1 Samuel 3
3:1 သူငယ်ရှမွေလသည်၊ ဧလိရှေ့တွင် ထာဝရဘုရား၏ အမှုတော်ကို ဆောင်ရွက်လေ၏။ ထိုကာလ၌ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် နည်းပါး၏။ ထင်ရှားသော ရူပါရုံမရှိ။
3:2 တစ်ရံရောအခါ ဧလိသည် မိမိနေရာ၌ အိပ်လျက်၊ သူ၏ မျက်စိမှုန်သောကြောင့် မမြင်နိုင်သည်ကာလ၊
3:3 ဘုရားသခင်၏ သေတ္တာတော်ရှိရာ ထာဝရဘုရားအိမ်တော်၌ မီးခွက်မသေမီ၊ ရှမွေလသည်လည်း အိပ်လျက်ရှိသောအခါ၊
3:4 ထာဝရဘုရားသည် ရှမွေလကို ခေါ်တော်မူ၍၊ ရှမွေလက အကျွန်ုပ်ရှိပါသည်ဟု ထူးသဖြင့်၊
3:5 ဧလိထံသို့ ပြေး၍၊ ကိုယ်တော်ခေါ်သောကြောင့် အကျွန်ုပ်လာပါသည်ဟု ဆိုလျှင်၊ ဧလိက ငါမခေါ်၊ အိပ်တော့ဟု ဆိုသည်အတိုင်း၊ ရှမွေလသွား၍ အိပ်ပြန်လေ၏။
3:6 တစ်ဖန် ထာဝရဘုရားက၊ ရှမွေလဟု ခေါ်တော်မူလျှင်၊ ရှမွေလသည် ထပြီးလျှင်၊ ဧလိထံသို့ သွား၍၊ ကိုယ်တော်ခေါ်သောကြောင့် အကျွန်ုပ်လာပါသည်ဟု ဆိုသော်၊ ဧလိက ငါမခေါ် ငါ့သား၊ အိပ်တော့ဟု ဆို၏။
3:7 ရှမွေလသည် ထာဝရဘုရားကို မသိသေး။ ဗျာဒိတ်တော်ကို မခံရသေး။
3:8 တတိယအကြိမ် ထာဝရဘုရားက၊ ရှမွေလဟု ခေါ်တော်မူလျှင်၊ ရှမွေလထပြီးလျှင် ဧလိထံသို့သွား၍ ကိုယ်တော်ခေါ်သောကြောင့် အကျွန်ုပ်လာပါသည်ဟုဆိုသော်၊ ထာဝရဘုရားသည် ထိုသူငယ်ကို ခေါ်တော်မူကြောင်းကို ဧလိသည်ရိပ်မိလျှင်၊
3:9 သင်သွား၍ အိပ်ဦးတော့၊ နောက်တစ်ဖန်ခေါ်လျှင်၊ အိုထာဝရဘုရား အမိန့်ရှိတော်မူပါ။ ကိုယ်တော်ကျွန် ကြားပါသည်ဟု လျှောက်ရမည်အကြောင်း ရှမွေလကို မှာထားသည်အတိုင်း၊ ရှမွေလသွား၍ မိမိနေရာ၌ အိပ်လေ၏။
3:10 ထာဝရဘုရားသည်လည်း ရှေ့နည်းတူ လာရပ်လျက်၊ ရှမွေလ၊ ရှမွေလဟု ခေါ်တော်မူလျှင်၊ ရှမွေလက၊ အိုထာဝရဘုရား အမိန့်ရှိတော်မူပါ။ ကိုယ်တော်ကျွန်ကြားပါသည်ဟု လျှောက်လေသော်၊
3:11 ထာဝရဘုရားက၊ သတင်းကြားသောသူတိုင်း နားနှစ်ဖက်ခါးစေခြင်းငှာ၊ ငါသည် ဣသရေလအမျိုး၌ တစ်စုံတစ်ခုကိုပြုမည်။
3:12 ဧလိအိမ်သားတို့တစ်ဖက်၌ ငါပြောသမျှအတိုင်း ထိုနေ့တွင် ငါပြုမည်။ ပြုစရှိပြီးမှ လက်စသတ်မည်။
3:13 ထိုသူ၏သားတို့သည် ကိုယ်ယုတ်မာသည်တိုင်အောင်၊ ကိုယ်ပြုသော ဒုစရိုက်အပြစ်ကို သူသိသော်လည်း ကျပ်တည်းစွာမဆုံးမဘဲ နေသောကြောင့်၊ သူ၏အိမ်သားတို့၌ ငါသည် အစဉ်အမြဲဒဏ်ပေးမည်ဟု ငါပြောပြီ။
3:14 ထိုကြောင့် ဧလိ၏အိမ်သားတို့ အပြစ်သည် ယဇ်နှင့် ပူဇော်သကာအားဖြင့် မဖြေ၊ အစဉ်အမြဲ တည်ရမည်အကြောင်း သူတို့အား ငါကျိန်ဆိုပြီဟု မိန့်တော်မူ၏။
3:15 ရှမွေလသည် နံနက်တိုင်အောင် အိပ်ပြီးမှ၊ ထာဝရဘုရား၏ အိမ်တော်တံခါးတို့ကို ဖွင့်လေ၏။ မြင်ရသော ရူပါရုံကို ဧလိအား မကြားမပြောဝံ့။
3:16 ဧလိက၊ ငါ့သားရှမွေလဟု ခေါ်လျှင်၊ ရှမွေလက အကျွန်ုပ်ရှိပါသည်ဟု ထူးလေ၏။
3:17 ဧလိကလည်း၊ အဘယ်သို့ မိန့်တော်မူသနည်း။ ငါ့အား ဝှက်မထားပါနှင့်။ မိန့်တော်မူသမျှ တစ်စုံတစ်ခုကို ငါ့အားဝှက်ထားလျှင်၊ မိန့်တော်မူသည်အတိုင်းမက သင်၌ပြုတော်မူပါစေသောဟု ဆိုလေသော်၊
3:18 ရှမွေလသည် တစ်စုံတစ်ခုကိုမျှ ဝှက်မထား အလုံးစုံတို့ကို ပြန်ကြား၏။ ဧလိကလည်း၊ ထာဝရဘုရားဖြစ်လျှင် အလိုတော်ရှိသည်အတိုင်း ပြုတော်မူပါစေသောဟု ဝန်ခံလေ၏။
3:19 ရှမွေလသည် အစဉ်အတိုင်းကြီး၍၊ ထာဝရဘုရားသည် သူနှင့်အတူ ရှိတော်မူသဖြင့်၊ သူ၏စကားတစ်ခွန်းမျှ ပျက်စေခြင်းငှာ အခွင့်ပေးတော်မမူ။
3:20 သူသည် ထာဝရဘုရား၏ ပရောဖက်စစ်ဖြစ်ကြောင်းကို ဣသရေလအမျိုးသား အပေါင်းတို့သည်၊ ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် သိကြ၏။
3:21 ထာဝရဘုရားသည် ရှိလောမြို့၌ အထပ်ထပ် ထင်ရှားတော်မူ၍၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်အားဖြင့် ရှမွေလအား ဗျာဒိတ်ပေးတော်မူ၏။ ရှမွေလစကားသည်လည်း၊ ဣသရေလအမျိုးတစ်လျှောက်လုံးကို နှံ့ပြားလေ၏။