2 Kings 10
10:1 အာဟပ်မင်း၏သားမြေးခုနစ်ဆယ်တို့သည် ရှမာရိမြို့တွင်နေထိုင်လျက်ရှိကြ၏။ ယေဟု သည်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ နှင့်အာဟပ်သားမြေးတို့၏အုပ်ထိန်းသူများ ထံသို့စာရေး၍ပို့လိုက်၏။ ထိုစာတွင်၊-
10:2 ``သင်တို့သည်မင်းကြီး၏သားမြေးများ ကိုတာဝန်ယူစောင့်ရှောက်ရကြသူများဖြစ် သဖြင့် သင်တို့၌စစ်ရထားတပ်၊ မြင်းတပ်၊ လက်နက်၊ ခံတပ်မြို့များရှိပေသည်။ ထို့ကြောင့် ဤစာကိုရလျှင်ရခြင်း၊-
10:3 သင်တို့သည်မင်းကြီး၏သားမြေးများထဲမှ အသင့်တော်ဆုံးသူကိုရွေးချယ်၍မင်းမြှောက် ပြီးလျှင် သူ၏ဘက်မှခုခံကာကွယ်တိုက်ခိုက် ကြလော့'' ဟုပါရှိ၏။
10:4 ရှမာရိမြို့ရှိအုပ်ချုပ်ရေးမှူးများသည် ထိတ် လန့်လျက်``ယေဟုအားယောရံမင်းနှင့်အာခဇိ မင်းတို့ပင်လျှင် မခံမရပ်နိုင်ကြပါလျှင် ငါ တို့အဘယ်သို့သူ့အားခံရပ်နိုင်ပါမည်နည်း'' ဟုဆိုကြ၏။-
10:5 သို့ဖြစ်၍နန်းတော်အုပ်၊ မြို့ဝန်၊ မြို့မိမြို့ဖ များနှင့်အာဟပ်သားမြေးတို့၏အုပ်ထိန်း သူများကယေဟုထံသို့``အကျွန်ုပ်တို့သည် အရှင်၏အစေခံများဖြစ်သဖြင့် အရှင့် အမိန့်တော်ကိုလိုက်နာရန်အသင့်ရှိပါ၏။ သို့ရာတွင်အကျွန်ုပ်တို့သည်အဘယ်သူကို မျှမင်းမြှောက်ကြလိမ့်မည်မဟုတ်ပါ။ အရှင် သင့်တော်သလိုစီမံတော်မူပါ'' ဟုပြန် စာရေး၍ပို့ကြ၏။
10:6 ယေဟုကလည်း``သင်တို့သည်ငါ၏ဘက်သို့ ပါ၍ ငါ့အမိန့်ကိုလိုက်နာရန်အသင့်ရှိပါ လျှင် အာဟပ်မင်း၏သားမြေးတို့၏ဦးခေါင်း များကို နက်ဖြန်ဤအချိန်အရောက်ငါ့ထံ သို့ယူဆောင်ခဲ့ကြလော့'' ဟုနောက်ထပ်စာ ရေးပေးပို့လိုက်လေသည်။ ရှမာရိမြို့ရှိမြို့မိမြို့ဖတို့သည် အာဟပ် မင်း၏သားမြေးခုနစ်ဆယ်ကိုအုပ်ထိန်း စောင့်ရှောက်လျက်ရှိကြ၏။-
10:7 သူတို့သည်ယေဟု၏စာကိုရရှိကြသော အခါ ထိုမင်းညီမင်းသားခုနစ်ဆယ်ကိုသတ် ပြီးလျှင် သူတို့၏ဦးခေါင်းများကိုတောင်း များတွင်ထည့်၍ ယေဇရေလမြို့ရှိယေဟု ထံသို့ပို့လိုက်ကြ၏။
10:8 ယင်းသို့အာဟပ်သားမြေးတို့၏ဦးခေါင်း များရောက်ရှိလာကြောင်းယေဟုကြားသိ လျှင် ယင်းတို့ကိုမြို့တံခါးဝတွင်နှစ်ပုံပုံ ၍နောက်တစ်နေ့နံနက်တိုင်အောင် ထားရှိရန် အမိန့်ပေး၏။-
10:9 နံနက်ရောက်သောအခါယေဟုသည် မြို့ တံခါးသို့သွား၍ရောက်ရှိနေသည့်လူတို့ အား``ယောရံမင်းကိုလုပ်ကြံခဲ့သူမှာငါ ပင်ဖြစ်၏။ ထိုအမှုအတွက်သင်တို့တွင် တာဝန်မရှိပါ။ သို့ရာတွင်ဤသူတို့ကို သတ်သောသူကားအဘယ်သူဖြစ်ပါ သနည်း။-
10:10 အာဟပ်၏သားမြေးများနှင့်ပတ်သက်၍ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း စီ ရင်တော်မူမည်ဖြစ်ကြောင်း ဤအမှုကို ထောက်၍သိရှိနိုင်ပါ၏။ ထာဝရဘုရား သည်ပရောဖက်ဧလိယအားဖြင့် မိန့် တော်မူခဲ့သည်နှင့်အညီ အကောင် အထည်ဖော်တော်မူလေပြီ'' ဟုပြော၏။-
10:11 ထိုနောက်ယေဟုသည်ယေဇရေလမြို့ တွင်နေထိုင်လျက်ရှိသော အာဟပ်၏ဆွေ မျိုးများ၊ သူ၏မှူးမတ်များ၊ ရင်းနှီးသော မိတ်ဆွေများနှင့်ယဇ်ပုရောဟိတ်များကို တစ်ယောက်မကျန်ကွပ်မျက်လေ၏။-
10:12 ယေဟုသည်ရှမာရိမြို့သို့သွားရန်ယေဇ ရေလမြို့မှထွက်ခွာသွား၏။ လမ်း၌သိုးထိန်း များစခန်းဟုအမည်တွင်သောအရပ်သို့ ရောက်သောအခါ၊-
10:13 သူသည်ကွယ်လွန်သူအာခဇိ၏ဆွေမျိုး အချို့နှင့်တွေ့၍ သူတို့အား``သင်တို့သည် အဘယ်သူများပေနည်း'' ဟုမေး၏။ ထိုသူတို့က``အာခဇိ၏ဆွေတော်မျိုးတော် များဖြစ်ပါသည်။ အကျွန်ုပ်တို့သည်ယေဇ ဗေလမိဖုရား၏သားတော်သမီးတော်များ နှင့် အခြားမင်းဆွေမင်းမျိုးတို့အားဂါရဝ ပြုရန် ယေဇရေလမြို့သို့သွားကြပါမည်'' ဟုဖြေကြားကြ၏။-
10:14 ယေဟုက``ဤသူတို့အားလက်ရဖမ်းဆီး ကြလော့'' ဟုမိမိ၏လူတို့အားအမိန့်ပေး သည့်အတိုင်း ဖမ်းဆီး၍တွင်းတစ်ခုအနီး တွင်လူပေါင်းလေးဆယ့်နှစ်ယောက်တို့ကို ကွပ်မျက်လေသည်။
10:15 ယေဟုသည်တစ်ဖန်ထွက်ခွာသွားသောအခါ လမ်း၌ရေခပ်၏သားယောနဒပ်နှင့်တွေ့လေ၏။ ယေဟုသည်သူ့ကိုနှုတ်ဆက်ပြီးလျှင်``သင်သည် ငါနှင့်စိတ်နေသဘောထားချင်းတူပါ၏။ သို့ ဖြစ်၍ငါ့အားကူညီမည်လော'' ဟုမေး၏။ ယောနဒပ်က``ကူညီပါမည်'' ဟုဖြေ၏။ ယေဟုက``ယင်းသို့ဖြစ်ပါမူငါ့အားသင်၏ လက်ကိုကမ်းပေးလော့'' ဟုဆို၏။ ယောနဒပ် ကလက်ကိုကမ်းပေးလိုက်သောအခါ ယေဟု သည်လက်ကိုဆွဲ၍ယောနဒဒ်အားရထား ပေါ်တက်စေပြီးသော်၊-
10:16 ငါနှင့်အတူလိုက်၍ထာဝရဘုရားအတွက် ငါအဘယ်မျှစိတ်ထက်သန်သည်ကိုသင် ကိုယ်တိုင်ကြည့်ရှု့လော့'' ဟုဆို၏။ သူတို့ နှစ်ဦးသည်အတူတကွ ရှမာရိမြို့သို့ ရထားစီး၍သွားကြ၏။-
10:17 ထိုမြို့သို့ရောက်သောအခါယေဟုသည် အာဟပ် ၏ဆွေမျိုးရှိသမျှတို့ကိုတစ်ယောက်မကျန် သတ်လေသည်။ ဤကားဧလိယအားထာဝရ ဘုရားမိန့်တော်မူခဲ့သည့်အတိုင်း ဖြစ်ပျက် ခြင်းပင်ဖြစ်သတည်း။
10:18 ယေဟုသည်ရှမာရိမြို့သားတို့အား စုဝေး စေပြီးသောအခါ``အာဟပ်မင်းသည်ဗာလ ဘုရားကိုအနည်းငယ်မျှသာကိုးကွယ်ခဲ့၏။ ငါသည်သူ့ထက်များစွာပို၍ထိုဘုရား ကိုကိုးကွယ်မည်။-
10:19 ဗာလဘုရား၏ပရောဖက်များ၊ ထိုဘုရား ကိုကိုးကွယ်သူများနှင့် ဗာလယဇ်ပုရော ဟိတ်များကိုခေါ်ဖိတ်ကြလော့။ ငါသည် ဗာလဘုရားအားတစ်ခမ်းတစ်နားယဇ် ပူဇော်မည်ဖြစ်၍ ထိုသူတို့အားလုံးလာ ရောက်ကြရမည်။ မည်သူတစ်စုံတစ်ယောက် မျှမလာဘဲမနေရ'' ဟုဆို၏။ (ယင်းသို့ ဆိုရာ၌ယေဟုသည် ဗာလဘုရားကို ကိုးကွယ်သူအပေါင်းအားသတ်ဖြတ်နိုင်ရန် ပရိယာယ်သုံးလိုက်ခြင်းဖြစ်ပေသည်။-)
10:20 ထိုနောက်ယေဟုက``ဗာလဘုရားကိုဝတ် ပြုကိုးကွယ်ရန် နေ့တစ်နေ့ကိုသတ်မှတ်ကြေ ညာကြလော့'' ဟုအမိန့်ပေးသည့်အတိုင်း ကြေညာချက်ထုတ်ပြန်ကြ၏။-
10:21 ထို့နောက်ယေဟုသည်ဣသရေလနိုင်ငံတစ် ဝှမ်းလုံးသို့သတင်းပေးပို့လိုက်သဖြင့် ဗာလ ဘုရားကိုကိုးကွယ်သူအပေါင်းတို့သည် တစ်ယောက်မကျန်လာရောက်ကြ၏။ ထိုသူ အားလုံးတို့သည်ဗာလဘုရားဗိမာန်ထဲ သို့ဝင်ကြရာ တစ်ဗိမာန်လုံးပြည့်လေသည်။-
10:22 ထိုအခါယေဟုသည်အမြတ်ထားသည့် ဝတ်လုံများကိုထိန်းသိမ်းရသူယဇ်ပုရော ဟိတ်အား ထိုဝတ်လုံတို့ကိုထုတ်၍ဝတ်ပြု ကိုးကွယ်သူတို့အားပေးအပ်စေ၏။-
10:23 ထိုနောက်မိမိကိုယ်တိုင်ရေခပ်၏သားယော နဒပ်နှင့်အတူ ဗာလဗိမာန်ထဲသို့ဝင်၍ထို အရပ်တွင်ရှိသူတို့အား``ဤနေရာတွင်ရှိ သောသူတို့သည်ဗာလဘုရားကိုဝတ်ပြု ကိုးကွယ်သူများသာဖြစ်စေရမည်။ ထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်သူတစ်စုံ တစ်ယောက်မျှမပါမရှိစေရန် သင်တို့ အသေအချာစစ်ဆေးကြလော့'' ဟု ဆို၏။-
10:24 ထိုနောက်သူနှင့်ယောနဒပ်သည် ဗာလဘုရား အားယဇ်ပူဇော်ရန်နှင့်ပူဇော်သကာများကို ဆက်သရန်အတွင်းသို့ဝင်ကြ၏။ ယေဟုသည် ဗာလဗိမာန်အပြင်တွင် လူရှစ်ဆယ်ကိုနေရာ ယူစေပြီးလျှင်``သင်တို့သည်ဤသူအပေါင်း ကိုသတ်ဖြတ်ရကြမည်။ အကယ်၍တစ်စုံ တစ်ယောက်ထွက်ပြေးလွတ်မြောက်သွားလျှင် တာဝန်ရှိသူသည်အသတ်ခံရမည်'' ဟု အမိန့်ပေးထားလေသည်။
10:25 ယေဟုသည်ပူဇော်သကာများကိုဆက်သ ပြီးသည်နှင့်တစ်ပြိုင်နက် အစောင့်တပ်သားများ နှင့်တပ်မှူးတို့အား``ဝင်၍ထိုသူအပေါင်းကို သတ်လော့။ တစ်ဦးတစ်ယောက်မျှမလွတ်သွား စေနှင့်'' ဟုပြော၏။ သူတို့သည်ဓားလွတ်များ ကိုင်ဆောင်ကာ ထိုသူတို့ကိုသတ်ပြီးလျှင် အလောင်းများကိုအပြင်သို့ဆွဲထုတ်ကြ ၏။ ထိုနောက်သူတို့သည်ဗာလဗိမာန်အတွင်း ခန်းသို့ဝင်၍၊-
10:26 ဗာလဘုရားကျောက်တိုင်ကိုယူပြီးလျှင် မီးရှို့ကြ၏။-
10:27 သို့ဖြစ်၍သူတို့သည်ဗာလကျောက်တိုင်နှင့် ဗာလဗိမာန်ကိုဖြိုဖျက်ပစ်ကြ၏။ ထိုဘုရား ဗိမာန်ကိုကိုယ်လက်သုတ်သင်ရန် အိမ်အဖြစ် အသုံးပြုခဲ့သည်မှာယနေ့တိုင်အောင်ပင် ဖြစ်သတည်း။
10:28 ဤကားဗာလဘုရားအားကိုးကွယ်မှုကို ဣသရေလပြည်တွင်ပယ်ရှားခဲ့ပုံပင်ဖြစ်၏။-
10:29 သို့ရာတွင်ယေဟုသည်ယေရောဗောင်မင်း ကိုအတုခိုး၏။ ယေရောဗောင်ကားဣသ ရေလအမျိုးသားတို့အားဗေသလမြို့ နှင့်ဒန်မြို့တွင် မိမိပြုလုပ်ထားသည့်ရွှေ နွားရုပ်များကိုဝတ်ပြုကိုးကွယ်စေသည့် အပြစ်ကိုကူးလွန်ခဲ့၏။-
10:30 ထာဝရဘုရားကယေဟုအား``သင်သည် ငါပြုစေလိုသည့်အတိုင်း အာဟပ်၏သား မြေးတို့ကိုပယ်ရှားခဲ့လေပြီ။ သို့ဖြစ်၍ သင်၏သားမြေးတို့အား စတုတ္ထအဆက် တိုင်အောင်ဣသရေလပြည်ကိုအုပ်စိုးစေ မည်'' ဟုမိန့်တော်မူ၏။-
10:31 သို့ရာတွင်ယေဟုသည် ဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရား၏ ပညတ်တရားတော်ကိုစိတ်နှလုံးအကြွင်း မဲ့မလိုက်လျှောက်ဘဲ ဣသရေလအမျိုး သားတို့အားအပြစ်ကူးလွန်ရန် လမ်းပြ သူယေရောဗောင်၏လမ်းစဉ်ကိုလိုက်လေ သည်။
10:32 ထိုအခါကာလ၌ထာဝရဘုရားသည် ဣသရေလနယ်မြေ၏အကျယ်အဝန်း ကိုကျုံ့စေတော်မူ၏။ ရှုရိဘုရင်ဟာဇေ လသည်၊-
10:33 ယော်ဒန်မြစ်အရှေ့ဘက်ရှိဣသရေလနယ် မြေအားလုံးကို တောင်ဘက်အာနုန်မြစ်ကမ်း ပေါ်ရှိအာရော်မြို့သို့တိုင်အောင်သိမ်းယူလေ သည်။ ထိုနယ်မြေတွင်ဂဒ်၊ ရုဗင်နှင့်အရှေ့မနာ ရှေမျိုးနွယ်စုတို့နေထိုင်ရာဂိလဒ်ပြည်နှင့် ဗာရှန်ပြည်တို့ပါဝင်၏။
10:34 ယေဟု၏လက်ရုံးရည်အပါအဝင် သူလုပ် ဆောင်ခဲ့သည့်အခြားအမှုအရာရှိသမျှ ကို ဣသရေလရာဇဝင်တွင်ရေးထား၏။-
10:35 ယေဟုကွယ်လွန်သောအခါသူ၏အလောင်း ကိုရှမာရိမြို့တွင်သင်္ဂြိုဟ်ကြ၏။ ထိုနောက် သူ၏သားတော်ယောခတ်သည် သူ့ခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်း တက်လေသည်။-
10:36 ယေဟုသည်ဣသရေလဘုရင်အဖြစ် ဖြင့် ရှမာရိမြို့တွင်နှစ်ဆယ့်ရှစ်နှစ်နန်းစံ ခဲ့သတည်း။