1 Samuel 2
2:1 တစ်ဖန် ဟန္နသည် ပတ္ထနာစကားကို မြွက်ဆိုသည်ကား၊ ငါ့စိတ်နှလုံးသည် ထာဝရဘုရားကို အမှီပြု၍ ရွှင်လန်းလျက်၊ ထာဝရဘုရားကြောင့် ငါ့ဦးချိုမြင့်လျက်ရှိ၏။ ကယ်တင်ခြင်း ကျေးဇူးတော်ကြောင့် ဝမ်းမြောက်၍၊ ရန်သူတို့အား ဝါကြွားသောစကားကို ပြောရ၏။
2:2 ထာဝရဘုရား သန့်ရှင်းတော်မူသကဲ့သို့ အဘယ်သူမျှ မသန့်ရှင်း။ ကိုယ်တော်မှတစ်ပါး အခြားသောဘုရားမရှိ။
2:3 ငါတို့ ဘုရားသခင်ကဲ့သို့သော ခိုလှုံစရာမရှိ။ ကိုယ်ကိုကိုယ် မချီးမြှောက်ကြနှင့်။ ဝါကြွားစော်ကားသော စကားကို မပြောကြနှင့်။ အဓမ္မစကားကို နှုတ်ထဲက မထွက်စေကြနှင့်။ အကြောင်းမူကား၊ ထာဝရဘုရားသည် သဗ္ဗညုတဘုရား ဖြစ်တော်မူ၏။ အမှုအရာတို့ကို ညှိညွှတ်တော်မူ၏။
2:4 သူရဲတို့ ကိုင်သောလေးများကျိုးလျက်၊ လဲတတ်သောသူတို့သည် ခွန်အားနှင့်ပြည့်စုံလျက် ရှိကြ၏။
2:5 ဝစွာစားသောသူတို့သည် စားစရာကိုရခြင်းငှာ၊ သူငှားလုပ်ရကြပြီ။ ငတ်မွတ်သော သူတို့မူကား၊ တစ်ဖန်ဝကြပြီ။ မြုံသောသူသည် ခုနစ်ကြိမ်တိုင်အောင် ဖွားမြင်ပြီ။ သားများသောသူမူကား၊ တစ်ဖန်အားလျော့ပြီ။
2:6 ထာဝရဘုရားသည် သေစေသောအခွင့်၊ အသက်ရှင်စေသောအခွင့်၊ မရဏာနိုင်ငံသို့ နှိမ့်ချသောအခွင့်၊ ထမြောက်စေသောအခွင့် ရှိတော်မူ၏။
2:7 ဆင်းရဲစေခြင်းငှာလည်းကောင်း၊ ရတတ်စေခြင်းငှာလည်းကောင်း၊ ထာဝရဘုရားပြု၍၊ နှိမ့်ချသောအခွင့်၊ ချီးမြှောက်သောအခွင့် ရှိတော်မူ၏။
2:8 ဆင်းရဲသောသူကို မြေမှုန့်ထဲကလည်းကောင်း၊ ငတ်မွတ်သောသူကို နောက်ချေးပုံထဲကလည်းကောင်း ချီးမြှောက်၍၊ မင်းသားတို့နှင့် ထိုင်ရသောအခွင့်၊ ဘုန်းကြီးသောပလ္လင်ကို အမွေခံရသောအခွင့်ကို ပေးတော်မူ၏။ အကြောင်းမူကား၊ မြေကြီးတိုင်တို့ကို ထာဝရဘုရားပိုင်၍ ထိုတိုင်တို့အပေါ်မှာ လောကဓာတ်ကို တည်တော်မူပြီ။
2:9 မိမိသန့်ရှင်းသူတို့ခြေကို စောင့်မတော်မူလိမ့်မည်။ မတရားသောသူတို့သည် မှောင်မိုက်၌ တိတ်ဆိတ်စွာ နေရကြလိမ့်မည်။ ကိုယ်အစွမ်းသတ္တိအားဖြင့် အဘယ်သူမျှ မနိုင်ရာ။
2:10 ထာဝရဘုရားသည် ရန်သူတို့ကို ချိုးဖဲ့တော်မူမည်။ သူတို့အပေါ်၌ မိုးကောင်းကင်မှ မိုးချုန်းစေတော်မူမည်။ ထာဝရဘုရားသည် မြေကြီးစွန်းတိုင်အောင် တရားစီရင်သဖြင့်၊ ခန့်ထားတော်မူသော ရှင်ဘုရင်ကို ခွန်အားနှင့်ပြည့်စုံစေ၍ အထံတော်၌ ဘိသိက်ခံသောသူကို ချီးမြှောက်တော်မူမည်ဟု မြွက်ဆို၏။
2:11 ထိုနောက်မှ၊ ဧလကာနသည် ရာမမြို့၌ရှိသော မိမိအိမ်သို့သွား၍၊ သူငယ်သည် ယဇ်ပုရောဟိတ် ဧလိရှေ့တွင် အမှုတော်ကို ဆောင်ရွက်လေ၏။
2:12 ဧလိ၏သားတို့သည် ထာဝရဘုရားကို မသိ၊ အဓမ္မလူဖြစ်ကြ၏။
2:13 လူများတို့တွင် ယဇ်ပုရောဟိတ်ပြုသော ထုံးစံဟူမူကား၊ ယဇ်ပူဇော်၍ အမဲသားကို ပြုတ်စဉ်အခါ၊ ယဇ်ပုရောဟိတ်၏ အစေအပါတစ်ယောက်သည်လာ၍ သုံးချောင်းရှိသော အမဲချိတ်ကို ကိုင်လျက်၊
2:14 အိုးအစရှိသည်တို့၌ ထိုးခပ်၍၊ အမဲချိတ်တွင် ပါသမျှကို ယဇ်ပုရောဟိတ်သည် သိမ်းယူတတ်၏။ ရှိလောမြို့သို့ ရောက်လာသော ဣသရေလလူအပေါင်းတို့အား ထိုသို့ပြုကြ၏။
2:15 ဆီဥကို မီးမရှို့မီ ယဇ်ပုရောဟိတ်၏ အစေအပါသည်လာ၍၊ ယဇ်ပုရောဟိတ်ဖို့ ကင်စရာအမဲသားကို ပေးပါ။ ပြုတ်သော အမဲသားကို မယူ။ စိမ်းသောအမဲသားကိုသာယူမည်ဟု ယဇ်ပူဇော်သောသူအား ဆိုတတ်၏။
2:16 ထိုသူက၊ ဆီဥကိုအရင် မီးရှို့ပါရစေ။ နောက်မှ ယူချင်တိုင်းယူပါဟု ဆိုလျှင်၊ မဟုတ်ဘူး၊ ယခုပေးရမည်။ သို့မဟုတ် အနိုင်ယူမည်ဟု ပြောဆိုတတ်၏။
2:17 ထိုယဇ်ပုရောဟိတ်ပျိုတို့သည်၊ ထာဝရဘုရားဝတ်ကို လူများ ရွံစရာပြုသောကြောင့်၊ ရှေ့တော်၌ အလွန်အပြစ်ကြီးသောသူ ဖြစ်ကြ၏။
2:18 သူငယ် ရှမွေလသည် ပိတ်သင်တိုင်းကို ဝတ်စည်းလျက်၊ ထာဝရဘုရားရှေ့၌ အမှုတော်ကို ဆောင်ရွက်လေ၏။
2:19 နှစ်စဉ်ပြုရသောယဇ်ကိုပူဇော်ခြင်းငှာ၊ သူ၏မိဘသည်ရောက်လာသောအခါ၊ အမိသည် တစ်နှစ်မပြတ် သားအဖို့ အင်္ကျီငယ်ကိုချုပ်၍ ဆောင်ခဲ့တတ်၏။
2:20 တစ်ရံရောအခါ၊ ဧလိက၊ သင်သည် ထာဝရဘုရား၌ ငှားထားသော သားအတွက်၊ ဤမိန်းမတွင် အမျိုးအနွယ်ကို ပေးတော်မူပါစေသောဟု ဧလကာနလင်မယားကို ကောင်းချီးပေး၏။ ထိုသူတို့သည် နေရာအိမ်သို့ ပြန်သွားသောနောက်၊
2:21 ထာဝရဘုရားသည် ဟန္နကို အကြည့်အရှုကြွတော်မူသဖြင့်၊ သူသည် ပဋိသန္ဓေယူ၍၊ သားသုံးယောက်၊ သမီးနှစ်ယောက်တို့ကို ဖွားမြင်လေ၏။ သူငယ်ရှမွေလသည် ထာဝရဘုရားရှေ့တော်၌ ကြီးပွားသတည်း။
2:22 ဧလိသည် အသက်အရွယ်လွန်သောအခါ၊ သူ၏သားတို့သည် ဣသရေလလူအပေါင်းတို့၌ ပြုသမျှကိုလည်းကောင်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ စည်းဝေးသောမိန်းမနှင့် မှားယွင်းကြောင်းကို လည်းကောင်း ကြားသိလျှင်၊
2:23 သင်တို့သည် အဘယ်ကြောင့် ဤသို့ပြုကြသနည်း။ သင်တို့ပြုသော ဒုစရိုက်တို့ကို လူအပေါင်းတို့သည် ပြော၍ ငါကြားရ၏။
2:24 မကောင်းဘူး ငါ့သားတို့။ ငါကြားသော သတင်းသည် ကောင်းသောသတင်းမဟုတ်။ ထာဝရဘုရား၏ လူတို့သည် ပြစ်မှားရမည်အကြောင်း၊ သင်တို့ပြုကြသည် တကား။
2:25 လူချင်း တစ်ယောက်ကိုတစ်ယောက် ပြစ်မှားလျှင်၊ တရားသူကြီး စစ်ကြောစီရင်ရ၏။ လူသည် ထာဝရဘုရားကို ပြစ်မှားလျှင်၊ သူ့အတွက် အဘယ်သူ တောင်းပန်လိမ့်မည်နည်းဟု ဆုံးမသော်လည်း၊ သူတို့သည် အဘ၏စကားကို နားမထောင်ကြ။ အကြောင်းမူကား၊ ထာဝရဘုရားသည် ကွပ်မျက်ခြင်းငှာ အလိုရှိတော်မူ၏။
2:26 သူငယ်ရှမွေလသည် ကြီးပွား၍၊ ထာဝရဘုရားရှေ့၊ လူတို့ရှေ့၌ မျက်နှာရလေ၏။
2:27 ဘုရားသခင်၏ လူတစ်ယောက်သည် ဧလိထံသို့လာ၍ ထာဝရဘုရားမိန့်တော်မူသည်ကား၊ အဲဂုတ္တုပြည်၊ ဖာရောဘုရင်ထံ၌နေရသော သင့်အဘ၏အမျိုးအားငါထင်ရှားသည် မဟုတ်လော။
2:28 ငါ၏ ယဇ်ပလ္လင်ပေါ်မှာ ပူဇော်ခြင်း၊ နံ့သာပေါင်းကို မီးရှို့ခြင်း၊ ငါ့ရှေ့မှာ သင်တိုင်းကိုဝတ်ခြင်း အမှုကို စောင့်ရသော ငါ၏ယဇ်ပုရောဟိတ် ဖြစ်စေခြင်းငှာ၊ သူ့ကို ဣသရေလအမျိုးအပေါင်းတို့အထဲက ငါရွေးကောက်သည် မဟုတ်လော။ ဣသရေလအမျိုးသားတို့သည် မီးဖြင့်ပြုသော ပူဇော်သကာ ရှိသမျှတို့ကို၊ သင့်အဘ၏အမျိုးအား ငါပေးသည်မဟုတ်လော။
2:29 ငါ့အိမ်၌ ငါစီရင်သောယဇ်၊ ငါ့ပူဇော်သကာကို အဘယ်ကြောင့် ခြေနှင့်ကန်သနည်း။ ငါ၏လူ ဣသရေလအမျိုးသား တင်လှူသော ပူဇော်သကာရှိသမျှတို့တွင်၊ အမြတ်ဆုံးသောအရာကို ဝစွာစားစေ၍၊ သင်၏သားတို့ကို ငါ့အပေါ်မှာ အဘယ်ကြောင့် ချီးမြှောက်သနည်း။
2:30 ထိုသို့ပြုသောကြောင့်၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့်အမျိုး၊ သင့်အဘ၏အမျိုးသည် ငါ့ရှေ့မှာအစဉ် သွားလာရလိမ့်မည်ဟု ငါဆိုမိသော်လည်း၊ တစ်ဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကတိသည် ငါနှင့်ဝေးပါစေ။ ငါ့ကို ချီးမြှောက်သော သူတို့ကို ငါချီးမြှောက်မည်။ ငါ့ကို မထီမဲ့မြင်ပြုသော သူတို့သည် ဂုဏ်အသရေပျက်ရကြလိမ့်မည်။
2:31 သင်၏အမျိုးတွင် အိုသောသူတစ်ယောက်မျှ မရှိစေခြင်းငှာ၊ သင်၏လက်ရုံးနှင့် သင့်အဆွေအမျိုး၏ လက်ရုံးကို ငါဖြတ်သော အချိန်ကာလရောက်လိမ့်မည်။
2:32 ဣသရေလအမျိုးအား ငါပေးသောစည်းစိမ်ရှိရာ အိမ်ပေါ်မှာ ဘေးဥပဒ်ရောက်ကြောင်းကို သင်မြင်ရလိမ့်မည်။ သင်၏အမျိုးတွင် အိုသောသူတစ်ယောက်မျှ အစဉ်မရှိရ။
2:33 ငါ၏ယဇ်ပလ္လင်မှ ငါမပယ်မဖြတ်သော သင်၏အမျိုးသားသည်၊ သင့်မျက်စိပျက်၍ စိတ်နာကျင်ဖို့ ရာဖြစ်လိမ့်မည်။ သင်၏ သားစဉ်မြေးဆက်တို့သည် အသက်ပျိုစဉ်ပင် သေရကြလိမ့်မည်။
2:34 သင်၏သား ဟောဖနိနှင့် ဖိနဟတ်နှစ်ယောက်တို့၌ ဖြစ်စေ၍၊ သင့်အား ငါပေးသော ပုပ္ပနိမိတ်ဟူမူကား၊ ထိုသူနှစ်ယောက်တို့သည် တစ်နေ့ချင်းတွင် သေလိမ့်မည်။
2:35 တစ်ဖန် ငါ့စိတ်နှလုံးအလိုသို့လိုက်၍ သစ္စာစောင့်သော ယဇ်ပုရောဟိတ်ကို ငါပေါ်ထွန်းစေမည်။ မြဲသောအိမ်ကို သူ့အဖို့ ငါဆောက်ပေးသဖြင့်၊ သူသည် ငါ့ထံ၌ ဘိသိက်ခံသောသူရှေ့မှာ အစဉ်သွားလာရလိမ့်မည်။
2:36 သင်၏အမျိုး၌ ကျန်ကြွင်းသောသူတိုင်း သူ့ထံသို့လာ၍၊ ကျွန်တော်သည် မုန့်အနည်းငယ်ကို စားရမည်အကြောင်း၊ ယဇ်ပုရောဟိတ်အရာနှင့်ဆိုင်သော အမှုတစ်စုံတစ်ခု၌ ကျွန်တော်ကို စေခိုင်းပါလော့ဟု ငွေစ၊ မုန့်စကိုရလိုသောငှာ၊ ရှိခိုးလျက် တောင်းပန်လိမ့်မည်ဟု အမိန့်တော်ကို ပြန်လေ၏။