Psalms 104
104:1 အို ငါ့ဝိညာဉ်၊ထာဝရဘုရားအားထောမနာ ပြုလော့။ ကျွန်တော်မျိုး၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အလွန်ကြီးမြတ်တော်မူ ပါ၏။ ကိုယ်တော်ရှင်သည်တန်ခိုးတော်နှင့် ဘုန်းအသရေတော်တို့ဖြင့်တန်ဆာဆင်လျက် ရှိတော်မူပါ၏။
104:2 ကိုယ်တော်ရှင်သည်မိမိကိုယ်ကိုအလင်းရောင်ဖြင့် လွှမ်းခြုံတော်မူပါ၏။ မိုးကောင်းကင်ကိုတဲရှင်သဖွယ်ဖြန့်တော်မူ၍
104:3 မိုးမျက်နှာကျက်ရှိရေပြင်အထက်တွင်အိမ်တော်ကို တည်တော်မူပါ၏။ ကိုယ်တော်ရှင်သည်မိုးတိမ်တို့ကိုရထားသဖွယ်၊ လေကိုအတောင်များသဖွယ်စီးတော်မူ၏။
104:4 ကိုယ်တော်ရှင်သည်လေတို့ကိုစေတမန်များ အဖြစ်ဖြင့်လည်းကောင်း၊ လျှပ်စစ်လျှပ်နွယ်တို့ကိုအစေခံများ အဖြစ်ဖြင့်လည်းကောင်းအသုံးပြုတော် မူပါ၏။-
104:5 ကိုယ်တော်ရှင်သည်ကမ္ဘာမြေကြီးကို အဘယ်အခါ၌မျှမလှုပ်ရှားနိုင်စိမ့် သောငှာ အုတ်မြစ်ချ၍တည်တော်မူပါပြီ။
104:6 ထိုနောက်ကမ္ဘာမြေကြီးကိုသမုဒ္ဒရာဖြင့် ဝတ်လုံသဖွယ်ဖုံးလွှမ်းတော်မူပါ၏။ ရေသည်လည်းတောင်များကိုလွှမ်းမိုးပါ၏။
104:7 ကိုယ်တော်ရှင်ဆုံးမတော်မူလိုက်သောအခါ ရေတို့သည်ပြေးသွားကြပါ၏။ ရေတို့သည်ကိုယ်တော်ရှင်၏မိုးချုန်းသံကို ကြားသောအခါလျင်မြန်စွာစီးဆင်းသွား ကြပါ၏။
104:8 ရေတို့သည်တောင်များပေါ်မှ ချိုင့်ဝှမ်းများသို့လည်းကောင်း၊ ကိုယ်တော်ရှင်သူတို့အတွက်ပြင်ဆင်သတ်မှတ် ထားသည့်အရပ်သို့လည်းကောင်းစီးသွား ကြပါ၏။
104:9 ကမ္ဘာမြေကြီးကိုနောက်တစ်ဖန်ရေမလွှမ်းမိုးစေရန် ကိုယ်တော်ရှင်သည်ရေတို့ကူးကျော်၍မရနိုင်သည့် နယ်နိမိတ်ကိုသတ်မှတ်ပေးတော်မူပါ၏။
104:10 ကိုယ်တော်ရှင်သည်ချိုင့်ဝှမ်းများတွင်စမ်းချောင်း တို့ကို ပေါ်ပေါက်စေတော်မူ၍တောများအကြားတွင် မြစ်များစီးဆင်းစေတော်မူပါ၏။
104:11 ထိုမြစ်များသည်တောတိရစ္ဆာန်တို့အား သောက်ရေကိုပေးပါ၏။ မြည်းရိုင်းတို့ကိုလည်းရေငတ်ပြေစေ ပါ၏။
104:12 အနီးအနားရှိသစ်ပင်များပေါ်တွင်ငှက် တို့သည် အသိုက်လုပ်လျက်သာယာစွာအော်မြည် ကြပါ၏။
104:13 ကိုယ်တော်ရှင်သည်ကောင်းကင်မှတောင်များ ပေါ်သို့ မိုးရွာကျစေတော်မူသဖြင့် ကမ္ဘာမြေကြီးသည်ကိုယ်တော်ရှင်၏ကောင်းချီး မင်္ဂလာများကိုပြည့်ဝစွာခံစားရပါ၏။
104:14 ကိုယ်တော်သည်တောတိရစ္ဆာန်များစားဖို့ မြက်များကိုလည်းကောင်း၊ လူတို့သုံးဖို့ကောက်ပင်များကိုလည်း ကောင်း ပေါက်စေတော်မူပါ၏။ သို့ဖြစ်၍လူသည်သီးနှံပင်များကိုစိုက်ပျိုး နိုင်လျက်
104:15 မိမိအားစိတ်ကိုပျော်ရွှင်စေရန် စပျစ်ရည်ကိုလည်းကောင်း၊ လန်းဆန်းစေရန်သံလွင်ဆီကိုလည်းကောင်း၊ ခွန်အားဖြစ်စေရန်အစားအစာကိုလည်းကောင်း ရရှိနိုင်ပါ၏။
104:16 ထာဝရဘုရားစိုက်တော်မူသောကိုယ်တော်၏ သစ်ပင်များဖြစ်သည့်လေဗနုန်တောမှ အာရဇ်ပင်တို့သည်မိုးရေများစွာရရှိကြပါသည်။
104:17 ထိုအရပ်တွင်ငှက်တို့သည်အသိုက်များ ပြုလုပ်ကြပါ၏။ တောငန်းတို့သည်ထင်းရှူးပင်များတွင် အသိုက်များပြုလုပ်ကြပါ၏။
104:18 တောဆိတ်တို့သည်တောင်မြင့်များပေါ်တွင် နေကြပါ၏။ ခွေးတူဝက်တူတို့သည် ကျောက်တောင်စောင်းများတွင်ခိုအောင်း ကြပါ၏။
104:19 ကိုယ်တော်ရှင်သည်အချိန်ကာလကို သတ်မှတ်ရန်အတွက်လကိုဖန်ဆင်းတော်မူပါ၏။ နေသည်မိမိဝင်ရမည့်အချိန်ကိုသိပါ၏။
104:20 ကိုယ်တော်ရှင်သည်ညဥ့်ကိုဖန်ဆင်းတော်မူသဖြင့် မှောက်မိုက်ချိန်တွင်တောတိရစ္ဆာန်အပေါင်းတို့ ထွက်လာကြပါ၏။
104:21 ခြင်္သေ့ပျိုတို့သည်အစာရှာနေစဉ်ဟောက်ကြပါ၏။ သူတို့သည်ထာဝရဘုရားချပေးတော်မူသော အစာကိုရှာကြ၍
104:22 နေထွက်လာသောအခါမိမိတို့၏ သားရဲတွင်းများသို့ပြန်၍ခိုအောင်းကြပါ၏။
104:23 ထိုအခါလူတို့သည်မိမိတို့အလုပ်များကို လုပ်ကိုင်ရန်ထွက်လာကာညနေချမ်းတိုင်အောင် အလုပ်လုပ်ကြပါ၏။
104:24 အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ဖန်ဆင်းတော်မူသောအရာတို့သည် များလှပါ၏။ ဉာဏ်ပညာတော်ဖြင့်ထိုအရာအပေါင်းတို့ကို ဖန်ဆင်းတော်မူပါ၏။ ကမ္ဘာမြေကြီးသည်ကိုယ်တော်ရှင် ဖန်ဆင်းတော်မူသောသတ္တဝါများနှင့် ပြည့်လျက်ရှိပါ၏။
104:25 မရေမတွက်နိုင်သောသတ္တဝါကြီးငယ်တို့ နေထိုင်ရာ အပြောကျယ်သည့်သမုဒ္ဒရာကြီးရှိပါ၏။
104:26 သမုဒ္ဒရာထဲတွင်သင်္ဘောများရွက်လွှင့်ကြပါ၏။ ကိုယ်တော်ရှင်ဖန်ဆင်းတော်မူသည့်ရေသတ္တဝါ ကြီး လဝိသန်သည်လည်းခုန်ပေါက်မြူးတူး ပါ၏။-
104:27 ထိုတိရစ္ဆာန်များအားလုံးတို့သည်အချိန်တန်လျှင် အစာရရှိရန်ကိုယ်တော်ရှင်ကိုအားကိုးကြပါ၏။
104:28 ကိုယ်တော်ရှင်သည်သူတို့အားကျွေးမွေးတော် မူသဖြင့် သူတို့သည်စားရကြပါ၏။ ကိုယ်တော်ရှင်သည်အစာကိုချပေးတော်မူသဖြင့် သူတို့သည်ကျေနပ်ရောင့်ရဲရကြပါ၏။
104:29 ကိုယ်တော်ရှင်သည်သူတို့ထံမှ မျက်နှာတော်ကိုလွှဲတော်မူသောအခါ သူတို့သည်ကြောက်လန့်ကြပါ၏။ ကိုယ်တော်သည်သူတို့၏အသက်ကို ရုပ်သိမ်းတော်မူသောအခါ သူတို့သည်သေ၍မြေမှုန့်အဖြစ်သို့ပြန်လည် ရောက်ရှိသွားရကြပါ၏။
104:30 သို့ရာတွင်ကိုယ်တော်ရှင်သည်သူတို့အထဲသို့ ထွက်သက်ဝင်သက်ကိုသွင်းတော်မူသောအခါ သူတို့သည်ဖန်ဆင်းခြင်းခံရကြပါ၏။ ကိုယ်တော်သည်ကမ္ဘာလောကကြီးကို အသစ်တစ်ဖန်ရှင်သန်စေပါ၏။
104:31 ထာဝရဘုရား၏ဘုန်းအသရေတော်သည် ထာဝစဉ်ထွန်းတောက်တော်မူပါစေသော။ ထာဝရဘုရားသည်မိမိဖန်ဆင်းတော်မူသော အရာများအတွက် ဝမ်းမြောက်တော်မူပါစေသော။
104:32 ကိုယ်တော်ရှင်သည်ကမ္ဘာမြေကြီးကိုကြည့် တော်မူ သောအခါကမ္ဘာမြေကြီးသည်တုန်လှုပ်ရ၏။ တောင်တို့ကိုတို့ထိတော်မူသောအခါတောင် များမှ မီးခိုးထွက်ရ၏။
104:33 ငါသည်တစ်သက်လုံးသီချင်းဆို၍ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းပါမည်။ အသက်ရှင်သမျှကာလပတ်လုံးငါ၏ဘုရားအား ထောမနာသီချင်းဆိုပါမည်။
104:34 ကိုယ်တော်သည်ငါ့ကိုဝမ်းမြောက်စေတော်မူသည် ဖြစ်၍ ငါဆိုသောသီချင်းကိုကိုယ်တော်နှစ်သက် တော်မူပါစေသော။
104:35 အပြစ်ကူးသူတို့သည်ကမ္ဘာမြေပေါ်မှ သုတ်သင်ပယ်ရှင်းခြင်းကိုခံရကြပါစေသော။ သူယုတ်မာတို့သည်ကွယ်ပျောက်ကြပါစေသော။ အို ငါ့ဝိညာဉ်၊ ထာဝရဘုရားအားထောမနာပြုလော့။ ထာဝရဘုရားအားထောမနာပြုလော့။