1 Samuel 30
30:1 သုံးရက်လွန်၍ ဒါဝိဒ်နှင့် သူ၏လူတို့သည် ဇိကလတ်မြို့သို့ ရောက်သောအခါ၊ အာမလက်လူတို့သည် တောင်ပြည်နှင့် ဇိကလတ်မြို့ကို တိုက်သဖြင့်၊ ဇိကလတ်မြို့ကို လုပ်ကြံ၍ မီးရှို့နှင့်ကြပြီ။
30:2 မြို့၌ရှိသော မိန်းမအကြီးအငယ် တစ်ယောက်ကိုမျှ မသတ်၊ ရှိသမျှတို့ကို သိမ်းသွားနှင့်ကြပြီ။
30:3 သို့ဖြစ်၍ ဒါဝိဒ်နှင့် သူ၏လူတို့သည် မြို့သို့ရောက်သောအခါ၊ မြို့ကိုမီးရှို့၍ မယားသားသမီးများကို သိမ်းသွားကြောင်းကို တွေ့သဖြင့်၊
30:4 ငိုသံကိုလွှင့်၍ အားကုန်သည်တိုင်အောင် ငိုကြွေးကြ၏။
30:5 ဒါဝိဒ်မယားနှစ်ယောက် ယေဇရေလမြို့သူ အဟိနောင်နှင့် နာဗလမယား ကရေမေလမြို့သူ အဘိဂဲလတို့သည်လည်း ပါသွားကြပြီ။
30:6 ဒါဝိဒ်သည် အလွန်စိတ်ငြိုငြင်ဆင်းရဲ၏။ လူများတို့သည် မိမိတို့ သားသမီးများကြောင့် စိတ်ညှိုးငယ်သဖြင့်၊ ဒါဝိဒ်ကို ကျောက်ခဲနှင့် ပစ်မည်ဟု ဆိုကြ၏။ ဒါဝိဒ်မူကား မိမိထာဝရဘုရားကို ကိုးစားလျက်နေ၍၊
30:7 သင်တိုင်းတော်ကို ငါ့ထံသို့ဆောင်ခဲ့ပါလော့ဟု အဟိမလက်၏သား အဗျာသာကို ဆိုလျှင်၊ အဗျာသာသည် သင်တိုင်းတော်ကို ဒါဝိဒ်ထံသို့ ဆောင်ခဲ့လေ၏။
30:8 ဒါဝိဒ်ကလည်း၊ အကျွန်ုပ်သည် ထိုအလုံးအရင်းကို လိုက်ရပါမည်လော။ လိုက်လျှင် မီနိုင်ပါမည်လောဟု ထာဝရဘုရားကို မေးလျှောက်သော်၊ လိုက်လော့။ ဆက်ဆက်မီ၍ အလုံးစုံတို့ကို ရပြန်မည်ဟု မိန့်တော်မူသည်အတိုင်း၊
30:9 ဒါဝိဒ်နှင့် သူ၌ပါသော လူခြောက်ရာတို့သည် သွား၍ ဗေသော်ချောင်းသို့ ရောက်သောအခါ၊ အချို့တို့သည် ထိုချောင်းနားမှာ နေရစ်ကြ၏။
30:10 ဒါဝိဒ်နှင့် လူလေးရာတို့သည် လိုက်ကြ၏။ နှစ်ရာတို့သည်မော၍ ဗေသော်ချောင်းကိုမကူးနိုင်သောကြောင့် နေရစ်ကြ၏။
30:11 လွင်ပြင်၌ အဲဂုတ္တု လူတစ်ယောက်ကိုတွေ့၍ ဒါဝိဒ်ထံသို့ ဆောင်ခဲ့သဖြင့်၊ မုန့်ကိုပေး၍ ထိုသူသည်စား၏။ ရေကိုလည်း သောက်စေကြ၏။
30:12 သင်္ဘောသဖန်းသီးပျဉ် တစ်ဖဲ့၊ စပျစ်သီးနှစ်ပြွတ်ကိုလည်း ပေး၍ သူသည်စားသဖြင့် အားပြည့်ပြန်၏။ သုံးရက်ပတ်လုံး မစားမသောက်ဘဲ ငတ်မွတ်ခဲ့ပြီ။
30:13 ဒါဝိဒ်ကလည်း၊ သင်သည် အဘယ်သူနှင့် ဆိုင်သနည်း။ အဘယ်အရပ်က လာသနည်းဟု မေးလျှင်၊ ကျွန်တော်သည် အာမလက်လူထံ၌ ကျွန်ခံရသော အဲဂုတ္တုလူကလေးဖြစ်ပါ၏။ သုံးရက်အထက်က အနာရောက်သောကြောင့် သခင်သည် ပစ်ထားပါ၏။
30:14 ခေရသိပြည်တောင်ပိုင်း၊ ယုဒပြည်နှင့် ကာလက်ပြည်တောင်ပိုင်းကို တိုက်၍ ဇိကလတ်မြို့ကို မီးရှို့ပါပြီဟုပြောဆို၏။
30:15 ဒါဝိဒ်ကလည်း၊ ထိုအလုံးအရင်းရှိရာသို့ လမ်းပြနိုင်သလောဟု မေးလျှင် သူက၊ ကိုယ်တော်သည် ကျွန်တော်ကို မသတ်၊ သခင့်လက်သို့ မအပ်မည်အကြောင်း ဘုရားသခင်ကိုတိုင်တည်၍ ကျိန်ဆိုပါတော့။ သို့ပြုလျှင် ထိုအလုံးအရင်းရှိရာသို့ လမ်းပြပါမည်ဟု ဆိုသည်အတိုင်း၊ ဒါဝိဒ်သည် ကျိန်ဆိုခြင်းကို ပြုလေ၏။
30:16 လူကလေးသည် လမ်းပြ၍ ဒါဝိဒ်ရောက်သောအခါ၊ ထိုလူများတို့သည် ဖိလိတ္တိပြည်နှင့် ယုဒပြည်ထဲကသိမ်းယူသော ဥစ္စာပစ္စည်းများအပေါင်းတို့ကြောင့် စားသောက်လျက်၊ ကခုန်လျက် မြေတစ်ပြင်လုံး၌ အနှံ့အပြားရှိကြ၏။
30:17 ဒါဝိဒ်သည်လည်း ညဥ့်ဦးမှစ၍ နက်ဖြန်ညဥ့်ဦးတိုင်အောင် သူတို့ကိုလုပ်ကြံသဖြင့်၊ ကုလားအုတ်ကို စီး၍ပြေးသော လုလင်လေးရာမှတစ်ပါး လူတစ်ယောက်မျှ မလွတ်။
30:18 အာမလက်လူတို့သည် သိမ်းသွားသမျှတို့ကို ဒါဝိဒ်သည်ရပြန်၍၊ မိမိမယားနှစ်ယောက်ကိုလည်း ကယ်နုတ်လေ၏။
30:19 လူအကြီးအငယ်၊ သားသမီး၊ ဥစ္စာပစ္စည်း၊ လုယူသိမ်းသွားသမျှတို့တွင် တစ်စုံတစ်ခုမျှမကျန်၊ အလုံးစုံတို့ကို ဒါဝိဒ်သည် ရပြန်လေ၏။
30:20 ဒါဝိဒ်သည်လည်း ထိုသိုးနွားများရှေ့မှာ အရင်နှင်သော သိုးနွားအပေါင်းတို့ကိုလည်း ယူ၍၊ ဤဥစ္စာသည် ဒါဝိဒ်ပိုင်သော လက်ရဥစ္စာဖြစ်သည်ဟု ဆို၏။
30:21 မော၍ ဒါဝိဒ်နောက်သို့ မလိုက်နိုင်၊ ဗေသော်ချောင်းနားမှာ နေရစ်သော လူနှစ်ရာရှိရာသို့ ဒါဝိဒ်ရောက်၍၊ သူတို့သည် ဒါဝိဒ်နှင့် သူ့၌ပါသောလူတို့ကို ခရီးဦးကြိုပြုလိုသောငှာ ထွက်လာသဖြင့်၊ ဒါဝိဒ်သည် အနီးသို့ရောက်သောအခါ သူတို့ကိုနှုတ်ဆက်လေ၏။
30:22 ဒါဝိဒ်နှင့် လိုက်သွားသောသူတို့တွင် အဓမ္မလူဆိုးများတို့က၊ ဤသူတို့သည် ငါတို့နှင့်မလိုက်သောကြောင့်၊ ငါတို့ရသော ဥစ္စာတို့တွင် သူတို့သားမယားမှတစ်ပါး အခြားသောဥစ္စာကို သူတို့အားမပေးရ။ ကိုယ်သားမယားကို ယူ၍ ထွက်သွားကြစေဟု ဆိုကြ၏။
30:23 ဒါဝိဒ်ကလည်း၊ ငါ့ညီအစ်ကိုတို့ ငါတို့ကို စောင့်မ၍ ငါတို့ကိုတိုက်လာသော အလုံးအရင်းကို ငါတို့လက်သို့ အပ်တော်မူသော ထာဝရဘုရားပေးသနားတော်မူသော ဥစ္စာကို ထိုသို့မပြုရ။
30:24 ဤအမှု၌ သင်တို့စကားကို အဘယ်သူ နားထောင်လိမ့်မည်နည်း။ စစ်တိုက်သွားသောသူ ရသည်အတိုင်း၊ ဥစ္စာကိုစောင့်လျက် နေရစ်သောသူ ရစေ။ နှစ်ပါးစလုံးတို့သည် အညီအမျှခံစေဟု စီရင်၏။
30:25 ထိုနေ့မှစ၍ ယနေ့တိုင်အောင် ဣသရေလအမျိုး၌ ထိုသို့သော ထုံးစံဖြစ်စေခြင်းငှာ စီရင်ထုံးဖွဲ့သတည်း။
30:26 ဒါဝိဒ်သည် ဇိကလတ်မြို့သို့ ရောက်သောအခါ၊ လက်ရဥစ္စာအချို့ကို မိမိအဆွေခင်ပွန်း၊ ယုဒအမျိုး အသက်ကြီးသူတို့ထံသို့ ပေးလိုက်၍၊ ထာဝရဘုရား၏ ရန်သူလက်မှရခဲ့သော ဥစ္စာထဲက သင်တို့အဖို့လက်ဆောင်ကို ကြည့်လော့ဟုမှာလိုက်၏။
30:27 ဗေသလမြို့၊ တောင်ရာမုတ်မြို့၊ ယတ္တိယမြို့၊
30:28 အာရော်မြို့၊ ရှိဖမုတ်မြို့၊ ဧရှတမောမြို့၊
30:29 ရာခလမြို့၊ ယေရမေလလူ နေရာမြို့များ၊ ကေနိလူ နေရာမြို့များ၊
30:30 ဟောမာမြို့များ၊ ခေါရာရှန်မြို့၊ အာသက်မြို့၊
30:31 ဟေဗြုန်မြို့မှစ၍ ဒါဝိဒ်နှင့် သူ၏လူတို့သည် တည်းခိုတတ်သော မြို့ရွာအရပ်ရပ်သို့ ပေးလိုက်သတည်း။