Job 8
8:1 ရှုအာအမျိုးသားဗိလဒဒ် မြွက်ဆိုသည်ကား၊
8:2 သင်သည် အဘယ်မျှကာလပတ်လုံး ဤသို့ပြောမည်နည်း။ သင်ပြောသောစကားသည် အဘယ်မျှကာလ ပတ်လုံး လေပြင်းကဲ့သို့ ဖြစ်မည်နည်း။
8:3 ဘုရားသခင်သည် မတရားသဖြင့် အပြစ်ပေးတော်မူမည်လော။ အနန္တတန်ခိုးရှင်သည် တရားကို ဖျက်တော်မူမည်လော။
8:4 သင်၏သားသမီးတို့သည် ဘုရားသခင်ကို ပြစ်မှားသောကြောင့်၊ ပြစ်မှားစဉ်တွင်၊ သူတို့ကိုသုတ်သင် ပယ်ရှင်းတော်မူသော်လည်း၊
8:5 သင်သည်မဆိုင်းမလင့်၊ သန့်ရှင်းဖြောင့်မတ်သောသဘောနှင့် ဘုရားသခင်ကိုရှာ၍၊ အနန္တတန်ခိုးရှင် အား တောင်းပန်လျှင်၊
8:6 စင်စစ်သင့်အတွက် ကိုယ်တော်သည်ထပြီးလျှင် သင်၏ဖြောင့်မတ်သောနေရာကို ကောင်းစားစေတော်မူ သဖြင့်၊
8:7 သင်သည်အစဦး၌ ငယ်သော်လည်း၊ နောက်ဆုံး၌ အလွန်ကြီးပွါးလိမ့်မည်။
8:8 လွန်လေပြီးသောကာလကိုစစ်၍၊ ရှေးဘိုးဘေးတို့ကို မေးမြန်းခြင်းငှါ အားထုတ်ပါတော့။
8:9 ငါတို့သည် မနေ့၏သားဖြစ်၍ အလျှင်းမသိရပါ။ မြေကြီးပေါ်မှာ ငါတို့နေရသော နေ့ရက်ကာလသည် အရိပ်သက်သက်ဖြစ်၏။
8:10 ထိုသူတို့မူကား၊ သင့်ကိုဆုံးမသွန်သင်၍ မိမိတို့ စိတ်နှလုံးထဲက မြွက်ဆိုကြလိမ့်မည်။
8:11 ဂမာပင်သည် ရွံ့မရှိဘဲကြီးပွားနိုင်သလော။ မြစ်နားမှာ ပေါက်သောမြက်ပင်သည် ရေမရှိဘဲ ကြီးပွား နိုင်သလော။
8:12 ထိုအပင်သည် စိမ်းလျက်မရိတ်မဖြတ်သော်လည်း၊ အခြားအပင် ထက်သာ၍ ညှိုးနွမ်းတတ်၏။
8:13 ထိုသို့ဘုရားသခင်ကို မေ့လျော့သော သူ အပေါင်းတို့သည် ဆုံးခြင်းသို့ရောက်ရကြလိမ့်မည်။ အဓမ္မလူ မြော်လင့်စရာအကြောင်းသည် ပျက်လိမ့်မည်။
8:14 ထိုသူမြော်လင့်စရာလမ်းသည် ပြတ်လိမ့်မည်။ မှီခိုသောအရာသည်လည်း ပင့်ကူမြှေးကဲ့သို့ ဖြစ်လိမ့်မည်။
8:15 ထိုသူသည် မိမိအိမ်ကိုမှီ၍ အိမ်သည်အမှီမခံ။ လက်နှင့်ကိုင်သော်လည်း မတည်စေနိုင်။
8:16 သူသည် နေပူမှာစိမ်းလန်းလျက်၊အခက်အလက် အားဖြင့် မိမိဥယျာဉ်ကို နှံ့ပြားလျက်၊
8:17 အမြစ်အားဖြင့် စမ်းရေတွင်းကိုဝိုင်း၍ ကျောက် ထူသောအရပ်ကို တွေ့မြင်လျက်ရှိသော်လည်း၊
8:18 သူ့ကိုသုတ်သင်ပယ်ရှင်း၍၊ မိမိနေရာအရပ်က သင်သည်ငါမတွေ့မမြင်စဖူးဟူ၍ သူ့ကိုငြင်းပယ်လိမ့်မည်။
8:19 ထိုသူဝမ်းမြောက်ရာလမ်းသည် ထိုသို့ဖြစ်၍၊ သူနေရာမြေ၌ အခြားသူတို့သည် ပေါက်ကြလိမ့်မည်။
8:20 စုံလင်သောသူကိုကား၊ ဘုရားသခင် စွန့်ပစ်တော်မမူ။ မတရားသဖြင့်ပြုသော သူတို့ကိုကား မစတော် မမူ။
8:21 ရယ်မောရသောအခွင့်၊ ရွှင်လန်းစွာ နှုတ်မြွက် ရသောအခွင့်ကို သင်၌ပေးကောင်းပေးတော်မူမည်။
8:22 သင့်ကိုမုန်းသော သူတို့သည် ရှက်ခြင်းနှင့် ဖုံးလွှမ်းလျက်ရှိရကြလိမ့်မည်။ ဆိုးသောသူနေရာအရပ် သည်လည်း ဆုံးရှုံးခြင်းသို့ ရောက်ရလိမ့်မည်ဟု မြွက်ဆို ၏။