Ruth 4
4:1 ထိုအခါ ဗောဇသည် မြို့တံခါးဝသို့သွား၍ ထိုင်သဖြင့်၊ မနေ့ကပြောသော အမျိုးသားချင်း လျှောက်သွားသည်ကိုမြင်လျှင်၊ အိုမည်သူ၊ လှည့်၍ထိုင်ပါတော့ဟု ခေါ်သည်အတိုင်း သူသည် လှည့်၍ထိုင်လေ၏။
4:2 တစ်ဖန် မြို့သားအသက်ကြီးသူ တစ်ကျိပ်တို့ကိုခေါ်၍၊ သည်မှာထိုင်ပါတော့ဟု ဆိုသည်အတိုင်း သူတို့သည်လည်း ထိုင်ကြ၏။
4:3 အမျိုးသားချင်းကိုလည်း၊ မောဘပြည်မှပြန်လာသော နောမိသည် ငါတို့အစ်ကို ဧလိမလက်ပိုင်သော မြေအကွက်ကို ရောင်းမည်ဖြစ်၍၊
4:4 သင့်ကိုငါတိုင်ကြားလျက်၊ ပြည်သားများ၊ ငါတို့အမျိုး၌ အသက်ကြီးသူများရှေ့မှာ ဝယ်ပါတော့ဟု ပြောမည်အကြံရှိပါ၏။ သင်သည် ရွေးလိုလျှင်ရွေးပါတော့၊ မရွေးလိုလျှင် ကျွန်ုပ်အားကြားပြောပါတော့။ သင်မှတစ်ပါး ရွေးပိုင်သောသူမရှိ။ သင့်နောက်မှာ ကျွန်ုပ်နေရာကျသည်ဟု ဆိုသော်၊ အမျိုးသားချင်းက၊ ကျွန်ုပ်ရွေးမည်ဟု ပြန်ပြော၏။
4:5 ဗောဇကလည်း၊ ထိုလယ်ကွက်ကို နောမိလက်မှ ဝယ်သောနေ့ရက်တွင်၊ သေသောသူ၏ အမွေဥစ္စာအားဖြင့် သူ၏နာမည်ကို ထောက်မခြင်းငှာ၊ သူ၏မယား မောဘအမျိုးသမီး ရုသကိုလည်း ဝယ်ရသေးသည်ဟုဆိုသော်၊
4:6 အမျိုးသားချင်းက၊ ကျွန်ုပ်သည် ကိုယ်အဖို့မရွေးနိုင်ပါ။ ရွေးလျှင် ကိုယ်အမွေဥစ္စာကိုဖျက်မည် စိုးရိမ်စရာရှိ၏။ ကျွန်ုပ်မရွေးနိုင်သောကြောင့်၊ ကျွန်ုပ်ရွေးပိုင်သောအရာကို ကိုယ်အဖို့ရွေးပါတော့ဟု ပြန်ပြော၏။
4:7 ဣသရေလ ရှေးထုံးစံဟူမူကား၊ ရွေးခြင်းအမှု၊ ဥစ္စာလဲခြင်းအမှုကို မြဲမြံစေခြင်းငှာ တစ်ယောက်သောသူသည် မိမိခြေနင်းကိုချွတ်၍ တစ်ယောက်သောသူအား အပ်လေ့ရှိ၏။ ထိုသို့ပြုသောအားဖြင့် ဣသရေလအမျိုးသားတို့တွင် သက်သေတည်ရ၏။
4:8 သို့ဖြစ်၍ အမျိုးသားချင်းက၊ ကိုယ်အဖို့ဝယ်ပါတော့ဟု ဗောဇအားဆို၍ မိမိခြေနင်းကိုချွတ်၏။
4:9 ဗောဇကလည်း၊ ဧလိမလက်ဥစ္စာ၊ ခိလျုန်ဥစ္စာ၊ မဟာလုန်ဥစ္စာ ဟူသမျှကို နောမိလက်မှငါဝယ်၍၊
4:10 သေသောသူ၏နာမည်ကို သူ၏ညီအစ်ကိုစုထဲကလည်းကောင်း၊ သူနေရာ မြို့တံခါးထဲကလည်းကောင်း မပြတ်စေခြင်းငှာ၊ သူ၏အမွေအားဖြင့် သူ၏နာမည်ကို ထောက်မမည်အကြောင်း၊ မဟာလုန်၏မယား မောဘအမျိုးသမီး ရုသကို ငါ၏မယားဖြစ်စေခြင်းငှာ ငါဝယ်သည်ကို သင်တို့သည် ယနေ့သက်သေဖြစ်ကြပါ၏ဟု အသက်ကြီးသူများ၊ လူများအပေါင်းတို့အား ပြောဆို၏။
4:11 တံခါးဝ၌ရှိသော အသက်ကြီးသူများ၊ လူများအပေါင်းတို့ကလည်း၊ ငါတို့သည် သက်သေဖြစ်ကြ၏။ သင့်အိမ်သို့ရောက်သော ဤမိန်းမသည်၊ ဣသရေလအမျိုးကို တည်ထောင်သော မိန်းမနှစ်ယောက်၊ ရာခေလနှင့် လေအာကဲ့သို့ ဖြစ်မည်အကြောင်း ထာဝရဘုရား ပြုတော်မူပါစေသော။ သင်သည်လည်း ဧဖရတ်အရပ်၌ အစွမ်းသတ္တိနှင့်ပြည့်စုံ၍ ဗက်လင်မြို့၌ အသရေကျော်စောခြင်း ရှိပါစေသော။
4:12 အသက်ပျိုသော ဤမိန်းမတွင်၊ ထာဝရဘုရား ပေးတော်မူလတ္တံ့သော မျိုးစေ့အားဖြင့် သင်၏အမျိုးအနွယ်သည် ယုဒမယားတာမာ ဖွားမြင်သော ဖာရက်အမျိုးအနွယ်ကဲ့သို့ ဖြစ်ပါစေသောဟု ပြောဆိုကြ၏။
4:13 ဗောဇသည် ရုသကိုသိမ်း၍ စုံဖက်လျက် ဆက်ဆံသောအခါ၊ ထာဝရဘုရား၏ ကျေးဇူးတော်ကြောင့် ရုသသည်ပဋိသန္ဓေယူ၍ သားယောက်ျားကို ဖွားမြင်လေ၏။
4:14 မိန်းမတို့သည်လည်း နောမိအား၊ သင့်ကိုပြုစုသော အမျိုးသားချင်းကိုယနေ့ဖြတ်တော်မမူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသော။ ယခုရသော အမျိုးသားချင်းသည်လည်း ဣသရေလအမျိုး၌ အသရေကျော်စောပါစေသော။
4:15 သူသည်သင်၏အသက်ကို ပြုပြင်သောသူ၊ သင်အသက်ကြီးသောအခါ သင့်ကိုကောင်းမွန်စွာ ပြုစုသောသူ ဖြစ်ပါစေသော။ သင့်ကိုချစ်၍ သားခုနစ်ယောက်ထက် သင့်အဖို့သာ၍ကောင်းသော သင်၏ချွေးမသည် သားယောက်ျားကို ဖွားမြင်ပြီဟု ပြောဆိုကြ၏။
4:16 နောမိသည် ထိုသူငယ်ကိုယူ၍ ပိုက်ချီလျက်ထိန်းလေ၏။
4:17 အိမ်နီးချင်း မိန်းမတို့ကလည်း၊ နောမိသည် သားယောက်ျားကိုရပြီဟု ဆိုလျက်၊ ထိုသူငယ်ကို ဩဗက်အမည်ဖြင့် မှည့်ကြ၏။ ဩဗက်သားကား ယေရှဲ။ ယေရှဲသားကားဒါဝိဒ်တည်း။
4:18 ဖာရက်၏ သားစဉ်မြေးဆက်ဟူမူကား၊ ဖာရက်သား ဟေဇရုံ၊
4:19 ဟေဇရုံသား အာရံ၊ အာရံသား အမိနဒပ်၊
4:20 အမိနဒပ်သား နာရှုန်၊ နာရှုန်သား စာလမုန်၊
4:21 စာလမုန်သား ဗောဇ၊ ဗောဇသား ဩဗက်၊
4:22 ဩဗက်သား ယေရှဲ၊ ယေရှဲသား ဒါဝိဒ်တည်း။ ရုသဝတ္တုပြီး၏။