1 Samuel 9
9:1 ဗင်္ယာမိန်အမျိုးသား အာဖိ၊ ဗေခေါရတ်၊ ဇေရော်၊ အဗျေလမှ ဆင်းသက်၍ ကိရှအမည်ရှိသော ဗင်္ယာမိန်အမျိုးသားတစ်ယောက် ရှိ၏။ သူသည်အလွန် ခွန်အားကြီးသောသူ ဖြစ်၏။
9:2 ထိုသူ၌ ရှောလုအမည်ရှိသောသားတစ်ယောက်ရှိ၏။ ထိုသားသည် အဆင်းလှ၍ ထူးဆန်းသော သူဖြစ်၏။ ဣသရေလအမျိုးသားတို့တွင် ထိုသူထက်သာ၍ အဆင်းလှသောသူ တစ်ယောက်မျှမရှိ။ သူသည် အခြားသောသူထက် ပခုံးအထက်မှာ အရပ်သာ၍မြင့်၏။
9:3 ရှောလုအဘ ကိရှ၏မြည်းတို့သည် ပျောက်သောကြောင့်၊ ကိရှက၊ သင်သည် ငယ်သားတစ်ယောက်ကိုခေါ်၍ မြည်းတို့ကို ရှာအံ့သောငှာ ထသွားလော့ဟု မိမိသားရှောလုအား ဆိုသည်အတိုင်း၊
9:4 သူတို့သည် ဧဖရိမ်တောင်အရပ်နှင့် ရှလိရှအရပ်တစ်လျှောက်လုံး၌ ရှာ၍မတွေ့လျှင်၊ တစ်ဖန် ရှာလိမ်အရပ်မှသည် ဗင်္ယာမိန်အရပ်များ တစ်လျှောက်လုံး၌ မတွေ့။
9:5 ဇုဖအရပ်သို့ ရောက်သောအခါ၊ ရှောလုက၊ ပြန်ကြစို့။ သို့မဟုတ် အဘသည် မြည်းတို့ကြောင့် မစိုးရိမ်၊ ငါတို့ကြောင့် စိုးရိမ်လိမ့်မည်ဟု ငယ်သားကိုပြောဆိုလျှင်၊
9:6 ငယ်သားက၊ ဤမြို့၌ အသရေထင်ရှားသော ဘုရားသခင်၏ လူတစ်ယောက်ရှိ၏။ သူပြောသမျှသော စကားသည် ဧကန်အမှန် ပြည့်စုံတတ်၏။ သူ့ထံသို့ သွားကြစို့။ ငါတို့ သွားရသောလမ်းကို သူပြကောင်းပြလိမ့်မည်ဟု ဆို၏။
9:7 ရှောလုကလည်း၊ သွားလျှင် အဘယ်အရာကို လှူရမည်နည်း။ ငါတို့၌ပါသော မုန့်ကုန်ပြီ။ ဘုရားသခင်၏လူကို လှူစရာအလှူ တစ်စုံတစ်ခုမျှ မရှိ။ ငါတို့၌ တစ်စုံတစ်ခုရှိသေးသလောဟု ငယ်သားအားမေးသော်၊
9:8 ငယ်သားက၊ ကျွန်တော်လက်၌ ငွေတစ်မတ်ရှိပါ၏။ ငါတို့ကို လမ်းပြသည်အတွက် ဘုရားသခင်၏လူအားပေးပါမည်ဟု ရှောလုအားပြန်ပြော၏။
9:9 ရှေးကာလ၌ ဣသရေလအမျိုးသားတို့သည် ဘုရားသခင်ကို မေးမြန်းခြင်းငှာသွားမည်ဟု အကြံရှိလျှင်၊ မြင်သောသူထံသို့ သွားကြစို့ဟု ဆိုတတ်ကြ၏။ ပရောဖက်ဟူ၍ခေါ်ဝေါ်သောသူကို ရှေးကာလ၌ မြင်သောသူဟူ၍ ခေါ်ဝေါ်ကြသတည်း။
9:10 ရှောလုကလည်း၊ ကောင်းပြီသွားကြစို့ဟု ငယ်သားအားဆိုလျက်၊ ဘုရားသခင်၏လူရှိရာမြို့သို့ သွားကြ၏။
9:11 မြို့ပြင်ကုန်းပေါ်သို့ ရောက်သောအခါ၊ ရေခပ်လာသော မိန်းမပျိုတို့ကိုတွေ့၍၊ ဤအရပ်၌ မြင်သောသူရှိသလောဟု မေးသော်၊
9:12 ရှိပါ၏။ သင်တို့ရှေ့မှာ ရှိပါ၏။ အလျင်အမြန်သွားတော့။ မြင်သောသူသည် ဤမြို့သို့ ယနေ့လာပြီ။ လူများတို့သည် မြင့်သောအရပ်၌ ယနေ့ယဇ်ပွဲကို ဆောင်ကြ၏။
9:13 ဆရာသည် မြင့်သောအရပ်၌ ယဇ်သားကိုစားအံ့သောငှာ မတက်မီ သင်တို့သည် မြို့ထဲသို့ဝင်လျှင် ချက်ချင်းတွေ့လိမ့်မည်။ သူမရောက်မီ လူများတို့သည် မစားတတ်ကြ။ သူသည် ယဇ်ပွဲ၌ ဘုရားဝတ်ကို ပြုတတ်၏။ ဝတ်ပြုပြီးမှ ခေါ်ဖိတ်သော သူတို့သည် စားတတ်ကြ၏။ ယခုမှာ သွားလျှင် တွေ့ကြလိမ့်မည်ဟု ပြန်ပြောသည်နှင့်အညီ၊
9:14 သူတို့သည် မြို့ထဲသို့ဝင်၍ ရှမွေလသည် မြင့်သောအရပ်သို့ တက်သွားလျက် သူတို့ကို ဆီး၍ကြိုလေ၏။
9:15 ရှောလုမရောက်မီ မနေ့၌ ထာဝရဘုရားက၊ နက်ဖြန်နေ့၊
9:16 ဤအချိန်၌ ဗင်္ယာမိန်ပြည်မှ လူတစ်ယောက်ကို သင်ရှိရာသို့ ငါစေလွှတ်မည်။ သင်သည် ထိုသူကို ငါ၏လူ ဣသရေလအမျိုး၏မင်းအရာ၌ ခန့်ထား၍ ဆီလောင်းခြင်းဘိသိက်ကိုပေးရမည်။ သူသည် ငါ၏လူတို့ကို ဖိလိတ္တိလူတို့လက်မှ ကယ်တင်ရလိမ့်မည်။ ငါသည် သူတို့အော်ဟစ်သံကိုကြား၍၊ သူတို့ကို ကြည့်ရှုသည်ဟု ရှမွေလနားအပါး၌ မိန့်တော်မူနှင့်ပြီ။
9:17 ရှမွေလသည် ရှောလုကို မြင်သောအခါ၊ ထာဝရဘုရားက၊ ငါပြောသောသူကို ကြည့်လော့၊ ဤသူသည် ငါ၏လူတို့ကို အုပ်ချုပ်ရလိမ့်မည်ဟု မိန့်တော်မူ၏။
9:18 ထိုအခါ ရှောလုသည် ရှမွေလရှိရာ တံခါးဝသို့ ချဉ်းကပ်လျှင်၊ မြင်သောသူ၏အိမ်ကို ပြပါလော့ဟု တောင်းပန်သော်၊
9:19 ရှမွေလက၊ ငါသည် မြင်သောသူဖြစ်၏။ ငါ့ရှေ့မှာ မြင့်သောအရပ်သို့ တက်သွားလော့။ ယနေ့ ငါနှင့်အတူ စားရမည်။ နက်ဖြန်နေ့ ငါလွှတ်လိုက်မည်။ သင့်စိတ်နှလုံးထဲမှာ ရှိသမျှကိုလည်း ငါဖော်ပြမည်။
9:20 တမြန်နေ့ကပျောက်သော သင်၏မြည်းတို့ကို မအောက်မေ့နှင့် တွေ့လျက်ရှိပြီ။ ဣသရေလအမျိုးသည် အဘယ်သူကို အလိုရှိသနည်း။ သင်နှင့် သင်၏အဆွေအမျိုးအပေါင်းကို အလိုရှိသည်မဟုတ်လောဟု ရှောလုအားပြောဆို၏။
9:21 ရှောလုကလည်း၊ အကျွန်ုပ်သည် ဣသရေလအမျိုးတို့တွင် အငယ်ဆုံးသောအမျိုး၊ ဗင်္ယာမိန်အမျိုးသားဖြစ်ပါသည် မဟုတ်လော။ အကျွန်ုပ်အဆွေအမျိုးသည် ဗင်္ယာမိန်အဆွေအမျိုးအပေါင်းတို့တွင် အငယ်ဆုံးဖြစ်ပါသည်မဟုတ်လော။ ကိုယ်တော်သည် အကျွန်ုပ်အားအဘယ်ကြောင့် ဤသို့ပြောပါသနည်းဟု လျှောက်လေ၏။
9:22 ထိုအခါ ရှမွေလသည် ရှောလုနှင့် သူ၏ငယ်သားကိုခေါ်၍ အိမ်ခန်းထဲသို့ သွင်းပြီးလျှင်၊ ခေါ်ဖိတ်သောသူ သုံးဆယ်တို့တွင် အမြတ်ဆုံးသောအရပ်၌ထိုင်စေ၏။
9:23 ပွဲသူကြီးကိုလည်း ခေါ်ပြီးလျှင်၊ သင်၌ငါအပ်ပေး၍အခြားစီထားစေခြင်းငှာ၊ ငါမှာခဲ့သောအဖို့ကို ယူခဲ့တော့ဟု ဆိုသည်အတိုင်း၊
9:24 ပွဲသူကြီးသည် ပခုံးနှင့် ပခုံးပေါ်မှာခင်းသောအရာကို ယူ၍ ရှောလုရှေ့မှာထားလေ၏။ ရှမွေလကလည်း၊ ချန်ထားသောအရာကို ယူ၍စားတော့။ ခေါ်ဖိတ်သောသူတို့အား ပြောနှင့်သည်အတိုင်း သင့်အဖို့ ယခုတိုင်အောင် သိုထားလျက်ရှိပြီဟုဆို၍ ထိုနေ့၌ ရှောလုသည် ရှမွေလနှင့်အတူ စားသောက်လေ၏။
9:25 ထိုသူတို့သည် မြင့်သောအရပ်မှဆင်း၍ မြို့ထဲသို့ဝင်ပြီးလျှင်၊ ရှမွေလနှင့်ရှောလုတို့သည် အိမ်မိုးပေါ်မှာ စကားပြောလျက် နေကြ၏။
9:26 နံနက်စောစောထ၍ မိုးလင်းသောအခါ၊ ရှမွေလက၊ ထလော့။ သင့်ကို ငါလွှတ်လိုက်မည်ဟု ရှောလုကို အိမ်မိုးပေါ်မှာ ခေါ်ပြီးလျှင်၊ ရှောလုသည်ထ၍ ထိုသူနှစ်ယောက်တို့သည် ထွက်သွားကြ၏။
9:27 မြို့စွန်းသို့ ရောက်သောအခါ ရှမွေလက၊ သင်၏ငယ်သားကို ရှေ့သို့သွားစေခြင်းငှာပြောတော့ဟု ရှောလုအားဆိုသဖြင့်၊ ငယ်သားသည် ရှေ့သို့သွားလေ၏။ ရှမွေလကလည်း ရပ်နေတော့။ ဘုရားသခင်၏အမိန့်တော်ကို ငါပြန်မည်ဟုဆိုလျက်၊