Psalms 102
102:1 အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားထောင်တော်မူပါ။ ကယ်မတော်မူရန်ကျွန်တော်မျိုးအော်ဟစ်သံကို ကြားတော်မူပါ။
102:2 ကျွန်တော်မျိုးဒုက္ခရောက်ချိန်၌မျက်နှာတော်ကို လွှဲတော်မမူပါနှင့်။ ကျွန်တော်မျိုးခေါ်သောအခါနားထောင်တော်မူ၍ လျင်မြန်စွာထူးတော်မူပါ။
102:3 ကျွန်တော်မျိုး၏ဘဝအသက်တာသည် မီးခိုးကဲ့သို့လွင့်ပျောက်လျက် ကျွန်တော်မျိုး၏ကိုယ်ခန္ဓာသည် မီးကဲ့သို့လောင်ကျွမ်းလျက်နေပါ၏။
102:4 ကျွန်တော်မျိုးသည်မြက်ပင်ကဲ့သို့အထိအခိုက် ခံရ၍ညှိုးနွမ်းလျက်ရှိပါ၏။ ကျွန်တော်မျိုးမှာအစားစားချင်စိတ်မရှိ တော့ပါ။
102:5 ကျွန်တော်မျိုးသည်အသံကျယ်စွာညည်းညူ ရပါ၏။ ကျွန်တော်မျိုးမှာအရိုးနှင့်အရေသာလျှင် ရှိပါတော့သည်။
102:6 ကျွန်တော်မျိုးသည်တောကန္တာရရှိ တောငှက်ကဲ့သို့လည်းကောင်း၊ ယိုယွင်းပျက်စီးနေသောအဆောက်အအုံရှိ ဇီးကွက်ကဲ့သို့လည်းကောင်းဖြစ်ပါ၏။
102:7 ကျွန်တော်မျိုးသည်အိပ်၍မပျော်နိုင်ဘဲ ဖြစ်နေပါ၏။ ကျွန်တော်မျိုးသည်အိမ်မိုးပေါ်တွင်တစ်ကောင်တည်း နားနေရသောငှက်နှင့်တူပါ၏။
102:8 ကျွန်တော်မျိုးအားရန်သူများသည်တစ်နေ့လုံး စော်ကားကြပါ၏။ သူတို့သည်ကျွန်တော်မျိုးကိုပုံခိုင်း၍ ကျိန်ဆဲကြပါ၏။
102:9 ကိုယ်တော်ရှင်၏ပြင်းထန်သောအမျက်တော် ကြောင့် ကျွန်တော်မျိုးသည်ပြာကိုအစားအစာ အဖြစ်ဖြင့် စားရပါ၏။ စပျစ်ရည်ကိုလည်းမျက်ရည်နှင့်ရော၍သောက် ရပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ချီးမြှောက်တော်မူပြီးမှပစ်ချတော်မူပါ၏။
102:11 ကျွန်တော်မျိုး၏ဘဝအသက်တာသည်ည နေချိန်၌ ကျရောက်သည့်အရိပ်ကဲ့သို့ဖြစ်ပါ၏။ ကျွန်တော်မျိုးသည်မြက်ကဲ့သို့ခြောက်သွေ့ သွားပါ၏။
102:12 သို့ရာတွင် အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ထာဝရဘုရင်ဖြစ် တော်မူပါ၏။ နာမတော်သည်ကာလအစဉ်အဆက်တည်လိမ့်မည်။
102:13 ကိုယ်တော်ရှင်သည်ထတော်မူ၍ဇိအုန်မြို့ကို သနားတော်မူလိမ့်မည်။ ထိုမြို့ကိုသနားတော်မူရန်အချိန်သည် ကျရောက်လာပါပြီ။ ယခုအချိန်သည်သင့်တော်သည့်အချိန်ပင် ဖြစ်ပါ၏။
102:14 ကိုယ်တော်ရှင်၏အစေခံတို့သည်ဇိအုန်မြို့ ပျက်စီးသွားပြီဖြစ်သော်လည်း ထိုမြို့ကိုနှစ်သက်မြတ်နိုးလျက်ပင် ရှိနေကြပါသေး၏။ ဇိအုန်မြို့ယိုယွင်းလျက်နေသော်လည်း ထိုမြို့ကိုသနားကြပါသေး၏။
102:15 လူမျိုးအပေါင်းတို့သည်ထာဝရဘုရားကို ကြောက်ရွံ့ရိုသေကြလိမ့်မည်။ လောကဘုရင်အပေါင်းတို့သည်ကိုယ်တော်၏ တန်ခိုးတော်ကိုကြောက်ရွံ့ရိုသေကြလိမ့်မည်။
102:16 ထာဝရဘုရားသည်ဇိအုန်မြို့ကိုပြန်လည် တည်ထောင်တော်မူသောအခါ မိမိ၏ဘုန်းအသရေတော်ကိုပေါ်လွင် ထင်ရှားစေတော်မူလိမ့်မည်။
102:17 ကိုယ်တော်သည်မိမိစွန့်ပစ်ထားသည့်လူစု တော်၏ လျှောက်ထားချက်ကိုကြားတော်မူ၍ သူတို့၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူလိမ့်မည်။
102:18 ထာဝရဘုရားပြုတော်မူသောအမှုအရာ တို့ကို နောင်လာနောက်သားတို့အတွက် ရေးမှတ်ထားကြလော့။ သို့မှသာလျှင်သူတို့သည်ကိုယ်တော်အား ထောမနာပြုကြလိမ့်မည်။
102:19 အကျဉ်းခံနေရသူများ၏ညည်းတွားသံများကို နားထောင်တော်မူရန်လည်းကောင်း၊ သေဒဏ်စီရင်ခြင်းခံရသူတို့အားလွတ်ငြိမ်းခွင့် ပေးတော်မူရန်လည်းကောင်း ထာဝရဘုရားသည်သန့်ရှင်းမြင့်မြတ်သည့် အထက်ဘုံမှငုံ့၍ကြည့်တော်မူ၏။ ကိုယ်တော်သည်ကောင်းကင်ဘုံမှငုံ့၍ ကမ္ဘာကိုစစ်ဆေးကြည့်ရှုတော်မူ၏။
102:21 သို့ဖြစ်၍အတိုင်းတိုင်းအပြည်ပြည်မှ လူမျိုးတကာတို့သည် စုရုံးလာကြပြီးလျှင်ထာဝရဘုရားအား ကိုးကွယ်ဝတ်ပြုကြသောအခါဇိအုန်တောင် ပေါ်၌ ကိုယ်တော်၏နာမတော်ကိုကြေညာကြလိမ့်မည်။ ယေရုရှလင်မြို့တွင်ကိုယ်တော်၏ဂုဏ်တော်ကို ချီးမွမ်းကြလိမ့်မည်။
102:23 ငါငယ်စဉ်အခါကပင်လျှင်ထာဝရဘုရားသည် ငါ့ကိုအားအင်ချိနဲ့စေတော်မူ၍ငါ၏အသက် ကို တိုစေတော်မူပါပြီ။
102:24 အို ဘုရားသခင်၊ ကျွန်တော်မျိုးမအိုမီကျွန်တော်မျိုး၏ အသက်ကိုရုပ်သိမ်းတော်မမူပါနှင့်။ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အစဉ်အမြဲ အသက်ရှင်တော်မူပါ၏။
102:25 ကိုယ်တော်ရှင်သည်ရှေးအခါကကမ္ဘာမြေ ကြီးကို တည်စေတော်မူပြီးလျှင်လက်တော်ဖြင့် မိုးကောင်းကင်ကိုဖန်ဆင်းတော်မူပါ၏။
102:26 ထိုအရာအားလုံးသည်ကွယ်ပျောက်သွား ကြမည်ဖြစ်သော်လည်း ကိုယ်တော်ရှင်မူကားရှိနေတော်မူမည်ဖြစ်ပါ၏။ ထိုအရာအပေါင်းတို့သည်အဝတ်အထည်များ ကဲ့သို့ ဟောင်းနွမ်းသွားကြပါလိမ့်မည်။ ကိုယ်တော်ရှင်သည်အဝတ်လဲသကဲ့သို့ လဲတော်မူသဖြင့် ထိုအရာတို့သည်ပြောင်းလဲကွယ်ပျောက် သွားကြပါလိမ့်မည်။
102:27 သို့ရာတွင်ကိုယ်တော်ရှင်မူကားအဘယ်အခါ ၌မျှ ပြောင်းလဲတော်မမူပါ။ အသက်တော်သည်လည်းအဘယ်အခါ၌မျှ ကုန်ဆုံးတော်မူလိမ့်မည်မဟုတ်ပါ။
102:28 ကျွန်တော်မျိုးတို့၏သားမြေးများသည် ဘေးမဲ့လုံခြုံစွာနေရပါလိမ့်မည်။ သူတို့၏အမျိုးအနွယ်များသည်လည်း ကိုယ်တော်ရှင်၏ထံတော်၌လုံခြုံစွာခိုလှုံ ရပါလိမ့်မည်။