Ruth 2
2:1 နောမိ၏လင် ဧလိမလက်၏ အဆွေအမျိုးတွင် အလွန်ရတတ်သော ပေါက်ဖော်တစ်ယောက် ရှိ၏။ သူ၏အမည်ကား ဗောဇတည်း။
2:2 မောဘပြည်သူရုသက၊ ကျွန်မသည် လယ်ပြင်သို့သွား၍ စိတ်နှင့်တွေ့သောသူနောက်မှာ စပါးကျန်ကို ကောက်ပါရစေဟု နောမိ၌အခွင့်ပန်လျှင်၊ နောမိက၊ သွားတော့ငါ့သမီးဟု ဆို၏။
2:3 ရုသသည်သွား၍ စပါးရိတ်သောသူတို့နောက်မှာ၊ စပါးကျန်ကို ကောက်သည်တွင်၊ ဧလိမလက်၏အဆွေအမျိုး ဗောဇပိုင်သောလယ်၌ အမှတ်တမဲ့ နေရာကျ၏။
2:4 ထိုအခါဗောဇသည် ဗက်လင်မြို့ကလာ၍၊ ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိတော်မူပါစေသောဟု ရိတ်သောသူတို့အား ဆိုလျှင်၊ သူတို့က၊ ကိုယ်တော်ကို ထာဝရဘုရားကောင်းချီးပေးတော်မူပါစေသောဟု ပြန်ပြောကြ၏။
2:5 ဗောဇကလည်း၊ ထိုမိန်းမငယ်သည် အဘယ်သူနှင့် ဆိုင်သနည်းဟု လယ်ခေါင်းအားမေးသော်၊
2:6 လယ်ခေါင်းက၊ မောဘပြည်မှ နောမိနှင့်အတူလိုက်လာသော မောဘအမျိုးသမီး ဖြစ်ပါ၏။
2:7 သူကလည်း၊ ကျွန်မသည် စပါးရိတ်သောသူတို့နောက်၌ ကောက်လှိုင်းစုထဲမှာ ကျန်သောစပါးကို ကောက်သိမ်းပါရစေဟု အခွင့်တောင်းလျက်ဝင်သဖြင့်၊ နံနက်မှစ၍ ယခုခဏ တဲ၌နေသောအချိန်တိုင်အောင် လုပ်နေပါပြီဟု ပြောဆိုလျှင်၊
2:8 ဗောဇသည် ရုသကိုခေါ်၍၊ နားထောင်ပါ၊ ငါ့သမီး။ အခြားသောလယ်သို့သွား၍ စပါးကျန်ကို မကောက်နှင့်။ ဤအရပ်ကမထွက်ဘဲ၊ ငါ့ကျွန်မတို့၌ မှီဝဲလျက်နေတော့။
2:9 သူတို့ရိတ်သော လယ်ကွက်ကိုကြည့်မှတ်၍ သူတို့နောက်၌ လိုက်လော့။ လုလင်တို့သည် သင့်ကို မနှောင့်ယှက်ရမည်အကြောင်း ငါမှာထားပြီ။ ရေငတ်သောအခါ၊ အိုးထားရာသို့သွား၍ လုလင်ခပ်သောရေကို သောက်တော့ဟု ဆိုလေသော်၊
2:10 ရုသသည် မြေပေါ်မှာ ဦးချပျပ်ဝပ်လျက်၊ ကျွန်မသည် တစ်ပါးအမျိုးသားဖြစ်၍ ကိုယ်တော်သည် ကျွန်မကို သိမှတ်မည်အကြောင်း၊ အဘယ်သို့ စိတ်တော်နှင့်တွေ့ရပါသနည်းဟု လျှောက်လေ၏။
2:11 ဗောဇကလည်း၊ သင်၏လင် သေသောနောက်၊ သင်သည် ယောက္ခမအားပြုစုသမျှကိုလည်းကောင်း၊ သင်သည် မိဘနှင့် မွေးဖွားရာဌာနပြည်ကိုစွန့်၍ အထက်က မသိဖူးသောပြည်သို့ လာကြောင်းကိုလည်းကောင်း၊ ငါ့အား သေချာစွာပြောကြပြီ။
2:12 သင့်အမှု၏အကျိုးကို ထာဝရဘုရား ပေးတော်မူပါစေသော။ သင်သည် အတောင်တော်အောက်၌ ခိုလှုံခြင်းငှာ ချဉ်းကပ်သော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် စုံလင်သောဆုကို ချတော်မူပါစေသောဟု ဆိုသော်၊
2:13 ရုသကလည်း သခင် ကျွန်မသည် ရှေ့တော်၌မျက်နှာရပါစေ။ ကျွန်မသည် ကိုယ်တော်ကျွန်မတို့နှင့် မတူသော်လည်း၊ ကိုယ်တော်သည် လောကဝတ်စကားကိုပြော၍ ကျွန်မကိုနှစ်သိမ့်စေပါပြီဟု လျှောက်လေ၏။
2:14 ဗောဇကလည်း၊ စားသောက်သောအချိန် ရှိပြီ။ လာ၍ မုန့်ကိုစားလော့။ ပုံးရည်၌ စားစရာကို နှစ်လော့ဟု ခေါ်ဆိုသည်အတိုင်း၊ ရုသသည် စပါးရိတ်သောသူတို့နှင့်အတူ ထိုင်လျှင်၊ ဗောဇသည် ပေါက်ပေါက်ကိုလှမ်း၍ ပေးသဖြင့်၊ သူသည် ဝစွာစားပြီးမှ ချန်ထားသေး၏။
2:15 စပါးကျန်ကိုကောက်ခြင်းငှာ ထသွားသောအခါ၊ ဗောဇသည် လုလင်တို့အား၊ ထိုမိန်းမသည် ကောက်လှိုင်းစုထဲမှာ ကျန်သောစပါးကို ကောက်သိမ်းပါစေ၊ အရှက်မခွဲကြနှင့်။
2:16 ရိတ်ပြီးသောစပါးအချို့ကိုလည်း သူအဖို့ချထားလော့။ ကောက်ယူပါစေ။ အပြစ်မတင်ကြနှင့်ဟု မှာထား၏။
2:17 ရုသသည် ထိုလယ်၌ ညဥ့်ဦးတိုင်အောင် စပါးကျန်ကိုကောက်၍ ရသောစပါးကိုနယ်ပြီးလျှင် မုယောဆန်တစ်ဧဖာခန့်မျှ ရှိ၏။
2:18 ထိုဆန်ကိုယူ၍ မြို့ထဲသို့ဝင်သဖြင့်၊ ကောက်၍ရသောဆန်ကိုလည်း ယောက္ခမအားပြ၏။ ဝစွာစားပြီးမှ ချန်ထားသောအရာကိုလည်း ထုတ်၍ပေးသေး၏။
2:19 ယောက္ခမကလည်း၊ ယနေ့ အဘယ်မှာစပါးကျန်ကိုကောက်သနည်း။ အဘယ်မှာလုပ်သနည်း။ သင်သိမှတ်သောသူသည် မင်္ဂလာရှိပါစေသောဟုမြွက်ဆိုလျှင်၊ ရုသက ယနေ့ ကျွန်မလုပ်သောသူ၏အမည်ကား၊ ဗောဇဖြစ်ပါသည်ဟု ယောက္ခမအား ကြားပြောသော်။
2:20 ယောက္ခမက၊ အသက်ရှင်သောသူ၊ သေသောသူတို့၌ ကျေးဇူးမပြတ် ပြုတော်မူသေးသော ထာဝရဘုရားသည် သူ့ကို ကောင်ချီးပေးတော်မူပါစေသော ဟူ၍လည်းကောင်း၊ ထိုသူသည် ငါတို့နှင့်ပေါက်ဖော်တော်သောသူ၊ နီးစပ်သော အမျိုးသားချင်းအဝင် ဖြစ်သည်ဟူ၍လည်းကောင်း၊ ချွေးမအား ပြောဆို၏။
2:21 ထိုသူက၊ ငါ့စပါးရိတ်ခြင်းအမှု မပြီးမီတိုင်အောင်၊ ငါ့လူတို့၌ မှီဝဲလျက်နေတော့ဟု ဆိုကြောင်းကိုလည်း မောဘအမျိုးသမီး ရုသသည် ကြားပြောသော်၊
2:22 နောမိက၊ ငါ့သမီး၊ သင်သည် သူ၏ကျွန်မတို့နှင့် ပေါင်းဖော်ကောင်း၏။ အခြားသောလယ်၌ သူတို့သည် သင့်ကိုမတွေ့စေကောင်းဟု၊ ချွေးမရုသအားပြောသည်အတိုင်း၊
2:23 သူသည် မုယောစပါး၊ ဂျုံစပါးရိတ်ခြင်းအမှု ပြီးသည်တိုင်အောင် ဗောဇ၏ကျွန်မတို့၌ မှီဝဲလျက်၊ စပါးကျန်ကိုကောက်၍ ယောက္ခမထံမှာ နေလေ၏။