Job 21
21:1 ယောဘပြန်၍ မြွက်ဆိုသည်ကား၊
21:2 ငါ့စကားကိုစေ့စေ့နားထောင်၍ ငါ့အားနှစ်သိမ့် ခြင်းကို ပြုကြလော့။
21:3 ငါပြောရသောအခွင့်ရှိစေခြင်းငှါ သည်းခံကြ လော့။ ငါပြောပြီးမှ ပြက်ယယ်ပြုချင်လျှင် ပြုကြလော့။
21:4 ငါမြည်တမ်းသောအရာနှင့် လူဆိုင်သလော။ အဘယ်ကြောင့် စိတ်မတိုသင့်သနည်း။
21:5 ငါ့ကိုကြည့်ရှုလျက် မိန်းမောတွေဝေ၍၊ သင်တို့ပစပ်ကို သင်တို့ လက်နှင့် ဖုံးအုပ် ကြလော။
21:6 ငါသည်အောက်မေ့သောအခါ။ မိန်းမောတွေဝေ၍၊ ကိုယ်အသားသည် တုန်လှုပ်လျက်ရှိ၏။
21:7 လူဆိုးတို့သည် အသက်ရှင်ရုံမျှမက၊ အဘယ်ကြောင့် အသက်ကြီး၍ ဘုန်းစည်းစိမ်နှင့် ပြည့်စုံကြ သနည်း။
21:8 သူတို့သားသမီးတို့သည် သူတို့ပတ်ဝန်းကျင် အရပ်၌၎င်း၊ သူတို့အမျိုးအနွယ်သည် သူတို့ရှေ့မှောက် ၌၎င်း နေရာကျကြ၏။
21:9 သူတို့အိမ်များသည်လည်း ဘေးနှင့်လွတ်၍ ငြိမ်ဝပ်ကြ၏။ ဘုရားသခင်ဒဏ်ခတ်တော်မူခြင်းနှင့် ကင်းလွတ်ကြ၏။
21:10 သူတို့နွားလားသည် မချွတ်မလွှဲ အရွယ်လိုက်တတ်၏။ နွားမသည်လည်း ဝမ်းပိုးမပျက်ဘွားတတ်၏။
21:11 သူတို့သူငယ်များကို သိုးစုကဲ့သို့လွှတ်၍၊ သားသမီးတို့သည် ကခုန်တတ်ကြ၏။
21:12 သူတို့သည် ပတ်တာနှင့်စောင်းကို တီးလျက်၊ သီချင်းဆို၍ နှဲခရာမှုတ်သံနှင့် ဝမ်းမြောက်တတ်ကြ၏။
21:13 ပျော်မွေ့လျက် အသက်ကာလကို လွန်စေ၍၊ ချက်ခြင်းသေမင်းနိုင်ငံသို့ ဆင်းသက်တတ်ကြ၏။
21:14 ဘုရားသခင်အားလည်း၊ ငါ့တို့ထံမှ ထွက်သွားလော့။ ကိုယ်တော်၏တရားကို ငါတို့မသိလိုဟူ၍၎င်း၊
21:15 အနန္တတန်ခိုးရှင်သည် အဘယ်သို့သောသူဖြစ်၍ ငါတို့သည် ဝတ်ပြုရမည်နည်း။သူ့ကိုဆုတောင်းလျှင် အဘယ်ကျေးဇူးရှိလိမ့်မည်နည်းဟူ၍၎င်း ဆိုတတ်ကြ၏။
21:16 သို့သော်လည်း သူတို့သည် ကိုယ်စည်းစိမ်ကို ကိုယ်မပိုင်ကြ။ မတရားသောသူတို့၏ အကြံအစည်ကို ငါသည် ဝန်မခံ။
21:17 မတရားသောသူတို့၏ မီးခွက်သည် သေ၍၊ သူတို့ကို ဖျက်ဆီးခြင်းငှါ ဘုရားသခင်သည် အမျက်တော် ထွက်သဖြင့်၊ ဘယ်နှစ်ကြိမ်ဘေးဥပဒ်တို့ကို စီရင်တော်မူ ဘူးသည်ကို၎င်း၊
21:18 သူတို့သည် လေရှေ့မှာအမှိုက်နှင့် မုန်တိုင်းတိုက် သွားသော ဖွဲကဲ့သို့ ဘယ်နှစ်ကြိမ်ဖြစ်ဘူးသည်ကို၎င်း၊
21:19 ဘုရားသခင်သည် သူ၏အပြစ်ကို သူ၏သားသမီးတို့အဘို့ ဘယ်နှစ်ကြိမ် သိုထားတော်မူဘူးသည်ကို ၎င်း၊ သူသည်ကိုယ်တိုင်သိ၍၊
21:20 ကိုယ်ပျက်စီးခြင်းကိုကိုယ် မျက်စိနှင့် မြင်လျက်၊ အနန္တတန်ခိုးရှင်၏အမျက်တော်ကို သောက်စိမ့်သောငှါ၊ သူ၏အပြစ်ကို ဘယ်နှစ်ကြိမ်ဆပ်ပေးတော်မူဘူးသည်ကို ၎င်းသိမှတ်ကြလော့။
21:21 သူနေရသောနှစ်လစေ့သောအခါ၊ သူ့သားသမီးတို့၌ ရောက်သောအမှုနှင့် သူသည် အဘယ်သို့ ဆိုင်သနည်း။
21:22 မြင့်သောအရပ်၌နေသောသူတို့ကို အစိုးရတော်မူသော ဘုရားသခင်ကိုအဘယ်သူ သွန်သင်လိမ့်မည် နည်း။
21:23 တယောက်သောသူကား ခွန်အားနှင့် ပြည့်စုံ လျက်၊ ငြိမ်ဝပ်ချမ်းသာစွာ သေတတ်၏။
21:24 သူ၏နံဖေးတို့သည် ဆူဖြိုး၍၊ အရိုးတို့လည်း ခြင်ဆီနှင့် စိုစွတ်ကြ၏။
21:25 တယောက်သောသူကား တခါမျှမပျော်မွေ့၊ စိတ်ညှိုးငယ်လျက် သေတတ်၏။
21:26 နှစ်ယောက်လုံးတို့သည် မခြားမနာ၊ မြေမှုန့်၌ အိပ်၍ တီကောင်များ ဖုံးလွှမ်းခြင်းကို ခံရကြ၏။
21:27 သင်တို့သည် အောက်မေ့သောအရာ၊ ငါ့ကို မနာလိုသော စိတ်နှင့်ဆင်ခြင်သောအရာတို့ကို ငါသိ၏။
21:28 အာဏာထားတတ်သော သူ၏အိမ်သည် အဘယ်မှာရှိသနည်း။ မတရားသောသူတို့၏ ဘုံဗိမာန်တို့ သည် အဘယ်မှာရှိသနည်းဟု သင်တို့သည် ဆိုကြလိမ့် မည်။
21:29 ခရီးသွားသောသူတို့ကို မမေးကြဘူးသလော။
21:30 ဖျက်ဆီးရာနေ့ရက်ကာလဘို့ မတရားသော သူတို့သည် ယခုဘေးလွတ်လိမ့်မည်အကြောင်း၊ ဒေါသ အမျက်ခံရာနေ့ရက်ကာလဘို့ယခုထွက်မြောက်လိမ့်မည် အကြောင်းတည်းဟူသောသူတို့လက္ခဏာသက်သေများကို မသိကြသလော။
21:31 သူပြုသောအမှုကို သူ့ရှေ့မှာ အဘယ်သူဘော်ပြလိမ့်မည်နည်း။ သူ၏အပြစ်နှင့်အလျောက် အဘယ်သူ ဆပ်ပေးလိမ့်မည်နည်း။
21:32 သူသည် သင်္ဂြိုဟ်ခြင်းသို့ရောက်၍၊ သူ၏သင်္ချိုင်းပုံကို အစောင့်ထားကြလိမ့်မည်။
21:33 သူသည် ချိုင့်မြေစိုင်တို့ကို ချိုနိုးထင်လိမ့်မည်။ မရေတွက်နိုင်အောင်များစွာသောသူတို့သည် သူ့ရှေ့၌ သွားနှင့်သကဲ့သို့၊ သူသည် လူခပ်သိမ်းတို့ကို မိမိနောက်၌ သွေးဆောင်လိမ့်မည်။
21:34 သို့ဖြစ်၍ သင်တို့ပြန်ပြောသော စကား၌ မုသာပါသောကြောင့်၊ အဘယ်သို့ငါ့ကို အချည်းနှီးနှစ်သိမ့်စေ ကြလိမ့်မည်နည်းဟု မြွက်ဆို၏။