Job 1
1:1 ယောဘအမည်ရှိသောသူတယောက်သည် ဥဇပြည်၌နေ၏။ ထိုသူသည်စုံလင်ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကို ကြောက်ရွံသောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။
1:2 သားခုနစ်ယောက်နှင့် သမီးသုံးယောက်ရှိ၏။
1:3 သူ၏ဥစ္စာကား၊ သိုးခုနစ်ထောင်၊ ကုလားအုပ်သုံးထောင်၊ နွားယှဉ်ငါးရာ၊ မြည်းမငါးရာ၊ ငယ်သား အတိုင်းမသိများသည်ဖြစ်၍၊ ထိုသူသည် အရှေ့မျက်နှာအရပ်သားတကာတို့ထက် သာ၍ကြီးသောသူဖြစ်၏။
1:4 ယောဘ၏ သားတို့သည် နှစ်စဉ်အတိုင်း အသီးအသီးဘွားသောနေ့ရောက်လျှင်၊ မိမိတို့အိမ်၌ ပွဲခံသဖြင့်၊ နှမသုံးယောက်ကိုလည်းခေါ်၍ အတူစားသောက်လေ့ရှိကြ၏။
1:5 ပွဲခံသောနေ့ရက်လွန်သောအခါ၊ ယောဘသည်သူတို့ကိုခေါ်၍ သန့်ရှင်းစေပြီးလျှင် နံနက်စောစောထ၍ သူတို့အရေအတွက်အတိုင်း မီးရှို့သောယဇ်ကိုပူဇော်လေ့ရှိ၏။ အကြောင်းမူကား၊ ငါ့သားတို့သည် မှားယွင်း၍ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို စွန့်ပစ်ကြပြီလောဟု ယောဘအောက်မေ့၏။ ထိုသို့ယောဘသည် အစဉ်ပြုမြဲ ရှိ၏။
1:6 ဘုရားသခင်၏ သားတို့သည်ထာဝရဘုရားထံတော်၌ ခစားခြင်းငှါလာရသောနေ့ရက်အချိန် ရောက်လျှင်၊ စာတန်သည်လည်း သူတို့နှင့်ရောနှော၍လာ၏။
1:7 ထာဝရဘုရားကလည်း၊ သင်သည်အဘယ်အရပ်က လာသနည်းဟုစာတန်ကိုမေးတော်မူလျှင်၊ စာတန်က၊ မြေကြီးပေါ်မှာ လှည့်လည်၍ အရပ်ရပ်သွားလာခြင်း အမှုထဲက လာပါသည်ဟု ပြန်လျှောက်လေ၏။
1:8 ထာဝရဘုရားကလည်း၊ ငါ့ကျွန်ယောဘကိုဆင်ခြင်ပြီလော။ မြေကြီးပေါ်မှာသူနှင့် တူသောသူ တယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်သည်ဟု စာတန်အား မိန့်တော်မူ၏။
1:9 စာတန်ကလည်း၊ ယောဘသည် အကျိုးမရဘဲ ဘုရားဝတ်ကို ပြုသလော။
1:10 ကိုယ်တော်သည် သူ့ကိုယ်မှစ၍ သူ့အိမ်နှင့် သူ့ဥစ္စာ ရှိသမျှ ပတ်လည်၌ စောင်ရန်းကာတော်မူသည် မဟုတ်လော။ သူပြုလေသမျှတို့ကို ကောင်းကြီးပေးတော်မူပြီ။ သူ့သိုးနွားအစရှိသော တိရစ္ဆာန်တို့သည် မြေပေါ်မှာ အလွန်ပွားများကြပြီ။
1:11 ယခုမူကား၊ လက်တော်ကိုဆန့်၍ သူ၏ဥစ္စာရှိသမျှကို ထိခိုက်တော်မူလျှင်၊ သူသည် မျက်မှောက်တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ၏။
1:12 ထာဝရဘုရားကလည်း၊ သူ၏ဥစ္စာရှိသမျှသည် သင့်လက်၌ရှိ၏။ သူ့ကိုယ်တခုကိုသာ မထိမခိုက်နှင့်ဟု မိန့်တော်မူလျှင်၊ စာတန်သည် ထာဝရဘုရားထံတော်မှ ထွက်သွားလေ၏။
1:13 တနေ့သ၌ ယောဘ၏သားသမီးတို့သည် အစ်ကိုအကြီးအိမ်တွင်စား၍ စပျစ်ရည်ကိုသောက်လျက် နေကြစဉ်၊
1:14 ယောဘထံသို့ တမန်တယောက်လာ၍၊ နွားတို့သည် လယ်ထွန်လျက်၊ သူတို့အနားမှာမြည်းမတို့သည် ကျက်စားလျက် ရှိကြသောအခါ၊
1:15 ရှေဘအမျိုးသားတို့သည် တိုက်ယူသွားကြပါပြီ။ လူစောင့်တို့ကိုလည်း ထားနှင့်သတ်၍ ကျွန်တော် တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။
1:16 ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူတယောက်သည်လာ၍၊ ဘုရားသခင်၏မီးသည် မိုဃ်းကောင်း ကင်မှ ကျသဖြင့်၊ သိုးများနှင့် လူစောင့်များတို့ကို လောင်၍သူတို့သည်ကျွမ်းကုန်ကြပါပြီ။ ကျွန်တော်တယောက် တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟုလျှောက်လေ၏။
1:17 ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူ တယောက်သည်လာ၍၊ ခါလဒဲအမျိုးသား တပ်သုံးတပ် တို့သည် ချီ၍ ကုလားအုပ်တို့ကို တိုက်ယူသွားကြပါပြီ။ လူစောင့်တို့ကိုလည်း ထားနှင့်သတ်၍ ကျွန်တော်တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။
1:18 ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူတယောက်သည်လာ၍၊ ကိုယ်တော်၏သားသမီးတို့သည် အစ်ကိုအကြီးအိမ်၌ စား၍ စပျစ်ရည်ကို သောက်လျက်နေကြသောအခါ၊
1:19 တောမှလေကြီးလာ၍ အိမ်လေးထောင့်ကို တိုက်သဖြင့်၊ အိမ်သည် ထိုလုလင်တို့အပေါ်၌ပြိုလဲပါ၏။ သူတို့သည်သေ၍ ကျွန်တော်တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။
1:20 ထိုအခါ ယောဘသည် ထ၍ မိမိဝတ်လုံကို ဆုတ်လေ၏။ ဆံပင်ကိုလည်း ရိတ်၍ မြေပေါ်မှာဝပ်လျက် ကိုးကွယ်ပြီးလျှင်၊ ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲကထွက်လာ၏။
1:21 အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်။ ထာဝရဘုရားပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်းဟု ဆိုလေ၏။
1:22 ယောဘသည် ဤအမှုများနှင့် တွေ့ကြုံသော်လည်းမမှားယွင်း။ ထာဝရဘုရားကိုလည်းအပြစ် မတင်ဘဲနေ၏။