဘပြည်၌ တည်းခိုခြင်းငှာ သွား၏။
1:2 ထိုသူ၏အမည်ကား ဧလိမလက်။ မယားအမည်ကားနောမိ။ သားနှစ်ယောက်အမည်ကား မဟာလုန်နှင့် ခိလျုန်တည်း။ သူတို့သည်ယုဒပြည်၊ ဗက်လင်မြို့၊ ဧဖရတ်အရပ်သားဖြစ်လျက်၊ မောဘပြည်သို့သွား၍ နေကြ၏။
1:3 နောမိ၏ခင်ပွန်း ဧလိမလက်သည် သေ၍ မယားနှင့်သားနှစ်ယောက်တို့သည် ကျန်ရစ်ကြ၏။
1:4 သားတို့သည် မောဘပြည်သူ ဩရပနှင့်ရုသအမည်ရှိသော မိန်းမနှစ်ယောက်တို့နှင့် စုံဖက်ခြင်းကိုပြု၍၊ ထိုပြည်မှာ ဆယ်နှစ်ခန့်မျှနေပြီးမှ၊
1:5 ထိုသားနှစ်ယောက် မဟာလုန်နှင့်ခိလျုန်တို့သည် သေ၍ နောမိသည်သားမရှိ၊ ခင်ပွန်းလည်းမရှိ ကျန်ရစ်လေ၏။
1:6 တစ်ဖန် ထာဝရဘုရားသည် မိမိလူတို့ကို အကြည့်အရှုကြွ၍ မုန့်ကိုပေးသနားတော်မူကြောင်းကို ထိုမိန်းမသည် မောဘပြည်၌ကြားသောအခါ၊ မောဘပြည်မှ ပြန်သွားမည်ဟု ချွေးမနှစ်ယောက်နှင့်အတူထ၍၊
1:7 တည်းခိုရာအရပ်က ထွက်ပြီးလျှင် ယုဒပြည်သို့ရောက်လိုသောငှာ သွားကြ၏။
1:8 သို့ရာတွင် ချွေးမနှစ်ယောက်တို့အား၊ သင်တို့သည် ကိုယ်အမိအိမ်သို့ ပြန်သွားကြလော့။ သေလွန်သောသူ၌လည်းကောင်း၊ ငါ၌လည်းကောင်း၊ ကျေးဇူးပြုသည်နှင့်အညီ၊ ထာဝရဘုရားသည် သင်တို့၌ ကျေးဇူးပြုတော်မူပါစေသော။
1:9 သင်တို့နှစ်ယောက်သည် နောက်ရသောလင်အိမ်၌ ချမ်းသာစွာနေရမည်အကြောင်း ထာဝရဘုရား ကယ်မသနားတော်မူပါစေသောဟု ဆိုလျက် သူတို့ကို နမ်းလေ၏။ သူတို့သည်လည်း၊ အသံကိုလွှင့်၍ ငိုကြွေးလျက်၊
1:10 အကယ်စင်စစ် အကျွန်ုပ်တို့သည် ကိုယ်တော်နှင့်အတူ၊ ကိုယ်တော်၏ အမျိုးထံသို့ လိုက်သွားပါမည်ဟု ဆိုကြ၏။
1:11 နောမိကလည်း၊ ငါ့သမီးတို့ ပြန်သွားကြလော့။ ငါနှင့်အတူ အဘယ်ကြောင့် လိုက်ရမည်နည်း။ သင်တို့လင်ရှာဖို့ ငါ၏ဝမ်း၌ သားရှိသေးသလော။
1:12 ငါ့သမီးတို့ ပြန်သွားကြလော့။ ငါသည်အသက်အရွယ်လွန်၍ လင်နှင့်မနေသင့်။ သို့မဟုတ် မျှော်လင့်စရာရှိသေးသည်ဟု ငါဆိုလျှင်လည်းကောင်း၊ ယနေ့ညမှာ လင်နေလျှင်လည်းကောင်း၊ သားတို့ကိုလည်း ဖွားမြင်လျှင်လည်းကောင်း၊
1:13 ထိုသားတို့သည် ကြီးပွားသည်တိုင်အောင် ငံ့နေလိမ့်မည်လော။ လင်မနေဘဲ သူတို့ကို မျှော်လင့်လိမ့်မည်လော။ ငါ့သမီးတို့ ထိုသို့မဖြစ်ရ။ ထာဝရဘုရား လက်တော်သည် ငါ၌ကန့်လန့်ရှိသည်ကို သင်တို့အတွက် ငါအလွန်ကြင်နာသော စိတ်ရှိသည်ဟု ဆိုလေသော်၊
1:14 သူတို့သည် တစ်ဖန် အသံကိုလွှင့်၍ ငိုကြွေးကြ၏။ ထိုအခါဩရပသည် ယောက္ခမကိုနမ်း၍ မိမိအမျိုးသားတို့ထံ ပြန်သွား၏။ ရုသမူကား၊ ယောက္ခမ၌ မှီဝဲဆည်းကပ်လျက် နေသေး၏။
1:15 နောမိကလည်း၊ သင့်အစ်မသည် အမျိုးသားရင်း ဘုရားရင်းတို့ထံသို့ ပြန်သွားပြီ။ အစ်မနောက်သို့ လိုက်သွားပါဟုဆိုသော်၊
1:16 ရုသက၊ ကျွန်မသည် ကိုယ်တော်ကို မစွန့်ပါရစေနှင့်။ နောက်တော်သို့မလိုက်ဘဲ ပြန်သွားစေခြင်းငှာ မပြုပါနှင့်။ ကိုယ်တော်သွားလေရာရာသို့ ကျွန်မလိုက်ပါမည်။ ကိုယ်တော်အိပ်လေရာရာ၌ ကျွန်မအိပ်ပါမည်။ ကိုယ်တော်အမျိုးသည် ကျွန်မအမျိုး၊ ကိုယ်တော်ဘုရားသည် ကျွန်မဘုရား ဖြစ်ပါစေ။
1:17 ကိုယ်တော်သေရာအရပ်၌ ကျွန်မသေ၍ သင်္ဂြိုဟ်ခံပါမည်။ သေခြင်းမှတစ်ပါး၊ အခြားသောအမှုကြောင့် ကိုယ်တော်နှင့်ကျွန်မ ကွာလျှင်၊ ထာဝရဘုရားသည် ကျွန်မ၌ ထိုမျှမက ပြုတော်မူပါစေသောဟု ပြန်ဆို၏။
1:18 ရုသသည် လိုက်ခြင်းငှာ ခိုင်ခံ့သောစိတ်ရှိသည်ကို နောမိသည်သိမြင်သော် တိတ်ဆိတ်စွာနေလေ၏။
1:19 ထိုသူနှစ်ယောက်တို့သည် ခရီးသွား၍ ဗက်လင်မြို့သို့ ရောက်သောအခါ၊ တစ်မြို့လုံး အုတ်အုတ်ကျက်ကျက်ဖြစ်၍၊ ဤသူကား နောမိဟုတ်သလောဟု မေးကြ၏။
1:20 သူကလည်း နောမိဟူ၍ မခေါ်ပါနှင့်။ မာရဟူ၍ ခေါ်ပါ။ အနန္တတန်ခိုးရှင်သည် ငါ့အား အလွန်ခါးသောအရာကို ပေးတော်မူပြီ။
1:21 ငါသည် ကြွယ်ဝပြည့်စုံလျက် ထွက်သွား၏။ ယခုမူကား ဆင်းရဲလျက် တစ်ကိုယ်တည်းရှိမှ၊ ထာဝရဘုရားသည် ငါ့ကိုပို့ပြန်တော်မူပြီ။ ထာဝရဘုရားသည် ငါ့ကိုနှိမ့်ချ၍ အနန္တတန်ခိုးရှင်သည် ငါ့ကိုဆင်းရဲစေတော်မူသည် ဖြစ်၍၊ နောမိအမည်ဖြင့် အဘယ်ကြောင့် ငါ့ကိုခေါ်ကြသနည်းဟု ပြန်ပြော၏။
1:22 ထိုသို့မောဘပြည်မှ လိုက်လာသော မောဘပြည်သူ ချွေးမရုသနှင့်အတူ နောမိသည်ပြန်လာ၍၊ မုယောစပါးကို ရိတ်စကာလ၌ ဗက်လင်မြို့သို့ရောက်ကြ၏။