Psalms 105
105:1 ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်း ကြလော့။ ကိုယ်တော်သည်ကြီးမြတ်တော်မူကြောင်းကို ထုတ်ဖော်ကြေညာကြလော့။ ကိုယ်တော်ပြုတော်မူသောအမှုတော်တို့ကို လူမျိုးတကာတို့အားပြောကြားကြလော့။
105:2 သီချင်းဆို၍ထာဝဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။ ကိုယ်တော်ပြုတော်မူသောအံ့သြဖွယ်ရာ အပေါင်းတို့ကိုဖော်ပြကြလော့။
105:3 ငါတို့အားကိုယ်တော်ပိုင်တော်မူသည်ဖြစ်၍ ဝမ်းမြောက်ကြလော့။ ထာဝရဘုရားအား ကိုးကွယ်ဝတ်ပြုသူအပေါင်းတို့၊ ဝမ်းမြောက်ရွှင်မြူးကြလော့။
105:4 အကူအညီတောင်းခံရန်ထာဝရဘုရား၏ ထံတော်သို့ချဉ်းကပ်ကြလော့။ ရှေ့တော်မှောက်တွင်အစဉ်အမြဲနေကြလော့။
105:5 ကိုယ်တော်၏အစေခံအာဗြဟံ၏အမျိုး အနွယ်တို့၊ ကိုယ်တော်ရွေးကောက်တော်မူသောယာကုပ်၏ သားမြေးတို့၊ သင်တို့သည်ကိုယ်တော်ပြတော်မူသည့် အံ့သြဖွယ်ကောင်းသောနိမိတ်လက္ခဏာတို့ ကိုလည်းကောင်း၊ ကိုယ်တော်ချမှတ်တော်မူသောတရားစီရင်ချက် တို့ကိုလည်းကောင်းအောက်မေ့သတိရကြလော့။
105:7 ထာဝရဘုရားသည်ငါတို့၏ဘုရားဖြစ်တော်မူ၏။ ကိုယ်တော်၏အမိန့်တော်တို့သည် တစ်ကမ္ဘာလုံးအတွက်ဖြစ်၏။
105:8 ကိုယ်တော်သည်မိမိ၏ပဋိညာဉ်တော်ကို ထာဝစဉ် ခိုင်မြဲစေတော်မူလိမ့်မည်။ ကတိတော်များကိုလူမျိုးဆက်တစ်ထောင် တိုင်အောင်တည်စေတော်မူလိမ့်မည်။
105:9 အာဗြဟံနှင့်ပြုတော်မူသောပဋိညာဉ်တော်နှင့် ဣဇာက်အားပေးတော်မူသောကတိတော်ကို တည်စေတော်မူလိမ့်မည်။
105:10 ``သင့်အားခါနာန်ပြည်ကိုငါပေးမည်။ သင်သည်ထိုပြည်ကိုအပိုင်ရလိမ့်မည်'' ဟူ၍ ထာဝရဘုရားသည်ယာကုပ်နှင့် ပဋိညာဉ်ပြုတော်မူ၏။ ဤပဋိညာဉ်သည်ထာဝစဉ်တည်လိမ့်မည်။
105:12 ဘုရားသခင်၏လူစုတော်သည် အရေအတွက်အားဖြင့်နည်းပါး၍ခါနာန်ပြည်တွင် သူစိမ်းတစ်ရံဆံများဖြစ်ကြ၏။
105:13 သူတို့သည်တစ်နိုင်ငံမှတစ်နိုင်ငံသို့လည်းကောင်း၊ တစ်ရပ်မှတစ်ရပ်သို့လည်းကောင်းလှည့်လည် သွားလာရကြ၏။
105:14 သို့ရာတွင်ဘုရားသခင်သည်သူတို့အား ဖိစီးနှိပ်စက်ရန်အဘယ်သူကိုမျှခွင့်ပြုတော်မမူ။ သူတို့ကိုကာကွယ်စောင့်ရှောက်တော်မူ၏။
105:15 ကိုယ်တော်က``ငါရွေးချယ်ထားသည့်အစေခံတို့ကို မထိမခိုက်ကြနှင့်။ ငါ၏ပရောဖက်တို့အားလက်ဖျားနှင့်ပင် မတို့ကြနှင့်'' ဟုရှင်ဘုရင်တို့အား သတိပေးတော်မူ၏။
105:16 ကိုယ်တော်သည်သူတို့ပြည်၌ငတ်မွတ်ခေါင်းပါး ခြင်း ဘေးဆိုက်ရောက်စေတော်မူသဖြင့် စားနပ်ရိက္ခာပြတ်လပ်သွားသောအခါ
105:17 ကျွန်အဖြစ်အရောင်းခံရသူယောသပ်အား သူတို့၏ရှေ့မှစေလွှတ်တော်မူပေသည်။
105:18 ယောသပ်ကြိုတင်ဟောကြားသည့်အတိုင်း ဖြစ်ပျက်၍မလာမီ ယောသပ်သည်ခြေကျင်းအခတ်ခံရ၏။ သူ၏လည်တွင်လည်းသံလည်ပတ်အတပ်ခံရ၏။ သူ့အားဖြင့်ထာဝရဘုရားမိန့်တော်မူသော ဗျာဒိတ်စကားအတိုင်းဖြစ်ပျက်လာ၏။
105:20 ထိုအခါအီဂျစ်ဘုရင်သည်ယောသပ်အား အကျဉ်းထောင်မှလွှတ်စေတော်မူ၏။ လူမျိုးတကာတို့၏ဘုရင်သည်ယောသပ် အား လွတ်မြောက်စေတော်မူ၏။
105:21 မင်းကြီးသည်သူ့အားတိုင်းပြည်အုပ်ချုပ်ရေး တာဝန်ကိုအပ်နှင်းတော်မူ၍ တစ်နိုင်ငံလုံး၏ဘုရင်ခံအဖြစ်ဖြင့် ခန့်ထားတော်မူ၏။
105:22 သူသည်မင်းကြီးခန့်ထားသည့်အရာရှိ များအား အမိန့်ပေးပိုင်ခွင့်ကိုလည်းကောင်း၊ မှူးမတ်တို့အားဆင့်ဆိုညွှန်ကြားပိုင်ခွင့် ကိုလည်းကောင်းရလေ၏။
105:23 ထိုအခါယာကုပ်သည်အီဂျစ်ပြည်သို့ရောက် ရှိလာ၍ ထိုပြည်၌အခြေစိုက်နေထိုင်လေ၏။
105:24 ထာဝရဘုရားသည်မိမိ၏လူစုတော်အား သားသမီးများစွာထွန်းကားလာစေတော်မူသဖြင့် ရန်သူတို့ထက်ပို၍အင်အားကြီးမားစေတော်မူ၏။
105:25 ကိုယ်တော်သည်အီဂျစ်အမျိုးသားတို့၏စိတ်ကို ပြောင်းလဲစေသဖြင့် သူတို့သည်ကိုယ်တော်၏လူစုတော်အားမုန်း၍ လိမ်လည်လှည့်ဖျားကြ၏။
105:26 ထိုနောက်ကိုယ်တော်သည်မိမိ၏အစေခံမောရှေနှင့် ကိုယ်တော်ရွေးချယ်တော်မူသူအာရုန်ကို စေလွှတ်တော်မူ၏။
105:27 သူတို့သည်အီဂျစ်ပြည်တွင်အံ့ဖွယ်သောတန်ခိုး နှင့် ထူးဆန်းသောနိမိတ်လက္ခဏာများကိုပြကြ၏။
105:28 ကိုယ်တော်သည်တစ်ပြည်လုံးတွင်အမှောင် ကျစေတော်မူ၏။ သို့သော်လည်းအီဂျစ်အမျိုးသားတို့သည် ကိုယ်တော်၏အမိန့်တော်ကိုနားမထောင် ကြ။
105:29 ကိုယ်တော်သည်သူတို့၏မြစ်များကိုသွေး အတိ ဖြစ်စေတော်မူ၍ ငါးရှိသမျှတို့ကိုသေစေတော်မူ၏။
105:30 ဘုရင့်နန်းတော်အပါအဝင်သူတို့၏ပြည်သည် ဖားများနှင့်ပြည့်လေ၏။
105:31 ထာဝရဘုရားအမိန့်ပေးတော်မူသောအခါ ငှက်နှင့်ယင်ရဲတို့သည်တစ်ပြည်လုံးသို့ အုပ်လိုက်ရောက်ရှိလာကြကုန်၏။
105:32 ကိုယ်တော်သည်ထိုပြည်တွင်မိုးအစား မိုးသီးကိုရွာစေတော်မူ၍ လျှပ်ပန်းလျှပ်နွယ်များကိုဖြစ်ပွားစေတော်မူ၏။
105:33 ထိုသူတို့၏စပျစ်ပင်နှင့်သင်္ဘောသဖန်းပင်တို့ကို ဖျက်ဆီးပစ်တော်မူ၍ တစ်ပြည်လုံးရှိသစ်ပင်များကိုကျိုးကျ စေတော်မူ၏။
105:34 ကိုယ်တော်အမိန့်ပေးတော်မူသောအခါ သန်းပေါင်းများစွာမရေမတွက်နိုင်သော နှံကောင်တို့သည်ရောက်ရှိလာကြ၍
105:35 တိုင်းပြည်တွင်ရှိသမျှသောအပင်ငယ်တို့ကို စားကြကုန်၏။ အသီးအနှံရှိသမျှတို့ကိုကိုက်စားကြ ကုန်၏။
105:36 ကိုယ်တော်သည်အီဂျစ်ပြည်ရှိအိမ်ထောင်စု အပေါင်းမှ သားဦးတို့ကိုသေဒဏ်ခတ်တော်မူ၏။
105:37 ထိုနောက်ဣသရေလအမျိုးသားတို့အား ထုတ်ဆောင်သွားတော်မူ၏။ သူတို့သည်ရွှေငွေများကိုသယ်ယူခဲ့ကြ၏။ သူတို့အားလုံးပင်ကျန်းမာသန်စွမ်းသူများ ဖြစ်ကြ၏။
105:38 အီဂျစ်အမျိုးသားတို့သည်သူတို့ကိုကြောက် သဖြင့် သူတို့ထွက်ခွာသွားကြသောအခါ ဝမ်းမြောက်ကြကုန်၏။
105:39 ဘုရားသခင်သည်မိမိ၏လူစုတော်အပေါ်သို့ မိုးတိမ်ရိပ်ကျစေတော်မူ၍ ညဥ့်အခါအလင်းရစေရန်မီးကိုပေးတော် မူ၏။
105:40 သူတို့တောင်းခံသဖြင့်ကိုယ်တော်သည်ငုံးများကို စေလွှတ်ပေးတော်မူ၏။ သူတို့ရောင့်ရဲစွာစားနိုင်ကြစေရန်ကောင်းကင်မှ အစားအစာကိုချပေးတော်မူ၏။
105:41 ကိုယ်တော်သည်ကျောက်ဆောင်ကိုခွဲတော်မူသောအခါ ရေသည်ပန်း၍ထွက်လာကာသဲကန္တာရတွင် မြစ်သဖွယ်စီး၍သွား၏။
105:42 ကိုယ်တော်သည်မိမိ၏အစေခံအာဗြဟံအား ပေးတော်မူခဲ့သောကတိတော်ကိုသတိရတော်မူ၏။
105:43 သို့ဖြစ်၍ကိုယ်တော်သည်မိမိ၏လူစုတော်ကို ထုတ်ဆောင်တော်မူ၏။ သူတို့သည်လည်းသီချင်းဆိုလျက်ဝမ်းမြောက်စွာ ကြွေးကြော်ကြကုန်၏။
105:44 ကိုယ်တော်သည်သူတို့အားအခြားလူမျိုးတို့၏ ပြည်များကိုပေးအပ်တော်မူသဖြင့် သူတို့သည်ထိုသူတို့၏လယ်ယာများကို သိမ်းပိုက်ကြရ၏။
105:45 ဤသို့ပြုတော်မူခြင်းမှာကိုယ်တော်၏လူစုတော် သည် ကိုယ်တော်ပေးအပ်ထားတော်မူသည့် ပညတ်များကိုစောင့်ထိန်း၍အမိန့်တော်များကို လိုက်နာကြစေရန်ဖြစ်၏။ ထာဝရဘုရားအားထောမနာပြုကြလော့။