1 Samuel 31
31:1 ဖိလိတ္တိလူတို့သည် ဣသရေလလူတို့ကို စစ်တိုက်၍၊ ဣသရေလလူတို့သည် ရန်သူရှေ့မှာပြေးသဖြင့်၊ ဂိလဗောတောင်ပေါ်မှာ အထိအခိုက်နှင့် လဲ၍သေကြ၏။
31:2 ဖိလိတ္တိလူတို့သည် ရှောလုမင်းနှင့် သူ၏သားတို့ကိုပြင်းထန်စွာလိုက်၍၊ ရှောလု၏သားယောနသန်၊ အဘိနဒပ်၊ မေလခိရွှတို့ကို သတ်ကြ၏။
31:3 စစ်တိုက်ရာတွင် ရှောလုသည် အလွန်ခံရ၏။ လေးသမားတို့ပစ်သော မြားမှန်၍ အလွန်နာသောကြောင့်၊
31:4 လက်နက်ဆောင်လုလင်ကို ခေါ်ပြီးလျှင် သင့်ဓားကိုထုတ်၍ ငါ့ကိုထိုးလော့။ သို့မဟုတ် အရေဖျားလှီးခြင်းကို မခံသောလူတို့သည် လာ၍ ငါ့ကိုထိုးပြီးမှ မရိုမသေ ညှဉ်းဆဲကြလိမ့်မည်ဟု ဆိုသော်လည်း၊ လက်နက်ဆောင်လုလင်သည် အလွန်ကြောက်၍ မပြုဘဲနေသောကြောင့်၊ ရှောလုသည် ထိုဓားကိုယူ၍ ထောင်ပြီးလျှင်၊ ဓားဖျားပေါ်မှာလှဲ၍ သေလေ၏။
31:5 ရှောလုသေသည်ကို လက်နက်ဆောင်လုလင် မြင်လျှင်၊ သူသည်လည်း ထိုဓားကိုထောင်၍ ရှောလုနှင့်အတူ ဓားဖျားပေါ်မှာလှဲ၍ သေ၏။
31:6 ထိုသို့ရှောလုမှစ၍ သူ၏သားသုံးယောက်၊ သူ၏လက်နက်ဆောင်လုလင်၊ သူ၏လူအပေါင်းတို့သည် ထိုနေ့ချင်းတွင် အတူသေကြ၏။
31:7 ဣသရေလလူ ပြေးကြောင်း၊ ရှောလုနှင့် သူ၏သားသေကြောင်းကို ချိုင့်တစ်ဖက်၊ ယော်ဒန်မြစ်တစ်ဖက်၌ နေသော ဣသရေလလူတို့သည် သိမြင်လျှင်၊ မြို့ရွာတို့ကို စွန့်ပြေးသဖြင့်၊ ဖိလိတ္တိလူတို့သည် လာ၍နေကြ၏။
31:8 နက်ဖြန်နေ့၌ ဖိလိတ္တိလူတို့သည် အသေကောင်တို့၌ အဝတ်တန်ဆာကို ချွတ်ခြင်းငှာလာသောအခါ၊ ဂိလဗောတောင်ပေါ်မှာ၊ ရှောလုနှင့် သူ၏သားသုံးယောက်တို့သည် လဲသေလျက်ရှိသည်ကို တွေ့မြင်ကြ၏။
31:9 ရှောလု၏ခေါင်းကိုဖြတ်၍ လက်နက်တော်ကိုချွတ်ပြီးမှ သူတို့ ရုပ်တုကျောင်းများ၌လည်းကောင်း၊ လူများတို့၌လည်းကောင်း၊ သတင်းကျော်စောစေခြင်းငှာ ဖိလိတ္တိပြည်အရပ်ရပ်သို့ ပေးလိုက်ကြ၏။
31:10 လက်နက်တော်ကိုလည်း အာရှတရက်ကျောင်း၌ထား၍ အလောင်းတော်ကို ဗက်ရှန်မြို့ရိုး၌ ဆွဲထားကြ၏။
31:11 ရှောလု၌ ဖိလိတ္တိလူတို့ ပြုသောအမှုကို ဂိလဒ်ပြည် ယာဗက်မြို့သားများကြားလျှင်၊
31:12 သူရဲအပေါင်းတို့သည် ညအခါထသွား၍၊ ရှောလု၏အလောင်းနှင့် သူ၏သားအလောင်းတို့ကို ဗက်ရှန်မြို့ရိုးမှချပြီးလျှင်၊ ယာဗက်မြို့သို့ဆောင်ခဲ့၍ မီးရှို့ကြ၏။
31:13 အရိုးတို့ကိုလည်းယူ၍ ယာဗက်မြို့မှာ သစ်ပင်အောက်၌ သင်္ဂြိုဟ်ပြီးမှ ခုနစ်ရက်ပတ်လုံး အစာရှောင်ကြသည်။