Job 38
38:1 ထိုအခါ ထာဝရဘုရားသည် ယောဘစကားကို လှန်ပြန်၍၊ မိုဃ်းသက်မုန်တိုင်းထဲက မိန့်တော်မူသည် ကား၊
38:2 ပညာမရှိဘဲစကားပြောကာမျှနှင့် ငါ့အကြံကို မိုက်စေသော ဤ သူကား အဘယ်သူနည်း။
38:3 လူယောက်ျားကဲ့သို့ သင့်ခါးကို စီးလော့။ ငါမေးမြန်းသော ပြဿနာတို့ကို ဖြေလော့။
38:4 မြေကြီးအမြစ်ကို ငါတည်သောအခါ၊ သင်သည် အဘယ်မှာရှိသနည်း။ နားလည်လျှင် ဘော်ပြလော့။
38:5 မြေကြီးအတိုင်းအရှည်ပမာဏကို အဘယ်သူ စီရင်သနည်း။ နားလည်လျှင်ပြောလော့။ မျဉ်းကြိုးကို အဘယ်သူတန်း၍ချသနည်း။
38:6 မြေကြီးတိုက်မြစ်ကို အဘယ်အရပ်၌ စွဲစေ သနည်း။
38:7 နံနက်ကြယ်တို့သည် တညီတညွတ်တည်း သီချင်းဆို၍၊ ဘုရားသခင်သားအပေါင်းတို့သည် ဝမ်း မြောက်သဖြင့်၊ ကြွေးကြော်ကြစဉ်၊ တိုက်ထောင့်အထွဋ် ကျောက်ကို အဘယ်သူတင်ထားသနည်း။
38:8 သမုဒ္ဒရာသည်အမိဝမ်းထဲက ဘွား၍ ထွက်လာ သောအခါ၊ အဘယ်သူသည် တံခါးပိတ်နှင့် ပိတ်ထား သနည်း။
38:9 သမုဒ္ဒရာကို မိုဃ်းတိမ်နှင့် ငါခြုံ၍ ထူထပ်သော မှောင်မိုက်နှင့် ထုပ်ရစ်သည်ကာလ၌၎င်း၊
38:10 သင်သည်ဤအရပ်တိုင်အောင်လာရ၏။
38:11 တိုး၍မလွန်ရ၊ ဤအရပ်၌သင်၏ ထောင်လွှားသောလှိုင်းတံပိုးဆုံးရ၏ဟု ပညက်လျက်၊ သမုဒ္ဒရာအပိုင်း အခြားကို ငါစီရင်၍၊ တံခါးပိတ်နှင့်ကန့်လန့်ကျင်တို့ကို ထားသည်ကာလ၌၎င်း၊ အဘယ်သူသည် ဝိုင်း၍ ကူညီ သနည်း။
38:12 သင်သည်တသက်လုံးတွင် တခါမျှ နံနက်ကို မှာထားဘူးသလော။ မိုဃ်းသောက်လင်းကို နေရာချဘူး သလော။
38:13 နံနက်အလင်းသည် မြေကြီးစွန်းကိုကိုင်လျက်၊ လူဆိုးတို့ကိုခါ၍ ပစ်စေခြင်းငှါ စီရင်ဘူးသလော။
38:14 မြေကြီးသည် တံဆိပ်ခတ်သကဲ့သို့ပုံပေါ်၍ အဝတ်တန်ဆာဆင်သကဲ့သို့ ရှိ၏။
38:15 လူဆိုးတို့၏ အလင်းသည်ကွယ်၍ ချီကြွသော လက်လည်း ကျိုးတတ်၏။
38:16 သင်သည်သမုဒ္ဒရာ စမ်းရေပေါက်ထဲသို့ ဝင်ဘူးသလော။ နက်နဲသော အောက်ဆုံးအရပ်၌ လှည့်လည်ဘူး သလော။
38:17 သေခြင်းတံခါးတို့ကို သင့်အားဖွင့်ဘူးသလော။ သေမင်းအရိပ်ထဲသို့ဝင်သော လမ်းဝတို့ကို မြင်ဘူး သလော။
38:18 မြေကြီးမျက်နှာတပြင်လုံးကို ကြည့်ရှုဘူး သလော။ အလုံးစုံကို သိမြင်လျှင်ဘော်ပြလော့။
38:19 အလင်းနေရာသို့ အဘယ်မည်သော လမ်းဖြင့် ရောက်ရသနည်း။ မှောင်မိုက်နေရာလည်း အဘယ်မှာ ရှိသနည်း။
38:20 အကယ်စင်စစ်သင်သည် အလင်းအမိုက်အပိုင်း အခြားသို့ ငါတို့ ကိုပို့ဆောင်နိုင်၏။ သူတို့နေရာအိမ်သို့ ရောက်သောလမ်းတို့ကို သိလိမ့်မည်။
38:21 သင်သည်ရှေးကာလ၌ ဘွားမြင်၍ အလွန် အသက်ကြီးသောကြောင့် သိလိမ့်မည်။
38:22 သင်သည် မိုဃ်းပွင့်ဘဏ္ဍာတိုက်ထဲသို့ ဝင်ဘူး သလော။
38:23 ဘေးရောက်ရာအချိန်ကာလနှင့် စစ်ပြိုင်၍ တိုက်ရာအချိန်ကာလဘို့၊ ငါသိုထားသော မိုဃ်းသီးဘဏ္ဍာ များကို မြင်ဘူးသလော။
38:24 အလင်းသည် အဘယ်သို့သောလမ်းဖြင့် နှံ့ပြားသနည်း။ အရှေ့လေသည်မြေကြီးပေါ်မှာ အဘယ်ကြောင့် လွင့်သနည်း။
38:25 လူမရှိသောမြေနှင့် လူမနေသောတော၌ မိုဃ်း ရွာစေခြင်းငှါ၎င်း၊
38:26 လွတ်လပ်သောလွင်ပြင်ကို ရေနှင့်ဝစေ၍၊ နုသောမြက်ပင်အညှောက်ကို ထွက်စေခြင်းငှါ၎င်း၊
38:27 လျှံသောမိုဃ်းရေစီးရာလမ်း၊ မိုဃ်းကြိုးနှင့် ဆိုင်သော လျှပ်စစ်ပြက်ရာလမ်းကို အဘယ်သူဖွင့်သနည်း။
38:28 မိုဃ်းရေ၏အဘကား အဘယ်သူနည်း။ နှင်း ပေါက်တို့ကို အဘယ်သူဖြစ်ဘွားစေသနည်း။
38:29 ရေခဲသည်အဘယ်သူ၏ ဝမ်းထဲက ထွက်လာ သနည်း။ မိုဃ်းကောင်းကင်နှင်းခဲကို အဘယ်သူသည် ပဋိသန္ဓေပေးသနည်း။
38:30 ရေသည် ကျောက်ခဲကဲ့သို့ဖြစ်၍ ပင်လယ် မျက်နှာတင်းမာလျက် ရှိ၏။
38:31 သင်သည် ခိမကြယ်စု၏သာယာစွာ ပြုပြင်ခြင်း ကို ချုပ်တည်းနိုင်သလော။ ကသိလကြယ်၏ ချည်နှောင် ခြင်းကို ဖြည်နိုင်သလော။
38:32 မာဇရုတ်ကြယ်တို့ကို အချိန်ရောက်လျှင် ထုတ် ဘော်နိုင်သလော။ အာရှကြယ်နှင့်သူ၏သားတို့ကို ပဲ့ပြင် နိုင်သလော။
38:33 မိုဃ်းကောင်းကင်တရားတို့ကို နားလည် သလော။ ထိုတရားတို့သည် မြေကြီးကို အုပ်စိုးမည် အကြောင်း အခွင့်ပေးနိုင်သလော။
38:34 များစွာသော မိုဃ်းရေသည် သင့်ကို လွှမ်းမိုး စေခြင်းငှါ မိုဃ်းတိမ်တို့ကို အသံလွှင့်နိုင်သလော။
38:35 လျှပ်စစ်တို့ကို လွှတ်နိုင်သလော။ သူတို့က ကျွန်တော်တို့ရှိပါ၏ဟု သင့်ကိုလျှောက်လျက် သွားကြ လိမ့်မည်လော။
38:36 ကိုယ်ခန္ဓာထဲသို့ ပညာကို အဘယ်သူသွင်း သနည်း။ နားလည်နိုင်သောဥာဏ်ကို အဘယ်သူပေး သနည်း။ ပညာရှိ၍ မိုဃ်းတိမ်တို့ကို အဘယ်သူရေတွက် နိုင်သနည်း။
38:37 မြေမှုန့်သည် လုံးထွေး၍ မြေစိုင်တို့သည် ကပ်လျက်နေသောအခါ၊
38:38 မိုဃ်းကောင်းကင်၏ရေဘူးတို့ကို အဘယ်သူသွန်းချသနည်း။
38:39 သင်သည်ခြင်္သေ့မအဘို့ စားစရာအကောင်ကို လိုက်ရှာနိုင်သလော။
38:40 ခြင်္သေ့ပျိုတို့သည် ခိုလှုံရာ၌ဝပ်၍၊ ချုံဖုတ် အောက်၌ ချောင်းကြည့်လျက်နေသောအခါ၊ သူတို့ကို ဝစွာကျွေးနိုင်သလော။
38:41 ကျီးအသငယ်တို့သည် စားစရာမရှိကြောင့်လှည့်လည်၍ ဘုရားသခင်ကိုအော်ဟစ်သောအခါ၊ စားစရာကိုအဘယ်သူပေးသနည်း။