1 Samuel 5
5:1 ဖိလိတ္တိလူတို့သည် ဘုရားသခင်၏သေတ္တာတော်ကိုယူ၍ ဧဗနေဇာမြို့မှ အာဇုတ်မြို့သို့ ဆောင်သွားကြ၏။
5:2 ဘုရားသခင်၏သေတ္တာတော်ကို ဒါဂုန်ကျောင်းထဲသို့သွင်း၍ ဒါဂုန်အနားမှာ ထားကြ၏။
5:3 အာဇုတ်မြို့သားတို့သည် နံနက်စောစောထကြသောအခါ၊ ဒါဂုန်သည် ထာဝရဘုရား၏ သေတ္တာတော်ရှေ့၌ မြေပေါ်မှာလဲ၍ ပျပ်ဝပ်လျက်ရှိသည်ကို တွေ့သဖြင့်၊ သူ့ကိုယူ၍ သူ၏နေရာ၌ တင်ထားပြန်ကြ၏။
5:4 တစ်ဖန် နက်ဖြန်နံနက်စောစောထကြသောအခါ၊ ဒါဂုန်သည် ထာဝရဘုရား၏ သေတ္တာတော်ရှေ့၌ မြေပေါ်မှာလဲ၍ ပျပ်ဝပ်လျက်၊ ခေါင်းနှင့် လက်ဝါးနှစ်ဖက်ပြတ်၍ တံခါးခုံပေါ်မှာတင်လျက်၊ ဒါဂုန်၌ ကိုယ်တိတိရှိသည်ကို တွေ့ကြ၏။
5:5 ထိုကြောင့် ဒါဂုန်၏ယဇ်ပုရောဟိတ်များ၊ ဒါဂုန်ကျောင်းသို့ ဝင်သောသူများတို့သည်၊ အာဇုတ်မြို့၌ရှိသော ဒါဂုန်ကျောင်းတံခါးခုံကို ယနေ့တိုင်အောင် ကျော်နင်းလေ့မရှိကြ။
5:6 အာဇုတ်မြို့နှင့် မြို့နယ်၌နေသောသူတို့အပေါ်မှာ၊ ထာဝရဘုရားသည် လေးသောလက်တော်နှင့် ဖျက်တော်မူ၏။ မြင်းသရိုက်အနာနှင့်လည်း ဒဏ်ခတ်တော်မူ၏။
5:7 အာဇုတ်မြို့သားတို့သည် ထိုအမှုကိုမြင်လျှင်၊ ဣသရေလအမျိုး၏ဘုရားသခင်သည် ငါတို့နှင့် ငါတို့ဘုရားဒါဂုန်အပေါ်မှာ လေးသောလက်တော်ကို တင်တော်မူသည်ဖြစ်၍၊ ထိုဘုရားသခင်၏သေတ္တာတော်ကို ငါတို့တွင်မရှိစေရဟုဆိုလျက်၊
5:8 လူကိုစေလွှတ်၍ ဖိလိတ္တိမင်းအပေါင်းတို့ကို စုဝေးစေပြီးလျှင်၊ ဣသရေလအမျိုး၏ ဘုရားသခင့် သေတ္တာတော်ကို အဘယ်သို့ပြုရပါမည်နည်းဟု မေးကြ၏။ မင်းများကလည်း၊ ဣသရေလအမျိုး၏ဘုရားသခင့်သေတ္တာတော်ကို ဂါသမြို့သို့ ဆောင်သွားစေဟု စီရင်သည်အတိုင်း ဆောင်သွားကြ၏။
5:9 ထိုမြို့သို့ဆောင်သွားသောနောက်၊ ထာဝရဘုရား၏လက်တော်သည် ထိုမြို့၌ ကြီးစွာသောဖျက်ဆီးခြင်းကိုပြု၍၊ မြို့သူမြို့သား အကြီးအငယ်တို့ကို ဒဏ်ခတ်တော်မူသဖြင့်၊ ကိုယ်အတွင်း၌ မြင်းသရိုက်အနာကို ခံရကြ၏။
5:10 တစ်ဖန် ဘုရားသခင်၏ သေတ္တာတော်ကို ဧကြုန်မြို့သို့ ပို့လိုက်သဖြင့်၊ ထိုမြို့သို့ရောက်သောအခါ၊ မြို့သူမြို့သားတို့က၊ ငါတို့နှင့် ငါတို့လူများကိုသတ်စေခြင်းငှာ၊ ဣသရေလအမျိုး၏ဘုရားသခင့်သေတ္တာတော်ကို ဆောင်ခဲ့ပါသည်တကားဟု ဟစ်ကြော်လျက်၊
5:11 လူကိုစေလွှတ်၍ ဖိလိတ္တိမင်းအပေါင်းတို့ကို စုဝေးစေပြီးလျှင်၊ ဣသရေလအမျိုး၏ ဘုရားသခင့် သေတ္တာတော်သည် ငါတို့နှင့်ငါတို့လူများကို မသတ်စေခြင်းငှာ လွှတ်လိုက်ကြကုန်အံ့၊ မိမိနေရင်းအရပ်သို့ သွားပါလေစေဟု ဆိုကြ၏။ အကြောင်းမူကား၊ ဘုရားသခင်သည် အလွန်လေးသော လက်တော်ကို တင်တော်မူသဖြင့်၊ တစ်မြို့လုံးသေစေတတ်သော အနာရောဂါ နှံ့ပြားလေ၏။
5:12 သေဘေးနှင့်လွတ်သော်လည်း မြင်းသရိုက်နာဖြင့် ဒဏ်ခတ်ခြင်းကိုခံရ၍၊ ထိုမြို့အော်ဟစ်သောအသံသည် မိုးကောင်းကင်သို့ တက်လေ၏။