Job 5
5:1 ယခုဟစ်ခေါ်ပါ။ အဘယ်သူ ထူးလိမ့်မည်နည်း။ သန့်ရှင်းသူတို့တွင် အဘယ်သူကို ကြည့်မျှော်မည်နည်း။
5:2 ဒေါသသည် လူမိုက်ကိုဖျက်ဆီးတတ်၏။ ပညာမရှိသော သူသည်လည်းငြူစူသောသဘောအားဖြင့် သေခြင်းသို့ ရောက်တတ်၏။
5:3 မိုက်သောသူအမြစ်စွဲသည်ကို ငါမြင်သောအခါ၊ သူ၏နေရာကို ချက်ခြင်းကျိန်ဆဲ၏။
5:4 သူ၏သားသမီးတို့သည် ဘေးလွတ်ရာအရပ်နှင့် ဝေးကြ၏။ ရုံးတော်ရှေ့၌ ညှဉ်းဆဲခြင်းကို ခံရသောအခါ ကယ်နှုတ်သောသူ တယောက်မျှမရှိ။
5:5 သူရိတ်သောစပါးကို မွတ်သိပ်သောသူသည်၊ ဆူးပင်ကာသောခြံ အထဲကယူသွား၍ စားတတ်၏။ သူ၏ ပစ္စည်းဥစ္စာကိုလည်း ရေငတ်သော သူသည် မျိုတတ်၏။
5:6 မြေမှုန့်ထဲကအမှုရောက်သည်မဟုတ်။ ဒုက္ခသည် မြေပေါ်မှာ မပေါက်တတ်။
5:7 မီးပွါးတို့သည် အထက်သို့ပျံတက်သည်နည်းတူ၊ လူသည်ဒုက္ခ၌ ကျင်လည်ခြင်းငှါ မွေးဘွား၏။
5:8 ငါမူကား ဘုရားသခင်ကို မျှော်လင့်မည်။ ကိုယ်အမှုကို ဘုရားသခင်၌ အပ်မည်။
5:9 ဘုရားသခင်သည် ကြီးသောအမှု၊ စစ်၍မကုန်နိုင်သောအမှု၊ ရေတွက်၍မဆုံး၊ အံ့ဩဘွယ်သော အမှု တို့ကို ပြုတော်မူ၏။
5:10 မြေပေါ်မှာမိုဃ်းရွာစေသဖြင့် လယ်တို့၌ ရေကိုပေးတော်မူ၏။
5:11 ထိုသို့နှိမ့်ချလျက်ရှိသောသူတို့ကို ချီးမြှောက်တော်မူ၏။ ငြိုငြင်သောသူတို့ကိုလည်း ဝမ်းသာစေတော် မူ၏။
5:12 ပရိယာယ်ပြုသောသူတို့၏ အမှုကိုမအောင်စေခြင်းငှါ သူတို့အကြံကို ဖျက်တော်မူ၏။
5:13 ပညာရှိတို့ကို သူတို့၏ပရိယာယ်အားဖြင့် ဘမ်းဆီးတော်မူ၏။ လှည့်စားတတ်သောသူတို့၏ တိုင်ပင်ခြင်း ကို အချည်းနှီးဖြစ်စေတော်မူ၏။
5:14 ထိုသူတို့သည် နေ့အချိန်၌ မှောင်မိုက်ကိုတွေ့၍၊ ညဥ့်အချိန်၌ကဲ့သို့ မွန်းတည့်အချိန်၌ စမ်းသပ်လျက် သွားလာကြ၏။
5:15 ထိုသူတို့စီရင်သောထားဘေးမှ၎င်း၊ အားကြီးသောသူတို့၏ လက်မှ၎င်း၊ ဆင်းရဲသားတို့ကို ကယ်နှုတ် တော်မူ၏။
5:16 ထိုသို့ ဆင်းရဲသားတို့သည် မြော်လင့်ရာအခွင့် ရှိကြ၏။ အဓမ္မသည်လည်း မိမိနှုတ်ကို ပိတ်ထားရ၏။
5:17 အပြစ်နှင့်အလျောက် ဘုရားသခင် စစ်ဆေး တော်မူခြင်းကို ခံရသောသူသည် မင်္ဂလာရှိ၏။ ထိုကြောင့် အနန္တတန်ခိုးရှင် ဆုံးမတော်မူခြင်းကို မထီမဲ့မြင်မပြုပါနှင့်။
5:18 ထိုအရှင်သည် အနာကိုဖြစ်စေ၍၊ ထိုအနာကိုလည်း စည်းစေတော်မူ၏။ ဒဏ်ခတ်တော်မူ၍ လက်တော်နှင့် သက်သာစေတော်မူ၏။
5:19 သင့်ကိုအမှုခြောက်ပါးထဲက နှုတ်ယူတော်မူ သည်သာမက၊ ခုနစ်ပါးသောအမှု၌လည်း ဘေးတစုံတခုမျှ မထိမခိုက်ရ။
5:20 အစာခေါင်းပါးသောအခါ သေဘေးမှ၎င်း၊ စစ်တိုက်သောအခါ ထားဘေးမှ၎င်း၊ သင့်ကို ရွေးနှုတ် တော်မူလိမ့်မည်။
5:21 သင်သည်ကဲ့ရဲ့ခြင်းဘေးနှင့် ကင်းလွတ်၍ ပျက်စီးခြင်းဘေးရောက်သော်လည်း မကြောက်ရ။
5:22 ပျက်စီးခြင်းဘေးနှင့် အစာခေါင်းပါးခြင်းဘေးကို ရယ်မော၍ တောသားရဲတို့ကိုလည်း မကြောက်ရ။
5:23 အကြောင်းမူကား၊ လယ်၌ကျောက်ခဲတို့သည် သင်နှင့်ပဋိညာဉ်ပြု၍ တောသားရဲတို့သည် သင်နှင့် မိဿဟာယဖွဲ့ကြလိမ့်မည်။
5:24 သင်သည်ကိုယ်အိမ်၌ ငြိမ်သက်ခြင်းရှိကြောင်းကို တွေ့၍ ကိုယ်နေရာအရပ်သို့ပြန်ရောက်သောအခါ စိတ်ပျက်စရာအကြောင်းမရှိရ။
5:25 သင်၌သားသမီးများပြား၍၊ သင့်အမျိုးအနွယ်သည် မြေပေါ်မှာ မြက်ပင်နှင့်အမျှ ဖြစ်ကြောင်းကို တွေ့မြင်ရလိမ့်မည်။
5:26 အချိန်တန်လျှင် သိမ်းယူသောကောက်လှိုင်းကဲ့သို့၊ သင်သည် အသက်ကြီးရင့်၍ သင်္ချိုင်းသို့ ရောက်ရ လိမ့်မည်။
5:27 ဤအမှုကို ငါတို့သည် စစ်ဆေး၍ ယခုပြောသည်အတိုင်း မှန်ပါ၏။ နားထောင်ပါ။ အသင့်နှလုံးသွင်း ထားပါဟု မြွက်ဆို၏။