Ruth 3
3:1 တစ်ဖန် ယောက္ခမနောမိက၊ ငါ့သမီး၊ သင့်ကိုချမ်းသာစေခြင်းငှာ ငြိမ်ဝပ်ရာအရပ်ကို သင့်အဖို့ ငါမရှာရသလော။
3:2 သင်ပေါင်းဖော်သော ကျွန်မတို့၏သခင် ဗောဇသည် ငါတို့ပေါက်ဖော်ဖြစ်သည် မဟုတ်လော။ ယနေ့ညမှာ ကောက်နယ်တလင်း၌ မုယောစပါးကို လှေ့လျက်နေ၏။
3:3 သင်သည် ရေချိုးခြင်း၊ ဆီလိမ်းခြင်း၊ အဝတ်တန်ဆာဆင်ခြင်းကို ပြုပြီးလျှင် ကောက်နယ်တလင်းသို့ သွားတော့။ သူသည် စားသောက်ခြင်းအမှုကိုမပြီးမီ ကိုယ်ကိုမပြနှင့်။
3:4 သူအိပ်သောအခါ၊ အိပ်ရာအရပ်ကိုမှတ်ပြီးမှ ဝင်၍ သူ့ခြေ၌ဖုံးသော အဝတ်ကိုဖွင့်ပြီးလျှင် အိပ်တော့။ သင်သည် အဘယ်သို့ပြုရမည်ကို သူပြောလိမ့်မည်ဟုဆိုသော်၊
3:5 ရုသက၊ မိခင်မှာထားသမျှတို့ကို ပြုပါမည်ဟု ဝန်ခံလျက်၊
3:6 ကောက်နယ်တလင်းသို့ သွား၍ ယောက္ခမမှာထားသမျှအတိုင်း ပြုလေ၏။
3:7 ဗောဇသည်စားသောက်၍ ရွှင်လန်းလျက်၊ စပါးပုံအနားသို့သွား၍ အိပ်သောအခါ၊ ရုသသည် တိတ်ဆိတ်စွာချဉ်းကပ်၍ သူ့ခြေ၌ဖုံးသောအဝတ်ကို ဖွင့်ပြီးလျှင် အိပ်လေ၏။
3:8 သန်းခေါင်အချိန်၌ ယောက်ျားသည်လန့်၍ လှည့်သဖြင့်၊ မိန်းမသည် ခြေရင်း၌ရှိသည်ကို သိလျက်၊
3:9 သင်သည် အဘယ်သူနည်းဟုမေးလျှင်၊ ကျွန်မသည် ကိုယ်တော်၏ ကျွန်မရုသဖြစ်ပါ၏။ ကိုယ်တော်သည် ရွေးပိုင်သောအမျိုးသားချင်းဖြစ်သောကြောင့်၊ ကိုယ်တော်၏ကျွန်မကို အဝတ်တော်စွန်းနှင့် ဖုံးပါတော့ဟု ဆိုသော်၊
3:10 သူက၊ ငါ့သမီး၊ ထာဝရဘုရား ကောင်းချီးပေးတော်မူပါစေသော။ သင်သည် ငွေရတတ်သောလူပျို၊ ဆင်းရဲသောလူပျို တစ်စုံတစ်ယောက်ကို မမှီဝဲဘဲနေ၍၊ အရင်ပြုသောကျေးဇူးထက် နောက်ပြုသောကျေးဇူးသာ၍ကြီး၏။
3:11 မစိုးရိမ်နှင့် ငါ့သမီး။ တောင်းသမျှကို ငါပြုမည်။ သင်သည် သီလနှင့်ပြည့်စုံသောမိန်းမ ဖြစ်ကြောင်းကို ငါ့လူမျိုးနေသော တစ်မြို့လုံးသိ၏။
3:12 ငါသည်ရွေးပိုင်သော အမျိုးသားချင်း မှန်ပေ၏။ သို့သော်လည်း ငါ့ထက်သာ၍ ရွေးပိုင်သော အမျိုးသားချင်းတစ်ယောက် ရှိသေး၏။
3:13 ယနေ့ညမှာ နေဦးတော့၊ ထိုသူသည် ရွေးပိုင်သောအမျိုးသားချင်း ဝတ်ကိုပြုလိုလျှင် ပြုပါလေစေ။ ကောင်း၏။ မပြုလျှင် ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း ငါပြုမည်။ နံနက်တိုင်အောင် အိပ်ဦးတော့ ဟုဆို၏။
3:14 ရုသသည် နံနက်တိုင်အောင် သူ့ခြေရင်းနားမှာအိပ်ပြီးမှ၊ တစ်ယောက်ကိုတစ်ယောက် သိနိုင်သောအချိန်မရောက်မီ ထလေ၏။ ယောက်ျားကလည်း၊ မိန်းမသည် ဤကောက်နယ်တလင်းသို့ လာသည်ကို အဘယ်သူမျှမသိစေနှင့်ဟု ဆို၏။
3:15 တစ်ဖန် သင်၌ပါသော တင်းတိမ်ကိုယူခဲ့၍ ဖြန့်ခင်းတော့ဟု ဆိုသည်အတိုင်း၊ ရုသဖြန့်လျက် မုယောစပါးခြောက်ဩမဲကို ခြင်၍ သူ့အပေါ်မှာတင်သဖြင့်၊ သူသည် မြို့ထဲသို့သွားလေ၏။
3:16 ယောက္ခမထံသို့ ရောက်သောအခါ၊ ယောက္ခမက အဘယ်သို့နည်းဟု မေးလျှင်၊ မိမိ၌ထိုသူပြုသမျှကိုလည်းကောင်း၊
3:17 သူက၊ သင်သည် ယောက္ခမထံသို့ လက်ချည်းမသွားနှင့်ဟု ဆိုလျက် မုယောစပါး ခြောက်ဩမဲပေးကြောင်းကိုလည်းကောင်း ကြားပြောလေ၏။
3:18 ယောက္ခမကလည်း၊ ငါ့သမီး၊ ဤအမှုသည် အဘယ်သို့ပြီးလိမ့်မည်ကို မသိမီတိုင်အောင် ထိုင်နေတော့။ ယောက်ျားသည် ယနေ့ ဤအမှုကိုမပြီးစီးမီ ငြိမ်ဝပ်စွာမနေဟု ပြောဆို၏။