1 Samuel 6
6:1 ထာဝရဘုရား၏ သေတ္တာတော်သည် ဖိလိတ္တိပြည်၌ ခုနစ်လနေပြီးမှ၊
6:2 ဖိလိတ္တိလူတို့သည် ယဇ်ပုရောဟိတ်များ၊ ပရောဖက်လုပ်သူများတို့ကို ခေါ်၍ ထာဝရဘုရား၏ သေတ္တာတော်ကို အဘယ်သို့ ပြုရပါမည်နည်း။ သူနေရင်းအရပ်သို့ အဘယ်သို့သော ပူဇော်သကာနှင့် လွှတ်လိုက်ရပါမည်နည်းဟု မေးမြန်းကြ၏။
6:3 သူတို့ကလည်း၊ ဣသရေလအမျိုး၏ဘုရားသခင့်သေတ္တာတော်ကို လွှတ်လိုက်လျှင် ကိုယ်ချည်း မလွှတ်လိုက်ကြနှင့်။ ဒုစရိုက်ပူဇော်သကာကို ဆက်ဆက်ပေးလိုက်ရမည်။ သို့ပြုလျှင် ရောဂါငြိမ်းလိမ့်မည်။ အဘယ်ကြောင့် လက်တော်မရွေ့သေးသည်ကို သိကြလိမ့်မည်ဟု ဆိုကြ၏။
6:4 အဘယ်အရာကို ဒုစရိုက်ဖြေရာပူဇော်သကာဖို့ ပြန်ပေးလိုက်ရပါမည်နည်းဟု မေးလျှင်၊ ဖိလိတ္တိမင်း အရေအတွက်အတိုင်း ရွှေမြင်းသရိုက်ပုံငါးခုနှင့် ရွှေကြွက်ငါးကောင်ကိုပေးလိုက်ရမည်။ သင်တို့နှင့် သင်တို့မင်းများ၌ ရောဂါတစ်ပါးတည်း စွဲလျက်ရှိ၏။
6:5 ထိုကြောင့် မြင်းသရိုက်ပုံ၊ မြေကိုဖျက်တတ်သော ကြွက်ပုံတို့ကို လုပ်၍ ဣသရေလအမျိုး၏ ဘုရားသခင်ဂုဏ်တော်ကို ချီးမွမ်းရကြမည်။ လက်တော်သည် သင်တို့နှင့် သင်တို့ဘုရားအပေါ်၊ သင်တို့မြေအပေါ်မှာ ပေါ့ကောင်းပေါ့လိမ့်မည်။
6:6 သို့ဖြစ်၍ ဖာရောဘုရင်နှင့် အဲဂုတ္တုလူတို့သည် ခိုင်မာသော စိတ်နှလုံးရှိသကဲ့သို့ အဘယ်ကြောင့် ခိုင်မာသော စိတ်နှလုံးရှိကြသနည်း။ သူတို့တွင် အထူးသဖြင့် ပြုတော်မူသောအခါ၊ သူတို့သည် လွှတ်လိုက်၍ ဣသရေလလူတို့သည် သွားကြ၏။
6:7 ယခုမှာ လှည်းသစ်ကိုလုပ်ပြီးမှ ထမ်းပိုးမတင်၊ သားငယ်ရှိသော နွားမနှစ်ကောင်ကို လှည်း၌က၍၊ နွားသငယ်တို့ကို သူ့နေရာသို့ ပို့ကြလော့။
6:8 ထာဝရဘုရား၏သေတ္တာတော်ကို လှည်းပေါ်မှာတင်၍ ပြန်ပေးလိုက်သော ဒုစရိုက်ဖြေရာပူဇော်သကာတည်းဟူသော ရွှေတန်ဆာတို့ကို သေတ္တာတော်နားမှာ အခြားသောသေတ္တာ၌ ထားပြီးလျှင် လွှတ်လိုက်၍ သွားပါလေစေ။
6:9 သေတ္တာတော်သည် မိမိပြည်သို့သွားသောလမ်း ဗက်ရှေမက်မြို့သို့လိုက်လျှင်၊ ထိုဘုရားသခင်သည် ဤဘေးကြီးကို ငါတို့၌ ဖြစ်စေပြီ။ သို့မဟုတ် ဒဏ်ခတ်တော်မူသောကြောင့် ငါတို့မခံ၊ အလိုလို ခံရသည်ကို သိရကြမည်ဟု စီရင်သည်အတိုင်း၊
6:10 လူများတို့သည် ပြုသဖြင့်၊ သားငယ်ရှိသော နွားမနှစ်ကောင်ကို လှည်း၌က၍၊ နွားသငယ်တို့ကို သူ့နေရာ၌ ချုပ်ထားကြ၏။
6:11 ထာဝရဘုရား၏ သေတ္တာတော်နှင့်တကွ ရွှေကြွက်များ၊ မြင်းသရိုက်ပုံများပါသော သေတ္တာတော်ကို လှည်းပေါ်မှာ တင်ကြ၏။
6:12 နွားမတို့သည် ဗက်ရှေမက်လမ်းသို့ တည့်တည့်လိုက်၍ မြည်တွန်လျက် သွားကြ၏။ လက်ယာဘက် လက်ဝဲဘက်သို့မလွှဲ လမ်းမသို့သာ လိုက်ကြ၏။ ဖိလိတ္တိမင်းတို့သည် ဗက်ရှေမက်မြို့နယ်တိုင်အောင် လိုက်ကြ၏။
6:13 ဗက်ရှေမက်မြို့သားတို့သည် ချိုင့်၌ ဂျုံ၊ စပါးကိုရိတ်လျက် မျှော်ကြည့်၍ သေတ္တာတော်ကိုမြင်သောအခါ ဝမ်းမြောက်ကြ၏။
6:14 လှည်းသည် ဗက်ရှေမက်မြို့သား ယောရှု၏လယ်ကွက်ထဲသို့ ဝင်၍ ကျောက်ကြီးအနားမှာ ရပ်နေ၏။ ထိုသူတို့သည် လှည်းကိုချိုးခွဲပြီးလျှင် နွားမတို့ကို ထာဝရဘုရားအား မီးရှို့ရာယဇ်ပြု၍ ပူဇော်ကြ၏။
6:15 ထိုအခါ လေဝိသားတို့သည် ထာဝရဘုရား၏သေတ္တာတော်နှင့် ရွှေတန်ဆာပါသော သေတ္တာကိုချ၍ ကျောက်ကြီးပေါ်မှာ တင်ထားပြီးလျှင်၊ ဗက်ရှေမက်မြို့သားတို့သည် ထိုနေ့ချင်းတွင် မီးရှို့ရာယဇ်မှစ၍ ယဇ်မျိုးကို ထာဝရဘုရားအား ပူဇော်ကြ၏။
6:16 ထိုအမှုကို ဖိလိတ္တိမင်းငါးယောက်တို့သည် မြင်ပြီးမှ၊ ထိုနေ့ချင်းတွင် ဧကြုန်မြို့သို့ ပြန်သွားကြ၏။
6:17 ထာဝရဘုရားအား ပြန်ပေးသော ဒုစရိုက်ဖြေရာပူဇော်သကာတည်းဟူသော ရွှေမြင်းသရိုက်ပုံတို့ကား၊ အာဇုတ်မြို့ဖို့တစ်ခု၊ ဂါဇမြို့ဖို့တစ်ခု၊ အာရှကေလုန်မြို့ဖို့တစ်ခု၊ ဂါသမြို့ဖို့တစ်ခု၊ ဧကြုန်မြို့ဖို့တစ်ခု ဖြစ်သတည်း။
6:18 ရွှေကြွက်တို့ကား၊ ထာဝရဘုရား၏သေတ္တာတော်ကို တင်ထားသော ကျောက်ကြီးတိုင်အောင် ခိုင်ခံ့သောမြို့ဖြစ်စေ၊ တောရွာဖြစ်စေ၊ ဖိလိတ္တိမင်းငါးပါးဆိုင်သမျှသော မြို့ရွာအရေအတွက်အတိုင်း ဖြစ်သတည်း။ ထိုကျောက်ကား ယနေ့တိုင်အောင် ဗက်ရှေမက်မြို့သား ယောရှု၏လယ်ကွက်၌ရှိ၏။
6:19 ဗက်ရှေမက်မြို့သားတို့သည် ထာဝရဘုရား၏ သေတ္တာတော်ထဲသို့ ကြည့်ရှုမိသောကြောင့်၊ လူခုနစ်ဆယ်နှင့် လူငါးသောင်းတို့သည် ဒဏ်ခတ်တော်မူခြင်းကို ခံရကြ၏။ ထိုသို့ ထာဝရဘုရားသည် ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် ဒဏ်ပေးတော်မူသောကြောင့်၊ လူများတို့သည် ငိုကြွေးမြည်တမ်းကြ၏။
6:20 ဗက်ရှေမက်မြို့သားတို့က၊ သန့်ရှင်းတော်မူသော ဤဘုရားသခင် ထာဝရဘုရားရှေ့တော်၌ အဘယ်သူ ရပ်နေနိုင်သနည်း။ ငါတို့အရပ်က၊ အဘယ်သူရှိရာသို့ ကြွသွားတော်မူမည်နည်းဟု ဆိုသဖြင့်၊
6:21 ကိရယတ်ယာရိမ် မြို့သားတို့ထံသို့ လူကိုစေလွှတ်၍ ဖိလိတ္တိလူတို့သည် ထာဝရဘုရား၏သေတ္တာတော်ကို တစ်ဖန်ပို့ကြပြီ။ သင်တို့လာ၍ ဆောင်သွားကြပါတော့ဟု မှာလိုက်ကြ၏။