Library · my

Job 2

2:1 တဖန်ဘုရားသခင်၏ သားတို့သည် ထာဝရဘုရားထံတော်၌ ခစားခြင်းငှါ လာရသောနေ့ရက်အချိန် ရောက်လျှင်၊ စာတန်သည်လည်း ထာဝရဘုရားထံတော်၌ခစားခြင်းငှါ သူတို့နှင့်အတူလာ၏။ 2:2 ထာဝရဘုရားကလည်း၊ သင်သည် အဘယ်အရပ်ကလာသနည်းဟု စာတန်ကိုမေးတော်မူလျှင်၊ စာတန်က၊ မြေကြီးပေါ်မှာလှည့်လည်၍ အရပ်ရပ်သွားလာခြင်း အမှုထဲကလာပါသည်ဟု ပြန်လျှောက်လေ၏။ 2:3 ထာဝရဘုရားကလည်း၊ ငါ့ကျွန်ယောဘကို ဆင်ခြင်မိပြီလော။ မြေကြီးပေါ်မှာသူနှင့်တူသောသူ တယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။ အကြောင်းမရှိဘဲ သူကိုပျက်စီးစေခြင်းငှါ သင်သည် ငါ့ကို တိုက်တွန်းသော်လည်း၊ သူသည် ဖြောင့်မတ်သောသဘောကို စွဲလမ်းလျက်နေသည်ဟု စာတန်အား မိန့်တော်မူ၏။ 2:4 စာတန်ကလည်း၊ အရေဘို့အရေဟုဆိုသကဲ့သို့၊ လူသည်မိမိအသက်ဘို့ မိမိဥစ္စာရှိသမျှကိုပေးပါလိမ့်မည်။ 2:5 ယခုတဖန် လက်တော်ကိုဆန့်၍ သူ့အရိုးနှင့် သူ့အသားကို ထိခိုက်တော်မူလျှင်၊ သူသည် မျက်မှောက် တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ၏။ 2:6 ထာဝရဘုရားကလည်း၊ သူသည် သင့်လက်၌ ရှိ၏။ သူ့အသက်တခုကိုသာ လွတ်စေဟုမိန့်တော်မူလျှင်၊ 2:7 စာတန်သည် ထာဝရဘုရားထံတော်မှ ထွက်သွား၍ ယောဘ၏ ခြေဘဝါးမှသည် ဦးထိပ်တိုင်အောင် ဆိုးသောအနာစိမ်းများ တိုးပေါက်စေ၏။ 2:8 ယောဘသည် ကိုယ်ကိုခြစ်စရာ အိုးခြမ်းကို ကိုင်ယူ၍ မီးဖိုပြာထဲမှာ ထိုင်လေ၏။ 2:9 ထိုအခါမယားက၊ သင်သည် ဖြောင့်မတ်သောတရားကို စွဲလမ်းသေးသလော။ ဘုရားသခင်ကို စွန့်ပယ် ၍ သေလော့ဟုဆို၏။ 2:10 ယောဘကလည်း၊ မိန်းမမိုက်ပြောတတ်သကဲ့သို့ သင်သည်ပြော၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရား သခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလောဟုဆို၏။ ယောဘ သည် ဤအမှုများနှင့် တွေ့ကြုံသော်လည်း နှုတ်ဖြင့်မျှမမှားယွင်း။ 2:11 ထိုအခါတေမန်အမျိုးသား ဧလိဖတ်၊ ရှုအာ အမျိုးသားဗိလဒဒ်၊ နေမတ်အမျိုးသားဇောဖါတည်း ဟူသော ယောဘ၏အဆွေခင်ပွန်း သုံးယောက်တို့သည်၊ သူ၌ရောက်သော ဤအမှုကြီးအလုံးစုံတို့ကို သိတင်း ကြားလျှင်၊ ယောဘနှင့်အတူ ညည်းတွား၍ သူ့ကိုနှစ်သိမ့်စေခြင်းငှါ၊ စည်းဝေးမည် ချိန်းချက်သည်အတိုင်း၊ အသီးအသီး မိမိတို့နေရာအရပ်မှ ရောက်လာကြ၏။ 2:12 ထိုသူတို့သည် အဝေးကမျှော်ကြည့်၍ ယောဘကို မသိလျှင်၊ အသံကိုလွှင့်၍ ငိုကြွေးကြ၏။ အသီးအသီး မိမိတို့ဝတ်လုံကိုဆုတ်၍ မြေမှုန့်ကို ယူပြီးလျှင် မိမိတို့ ခေါင်းပေါ်သို့ကျရောက်စေခြင်းငှါ၊ မိုဃ်းကောင်းကင်သို့ ပစ်တင်ကြ၏။ 2:13 ခုနစ်ရက်ပတ်လုံး ယောဘနှင့်အတူမြေပေါ်မှာထိုင်၍၊ သူသည်ပြင်းစွာသောဆင်းရဲခံရကြောင်းကို သိမြင်လျှင်၊ အဘယ်သူမျှ စကားမပြောမဆိုဘဲနေကြ၏။ v