Library · my

Job 37

37:1 ဤအမှုကြောင့် ငါ့နှလုံးသည် တုန်လှုပ်၍ မိမိ နေရာမှ ရွေ့သွား၏။ 37:2 မြွက်တော်မူသောအသံနှင့် နှုတ်တော်မှထွက် သောအသံကို စေ့စေ့နားထောင်ကြလော့။ 37:3 မိုဃ်းကောင်းကင်အောက်၌ အနှံ့အပြားလွှတ်၍၊ မြေကြီးစွန်းတိုင်အောင် လျှပ်စစ်ပြက်စေတော်မူ၏။ 37:4 လျှပ်စစ်ပြက်ပြီးမှ အသံတော်ထွက်၏။ ဘုန်းအာနုဘော်တော်အသံနှင့်မိုဃ်းချုန်းတော်မူ၏။ အသံ တော်မြည်သောအခါ မိုဃ်းသက်မုန်တိုင်းကို ချုပ်တည်း တော်မမူ။ 37:5 အံ့ဩဘွယ်သော အခြင်းအရာပါလျက်၊ ဘုရားသခင်သည် အသံတော်နှင့်မိုဃ်းချုန်းတော်မူ၏။ ကြီး သောအမှု ငါတို့နားမလည်နိုင်သော အမှုတို့ကို ပြုတော်မူ၏။ 37:6 မြေပေါ်မှာဖြစ်စေဟု မိုဃ်းပွင့်ကို၎င်း၊ သုန်ဖျင်းသောမိုဃ်းရေနှင့် တန်ခိုးတော်ကြောင့် ပြင်းထန်သော မိုဃ်းရေ ကို၎င်း မိန့်တော်မူ၏။ 37:7 ဖန်ဆင်းတော်မူသော လူအပေါင်းတို့သည် ကိုယ်တော်ကို သိမည်အကြောင်း လူတိုင်းလုပ်သော အလုပ်ကို ဆီးတားတော်မူ၏။ 37:8 ထိုအခါသားရဲတို့သည် မြေတွင်းထဲသို့ဝင်၍၊ သူတို့နေရာ၌ နေတတ်ကြ၏။ 37:9 လေဘွေသည် တောင်မျက်နှာမှ၎င်း၊ အချမ်း သည် မြောက်မျက်နှာမှ၎င်း ထွက်လာတတ်၏။ 37:10 ဘုရားသခင်မှုတ်တော်မူသဖြင့်၊ ရေခဲဖြစ်၍ ရေမျက်နှာသည် ခဲလျက်ရှိ၏။ 37:11 မိုဃ်းတိမ်မှမိုဃ်းရေကို သက်ရောက်စေ၍၊ ရောင်ခြည်တော်အားဖြင့် မိုဃ်းတိမ်ကို ပျောက်လွင့် စေတော်မူ၏။ 37:12 လောကဓာတ်မြေကြီးတရှောက်လုံးကို မှာထား တော်မူသမျှအတိုင်း ပြုစေခြင်းငှါ ပညာတော်အားဖြင့် လှည့်လည်စေတော်မူ၏။ 37:13 ဒဏ်ခတ်သော်၎င်း၊ မြေတော် ကိုပြုစုသော်၎င်း၊ ချမ်းသာပေးသော်၎င်း လာစေတော် မူ၏။ 37:14 အိုယောဘ၊ ဤစကားကိုနားထောင်လော့။ ဘုရားသခင်၏ အံ့ဘွယ်သောအမှုတော်တို့ကို ငြိမ်သက် စွာနေ၍ ဆင်ခြင်လော့။ 37:15 ထိုအမှုတို့ကို ဘုရားသခင်စီရင်၍၊ မိုဃ်းတိမ်တော်အလင်းကို ထွန်းလင်းစေတော်မူသောအခါ၊ သင်သည် သိသလော။ 37:16 ပညာစုံလင်သောဘုရား၏ အံ့ဘွယ်သောအမှုတော်တည်းဟူသော မိုဃ်းတိမ်တို့သည် မပေါ့မလေး မှန်မှန်မိုးမည်အကြောင်း၊ ပြုတော်မူသောအမှုကို၎င်း၊ 37:17 မြေပေါ်မှာ တောင်လေဖြင့်အချမ်းပျောက်စေ တော်မူသောအခါ၊ သင်၏အဝတ်သည် အဘယ်သို့သော အားဖြင့် နွေးသည်ကို၎င်း နားလည်သလော။ 37:18 သွန်းသော ကြေးမုံကဲ့သို့ တည်လျက်ရှိသော မိုဃ်းကောင်းကင်ကို သင်သည် ဘုရားသခင်နှင့် ဝိုင်းညီ၍ ကြက်သလော။ 37:19 ငါတို့သည် အဘယ်သို့လျှောက်ရမည်ကို သွန်သင်ပါ။ ငါတို့သည် မိုက်သောကြောင့်၊ အလိုအလျောက် မလျှောက်တတ်ကြ။ 37:20 ငါပြောသော စကားကို ဘုရားသခင်အား ကြားလျှောက်လိမ့်မည်လော။ အကယ်၍ လူသည် ဘုရားသခင်ကို လျှောက်ဝံ့လျှင် ပျက်စီးခြင်းသို့ ရောက် လိမ့်မည်။ 37:21 လေသည် လာ၍မိုဃ်းကောင်းကင်ကို ရှင်းလင်းစေသောအခါ၊ လူသည် ထွန်းလင်းသောရောင်ခြည်ကို မကြည့်နိုင်။ 37:22 မြောက်မျက်နှာမှ ရွှေရောင်ခြည်ထွက်တတ်၏။ ဘုရားသခင်သည် ကြောက်မက်ဘွယ်သော ဘုန်းအာနု ဘော်နှင့် ပြည့်စုံတော်မူ၏။ 37:23 အနန္တတန်ခိုးရှင်ကို ငါတို့သည် စစ်၍မကုန်နိုင်ကြ။ အစွမ်းသတ္တိအားဖြင့်၎င်း၊ တရားစီရင်ခြင်းနှင့် ဖြောင့်မတ်ခြင်းအားဖြင့်၎င်း ထူးဆန်းတော်မူ၏။ အဘယ် သူကိုမျှ ညှဉ်းဆဲတော်မမူ။ 37:24 သို့ဖြစ်၍လူတို့သည် ကြောက်ရွံ့စရာအကြောင်းရှိကြ၏။ ဥာဏ်ကောင်းသောသူ တစုံတယောက်မျှ ဘုရားသခင်ကို မဖူးမကြည့်နိုင်ဟု မြွက်ဆို၏။