Library · my

Job 4

4:1 ထိုအခါ တေမန်အမျိုးသား ဧလိဖတ်မြွက်ဆိုသည်ကား၊ 4:2 ငါတို့သည် သင်နှင့် နှုတ်ဆက်စမ်းလျှင်၊ သင်သည် စိတ်ပျက်ကောင်းပျက်လိမ့်မည်။ သို့သော်လည်း၊ အဘယ်သူသည် စကားမပြောဘဲ နေနိုင်မည်နည်း။ 4:3 သင်သည် လူအများတို့ကို ဆုံးမပြီ။ လက်မစွမ်းသောသူတို့ကို ခိုင်ခံ့စေပြီ။ 4:4 သင်၏စကားသည် လဲလုသောသူကို ထောက်မပြီ။ နုန့်နဲသောဒူးတို့ကိုလည်း တည့်စေပြီ။ 4:5 ယခုမူကား၊ ကိုယ်တိုင်အမှုတွေ့၍ စိတ်ပျက်၏။ အထိအခိုက်ခံရသော ကြောင့် မိန်းမောတွေဝေလျက် နေ၏။ 4:6 သင်၏ရိုသေသောသဘော၊ ယုံကြည်ကိုးစားသောသဘော၊ မြော်လင့်သောသဘော၊ တည်ကြည်သော သဘော၊ တရားသဖြင့် ကျင့်တတ်သောသဘောသည် အဘယ်မှာရှိသနည်း။ 4:7 အပြစ်နှင့်ကင်းလွတ်လျက်ပင် ပျက်စီးခြင်းသို့ အဘယ်သူရောက်သနည်း။ ဖြောင့်မတ်သောသူသည် အဘယ်အရပ်၌ ဆုံးသနည်းဟု ဆင်ခြင်ပါလော့။ 4:8 ငါသိမြင်သည်အတိုင်း၊ မတရားသော လယ်ထွန်ခြင်းကို ပြုသောသူနှင့် အဓမ္မမျိုးစေ့ကို ကြဲသောသူတို့ သည် ထိုသို့နှင့်အညီ စပါးရိတ်တတ်ကြ၏။ 4:9 ဘုရားသခင်မှုတ်တော်မူသဖြင့်၊ ထိုသူတို့သည် ပျက်စီး၍၊ ရှုတော်မူသောအသက်ဖြင့်လည်း ဆုံးရှုံးရကြ ၏။ 4:10 ခြင်္သေ့ဟောက်ခြင်း၊ ကြမ်းတမ်းသော ခြင်္သေ့အသံမြည်ခြင်း၊ ခြင်္သေ့ကလေးကိုက်ဝါးခြင်း ငြိမ်းရ၏။ 4:11 ဘမ်း၍ စားစရာမရှိသောကြောင့်၊ ကြမ်းတမ်းသော ခြင်္သေ့သည်သေ၍၊ ခြင်္သေ့မ၏သားငယ်တို့သည် အရပ်ရပ် ကွဲပြားရကြ၏။ 4:12 တရံရောအခါ ငါသည် တိတ်ဆိတ်စွာ ဗျာဒိတ်တော်ကို ရ၍ တိုသောအသံကိုကြားရ၏။ 4:13 လူတို့သည်ကြီးစွာသော အိပ်ပျော်ခြင်းသို့ရောက်၍၊ ထူးဆန်းသောရူပါရုံထင်ရှားရာ ကာလညဥ့်အချိန်၌ ငါအောက်မေ့စဉ်တွင်၊ 4:14 ငါ့အရိုးများ တုန်လှုပ်သည်တိုင်အောင်၊ ငါ အလွန်ကြောက်အားကြီး၍ ထိတ်လန့်လျက်နေ၏။ 4:15 ဝိညာဉ်တပါးသည် ငါ့ရှေ့၌ ကန့်လန့်ရှောက် သွား၍၊ ငါသည် ကြက်သီးမွေးညှင်းထလေ၏။ 4:16 ထိုဝိညာဉ်သည်ရပ်နေ၍၊ ပုံသဏ္ဍာန်လည်း သေချာစွာ မထင်မရှားအရိပ်ကိုသာ ငါမြင်ရ၏။ ငြင်းသော အသံရှိ၍ ငါကြားသောစကားသံဟူမူကား၊ 4:17 သေတတ်သောလူသည် ဘုရားသခင့်ရှေ့မှာ ဖြောင့်မတ်ခြင်းရှိရသလော။ လူသတ္တဝါသည် ဖန်ဆင်း တော်မူသော အရှင်ရှေ့မှာ သန့်ရှင်းခြင်း ရှိရသလော။ 4:18 အမှုတော်ထမ်းတို့ကို ယုံတော်မမူ။ ကောင်းကင်တမန်တော်တို့၌ စုံလင်ခြင်းမရှိဟု ထင်တော်မူ၏။ 4:19 သို့ဖြစ်လျှင် မြေမှုန့်၌တည်၍ မြေထဲတွင် နေတတ်သောသူတို့ကို အဘယ်ဆိုဘွယ်ရှိအံ့နည်း။ ထိုသူတို့ကို ပိုးရွပင်နိုင်တတ်၏။ 4:20 တနေ့ခြင်းတွင် ပျက်စီးတတ်ကြ၏။ အဘယ်သူမျှပမာဏမပြုဘဲ အစဉ်ဆုံးရှုံးခြင်းသို့ ရောက်တတ်ကြ၏။ 4:21 သူတို့၏ဂုဏ်အသရေကွယ်ပျောက်၍ သူတို့သည် ပညာမရှိဘဲ သေသွားတတ်ကြ၏။