Job 20
20:1 တဖန်နေမတ်အမျိုးသားဇောဖာမြွက်ဆိုသည်ကား၊
20:2 ငါပြန်ပြောရမည်အကြောင်း၊ ငါ့စိတ်နှလုံးသည် နှိုးဆော်သောကြောင့်၊ ပြောချင်သောစိတ်အားကြီး၏။
20:3 ငါသည်ကိုယ်ခံရသော ကဲ့ရဲ့ပြစ်တင်ခြင်း စကား ကိုကြား၍၊ ငါ့ဥာဏ်သဘောနှိုးဆော်သဖြင့် ငါပြန်ပြော ရ၏။
20:4 ရှေ့ဦးစွာသောကာလ၊ လူကို မြေကြီးပေါ်မှာ နေရာချစကာလမှစ၍၊
20:5 ဆိုးသောသူသည်ကြာမြင့်စွာကာလ မဝါကြွားရ ကြောင်းကို၎င်း၊ အဓမ္မလူသည် ခဏသာဝမ်းမြောက် ကြောင်းကို၎င်း မသိသလော။
20:6 သူ၏ ဘုန်းသည် မိုဃ်းပေါ်သို့တက်၍၊ သူ၏ ခေါင်းသည် မိုဃ်းတိမ်တိုင်အောင် မှီသော်လည်း၊
20:7 မိမိမစင်ကဲ့သို့အစဉ်ပျက်ရလိမ့်မည်။ သူ့ကို မြင်ဘူးသော သူတို့က၊ ထိုသူသည် အဘယ်မှာရှိသနည်းဟု မေးကြလိမ့်မည်။
20:8 သူသည်အိပ်မက်ကဲ့သို့ လွင့်ပြား၍ နောက်တဖန် မတွေ့ရ။ ညဥ့်ရူပါရုံကဲ့သို့ ကွယ်ပျောက်ရလိမ့်မည်။
20:9 သူ့ကိုမြင်ဘူးသော မျက်စိသည် နောက်တဖန် သူ့ကို မကြည့်မရှုရ။ သူ၏နေရာအရပ်သည် နောက် တဖန်သူ့ကိုမမြင်ရ။
20:10 သူ၏သားတို့သည် ဆင်းရဲသားတို့ကို ဖျောင်းဖျ ရကြ၏။ သိုထားသောဥစ္စာကို ကိုယ်လက်နှင့် ပြန်ပေး ရကြ၏။
20:11 သူ၏အရိုးတို့သည် ပျိုသောအရွယ်၏ အရှိန် နှင့်ပြည့်စုံသော်လည်း၊ သူနှင့်တကွ မြေမှုန့်၌ အိပ်ရ ကြလိမ့်မည်။
20:12 သူသည်မိမိပစပ်၌ ဒုစရိုက်ကိုချိုနိုးထင်၍၊ မိမိလျှာအောက်မှာ ဝှက်ထားလျက်၊
20:13 နှမြောသဖြင့် မစွန့်ရက်ဘဲ၊ မိမိပစပ်၌ ငုံသော် လည်း၊
20:14 စားပြီးလျှင်သူ၏ ဝမ်းထဲမှာ သဘောပြောင်း၍ မြွေဆိုးအဆိပ်အတောက်ဖြစ်လိမ့်မည်။
20:15 သူမျိုသောစည်းစိမ်ဥစ္စာကို တဖန်အန်ရလိမ့် မည်။ ဘုရားသခင်လည်း သူ့ကို ဝမ်းနှုတ်တော်မူမည်။
20:16 သူသည် မြွေဆိုးအဆိပ်အတောက်ကို စို့၍ မြွေဟောက်ကိုက်သဖြင့် သေရလိမ့်မည်။
20:17 အသွယ်သွယ်သောမြစ်၊ နို့နှင့်ပျားရည်စီးသော မြစ်တို့ကို မမြင်ရ။
20:18 မိမိလုပ်၍ရသောဥစ္စာကို မိမိမသုံးဘဲ ပြန်ပေး ရ၏။ ပြန်ပေးရသော ဥစ္စာဖြစ်သောကြောင့် အားရခြင်း မရှိရ။
20:19 ဆင်းရဲသားတို့ကို ညှဉ်းဆဲစွန့်ပစ်၍၊ မိမိ မဆောက်သော အိမ်ကို လုယူသောကြောင့်၎င်း၊
20:20 လောဘမပြေနိုင်သောကြောင့်၎င်း၊ အလိုရှိ သော ဥစ္စာတစုံတခုမျှမကြွင်း ဆုံးရှုံးရလိမ့်မည်။
20:21 သူလုယူချင်သော လောဘလက်နှင့် အဘယ် အရာမျှ မလွတ်သောကြောင့်၊ သူ၏စည်းစိမ်မတည်ရ။
20:22 ဥစ္စာကြွယ်ဝစဉ်တွင်ပင် ဆင်းရဲခြင်းနှင့်တွေ့၍၊ အမျိုးမျိုးသော အမှုတို့သည် ရောက်ကြလိမ့်မည်။
20:23 သို့သော်လည်း သူသည်ဝစွာစားရ၏။ ဘုရားသခင်သည် အမျက်တော်အရှိန်ကို လွှတ်၍သူစားစရာဘို့ အမျက်တော် မိုဃ်းကို ရွာစေတော်မူမည်။
20:24 သံလက်နက်ကိုရှောင်၍ ပြေးသော်လည်း၊ ကြေးဝါလေးဖြင့် ထုတ်ချင်းခွင်းလိမ့်မည်။
20:25 မြှားကိုနှုတ်လျှင် မိမိကိုယ်ထဲက ထွက်လာ၏။ အရောင်တောက် သောထားသည်သူ၏ သည်းခြေထဲက ထွက်လာ၍၊ သူသည် မိန်းမောတွေဝေလျက် နေရ၏။
20:26 ခပ်သိမ်းသောဘေးတို့သည် သူ့အဘို့ သိုထား လျက်ရှိကြ၏။ လူမမွေးသောမီးသည် သူ့ကိုလောင်လိမ့် မည်။ သူ၏နေရာ၌ ကြွင်းသမျှသော အရာတို့ကို လောင် လိမ့်မည်။
20:27 မိုဃ်းကောင်းကင်သည် သူ၏အပြစ်ကို ဘော်ပြ ၍၊ မြေကြီးသည်လည်း သူ့တဘက်၌ ထလိမ့်မည်။
20:28 သူ၏အိမ်၌ရှိသော ဥစ္စာသည်ကွယ်ပျောက်၍၊ အမျက်တော် ထွက်သာနေ့၌ ရေကဲ့သို့စီးသွားလိမ့်မည်။
20:29 ထိုသို့သောဆုလပ်ကို ဘုရားသခင်သည် လူဆိုး အားပေးတော်မူ၏။ ထိုသို့သောအမွေဥစ္စာကို ဘုရား သခင် ခွဲဝေစီရင်တော်မူသည်ဟု မြွက်ဆို၏။