Psalms 103
103:1 အို ငါ့ဝိညာဉ်၊ထာဝရဘုရားအားထောမနာ ပြုလော့။ ငါ၏ကိုယ်စိတ်နှလုံးတို့၊ကိုယ်တော်၏ သန့်ရှင်းမြင့်မြတ်သောနာမတော်အား ထောမနာပြုကြလော့။
103:2 အို ငါ့ဝိညာဉ်၊ထာဝရဘုရားအားထောမနာ ပြုလော့။ ကျေးဇူးတော်အပေါင်းကိုမမေ့မလျော့နှင့်။
103:3 ကိုယ်တော်သည်ငါ၏အပြစ်ရှိသမျှတို့ကို ဖြေလွှတ်တော်မူ၍ ငါ၏အနာရောဂါရှိသမျှတို့ကိုလည်း ပျောက်ကင်းစေတော်မူ၏။
103:4 ကိုယ်တော်သည်ငါ့အားသေဘေးမှကယ်တော်မူ၍ မေတ္တာတော်နှင့်ကရုဏာတော်တို့ဖြင့် ရစ်ပတ်တော်မူ၏။
103:5 ကိုယ်တော်သည်ငါ့အားကောင်းချီးပေးတော်မူ သဖြင့် ငါသည်လင်းယုန်ငှက်ကဲ့သို့နုပျိုသန်စွမ်း လျက်ရှိ၏။
103:6 ထာဝရဘုရားသည် ဖိစီးနှိပ်စက်ခြင်းခံရသူတို့ဘက်မှနေ၍ တရားစီရင်တော်မူသဖြင့် သူတို့၏ရပိုင်ခွင့်များကိုပေးတော်မူ၏။
103:7 ကိုယ်တော်သည်မိမိ၏အကြံအစည်တော် များကို မောရှေအားဖော်ပြတော်မူ၍ အံ့သြဖွယ်သောအမှုတော်တို့ကိုဣသရေလ အမျိုးသားတို့အားမြင်စေတော်မူ၏။
103:8 ထာဝရဘုရားသည်ချစ်ခင်ကြင်နာတော်မူ၍ စိတ်ရှည်သည်းခံတော်မူလျက် ခိုင်မြဲသောမေတ္တာတော်နှင့်ပြည့်ဝတော်မူ၏။
103:9 ကိုယ်တော်သည်အစဉ်မပြတ်ပြစ်တင်၍နေတော် မမူ။ အစဉ်အမြဲအမျက်ထွက်တော်မမူ။
103:10 ငါတို့အားခံထိုက်သည့်အပြစ်ဒဏ်ကိုခံစေ တော်မမူ၊ ငါတို့၌အပြစ်များနှင့်အမှားများရှိသည့် အတိုင်း အပြစ်ပေးတော်မမူ။
103:11 ကမ္ဘာမြေပြင်အထက်ရှိမိုးကောင်းကင်သည် မြင့်မားသည်နှင့်အမျှ ကိုယ်တော်ကိုကြောက်ရွံ့သူတို့အတွက်ထားရှိသော မေတ္တာတော်သည်ကြီးမားတော်မူ၏။
103:12 အရှေ့မျက်နှာစွန်းသည်အနောက်မျက်နှာ စွန်းနှင့် ဝေးကွာသကဲ့သို့ ကိုယ်တော်သည်ငါတို့အားငါတို့အပြစ်များနှင့် ဝေးကွာစေတော်မူ၏။
103:13 ဖခင်သည်သားသမီးတို့အားသနား ကြင်နာသကဲ့သို့ ထာဝရဘုရားသည်မိမိအားကြောက်ရွံ့ရိုသေ သူတို့အားသနားကြင်နာတော်မူ၏။
103:14 ငါတို့ကိုယ်ခန္ဓာကိုမည်ကဲ့သို့ တည်ဆောက်ထားသည်ကိုကိုယ်တော် သိတော်မူ၏။ ငါတို့သည်မြေမှုန့်ဖြစ်ကြောင်းကိုသတိရ တော်မူ၏။
103:15 ငါတို့၏ဘဝအသက်တာသည်မြက်ပင်နှင့် တူ၏။ ငါတို့သည်တောပန်းကဲ့သို့ကြီးထွား ပွင့်လန်းလျက်နေကြ၏။
103:16 လေတိုက်သောအခါပန်းပွင့်သည် ကြွေပျောက်၍သွားသဖြင့် ယင်းကိုနောက်တစ်ဖန်မတွေ့မမြင်ရတော့ပေ။
103:17 သို့ရာတွင်ထာဝရဘုရားကိုကြောက်ရွံ့ ရိုသေကြသူတို့အတွက် ကိုယ်တော်ထားရှိတော်မူသောမေတ္တာတော်မူကား ထာဝစဉ်ခိုင်မြဲပေသည်။ ပဋိညာဉ်တော်ကိုစောင့်ထိန်း၍ပညတ်တော်တို့ကို သစ္စာနှင့်လိုက်နာကျင့်သုံးကြသူတို့အပေါ်သို့ ကိုယ်တော်၏ကျေးဇူးကရုဏာတော်သည် သားစဉ်မြေးဆက်သက်ရောက်သတည်း။
103:19 ထာဝရဘုရားသည်မိမိ၏ရာဇပလ္လင်တော်ကို ကောင်းကင်ဘုံတွင်ထားရှိတော်မူ၏။ ကိုယ်တော်သည်စကြဝဠာကိုအစိုးရတော်မူ၏။
103:20 တန်ခိုးစွမ်းရည်ကြီးမား၍ကိုယ်တော်၏ အမိန့်တော်များကိုလိုက်နာလျက် ကိုယ်တော်၏စကားကိုနားထောင်သော ကောင်းကင်တမန်တို့၊ ထာဝရဘုရားအားထောမနာပြုကြလော့။
103:21 ကိုယ်တော်၏အလိုတော်အတိုင်း လုပ်ဆောင်သူအစေခံများဖြစ်သော ကောင်းကင်အာဏာပိုင်အပေါင်းတို့၊ ထာဝရဘုရားအားထောမနာပြုကြလော့။
103:22 ထာဝရဘုရားအုပ်စိုးတော်မူရာအရပ်ရှိ ဖန်ဆင်းခြင်းခံရသောသတ္တဝါအပေါင်းတို့၊ ကိုယ်တော်အားထောမနာပြုကြလော့။ အို ငါ့ဝိညာဉ်၊ထာဝရဘုရားအားထောမနာ ပြုလော့။