1 Samuel 8
8:1 ရှမွေလသည် အသက်ကြီးသောအခါ၊ မိမိသားတို့ကို ဣသရေလအမျိုး၌ အုပ်စိုးရသောအခွင့်နှင့် ခန့်ထား၏။
8:2 သားဦးအမည်ကား ယောလ၊ ဒုတိယသားအမည်ကား အဘိရတည်း။ ထိုသူတို့သည် ဗေရရှေဗမြို့၌ တရားသူကြီးလုပ်ကြ၏။
8:3 သို့ရာတွင် အဘလမ်းသို့မလိုက်။ ငွေကိုတပ်မက်သောစိတ်နှင့် လွဲသွား၍ တံစိုးစားလျက် တရားကိုဖျက်ကြ၏။
8:4 ထိုအခါ ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့သည် စည်းဝေး၍၊ ရှမွေလရှိရာအရပ် ရာမမြို့သို့လာပြီးလျှင်၊
8:5 ကိုယ်တော်သည် အသက်ကြီးပါ၏။ ကိုယ်တော်၏သားတို့သည် ကိုယ်တော်လမ်းသို့ မလိုက်ကြပါ။ လူမျိုးအပေါင်းတို့၏ ထုံးစံရှိသည်အတိုင်း အကျွန်ုပ်တို့ကို အုပ်စိုးရသောရှင်ဘုရင်ကို ချီးမြှောက်ပါလော့ဟု လျှောက်ကြ၏။
8:6 ထိုသို့ အကျွန်ုပ်တို့ကို အုပ်စိုးရသော ရှင်ဘုရင်ကို ပေးပါလော့ဟု လျှောက်သောအမှုကို ရှမွေလသည် မနှစ်သက်သောကြောင့် ထာဝရဘုရားအားဆုတောင်းလေ၏။
8:7 ထာဝရဘုရားကလည်း၊ သင့်အား လူများတို့ပြောဆိုသမျှသော စကားကို နားထောင်လော့။ သူတို့သည် သင့်ကိုသာမပယ်၊ ငါသည် သူတို့ကိုမအုပ်စိုးစေခြင်းငှာ ငါ့ကိုလည်းပယ်ကြပြီ။
8:8 သူတို့ကို အဲဂုတ္တုပြည်မှ ငါဆောင်ခဲ့သောနေ့မှစ၍ ယနေ့တိုင်အောင် ငါ့ကိုစွန့်၍ အခြားတစ်ပါးသော ဘုရားတို့ကို ဝတ်ပြုသဖြင့် ကျင့်မိသမျှသော အကျင့်အတိုင်း သင်၌လည်းပြုကြ၏။
8:9 ယခုမှာ သူတို့စကားကို နားထောင်လော့။ သို့ရာတွင် သတိပေး၍ သူတို့ကိုအုပ်စိုးသော ရှင်ဘုရင်၏ထုံးစံကို ပြလော့ဟု မိန့်တော်မူ၏။
8:10 ရှမွေလသည်လည်း၊ ရှင်ဘုရင်ကို တောင်းသောသူတို့အား ထာဝရဘုရား အမိန့်တော်ရှိသမျှကို ပြန်ပြော၍၊
8:11 သင်တို့ကို အုပ်စိုးသော ရှင်ဘုရင်၏ထုံးစံဟူမူကား၊ သင်တို့သားများကိုယူ၍ မိမိရထားထိန်း၊ မြင်းထိန်းအရာ၌ ခန့်ထား၍၊ အချို့တို့သည်လည်း သူ၏ရထားရှေ့မှာ ပြေးရကြမည်။
8:12 လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ်အရာ၌ ခန့်ထား၍၊ လယ်လုပ်ခြင်း၊ စပါးရိတ်ခြင်း၊ စစ်တိုက်တန်ဆာ၊ ရထားတန်ဆာကိုလုပ်ခြင်းအမှုများကို ဝေဖန်လိမ့်မည်။
8:13 သင်တို့သမီးများကိုလည်း ယူ၍၊ ခဲဖွယ်စားဖွယ်တို့ကို ပြင်ဆင်စေခြင်းငှာလည်းကောင်း၊ စားတော်ကဲ၊ မုန့်သည် ဖြစ်စေခြင်းငှာလည်းကောင်း ခန့်ထားလိမ့်မည်။
8:14 သင်တို့လယ်ကွက်၊ စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ် အကောင်းဆုံးတို့ကိုယူ၍ မိမိကျွန်တို့အား ပေးလိမ့်မည်။
8:15 သင်တို့မျိုးစေ့ စပျစ်သီး ဆယ်ဖို့တစ်ဖို့ကိုယူ၍ သူ၏အရာရှိ အမှုထမ်းတို့အား ပေးလိမ့်မည်။
8:16 သင်တို့ကျွန်၊ ကျွန်မ၊ အကောင်းဆုံးသော လုလင်၊ မြည်းများကိုယူ၍ သူ၏အမှုကို လုပ်ကိုင်စေလိမ့်မည်။
8:17 သင်တို့သိုးစု ဆယ်ဖို့တစ်ဖို့ကိုလည်းယူ၍ သင်တို့သည် သူ၏ကျွန်ခံရကြမည်။
8:18 သင်တို့ရွေးယူသော ရှင်ဘုရင်ကြောင့်၊ ထိုနေ့၌ သင်တို့ အော်ဟစ်သော်လည်း၊ ထာဝရဘုရားသည် နားထောင်တော်မမူဟု သတိပေးလေ၏။
8:19 သို့သော်လည်း လူများတို့က၊ မဟုတ်ပါ။ အုပ်စိုးသော ရှင်ဘုရင်ကို လိုချင်ပါ၏။
8:20 အကျွန်ုပ်တို့သည် တစ်ပါးအမျိုးသားအပေါင်းတို့နှင့် တူမည်အကြောင်း အကျွန်ုပ်တို့ကို အုပ်စိုးသော ရှင်ဘုရင်ရှိရမည်။ အကျွန်ုပ်တို့ရှေ့မှာထွက်ကြွ၍ စစ်တိုက်ရမည်ဟု ရှမွေလ၏စကားကို နားမထောင်ဘဲ ဆိုကြ၏။
8:21 ထိုသူတို့၏ စကားများကို ရှမွေလသည်ကြားလျှင်၊ ထာဝရဘုရားရှေ့တော်၌ လျှောက်လေ၏။
8:22 ထာဝရဘုရားကလည်း၊ သူတို့စကားကိုနားထောင်၍ သူတို့အဖို့ ရှင်ဘုရင်ကို ချီးမြှောက်လော့ဟု မိန့်တော်မူသဖြင့်၊ ရှမွေလက၊ သင်တို့အသီးအသီး နေရာမြို့ရွာသို့ ပြန်သွားကြလော့ဟု ဣသရေလလူတို့အား ပြောဆိုလေ၏။