Psalms 115
115:1 အို ထာဝရဘုရား၊ ကိုယ်တော်၏ခိုင်မြဲသောမေတ္တာတော်နှင့် သစ္စာတော်ကြောင့်ကိုယ်တော်တစ်ပါးတည်း ၌သာလျှင် ဘုန်းအသရေရှိတော်မူပါ၏။ ကျွန်တော်မျိုးတို့၌ဘုန်းအသရေမရှိပါ။
115:2 ``သင်တို့၏ဘုရားသည်အဘယ်မှာရှိသနည်း'' ဟု လူမျိုးတကာတို့သည်အဘယ်ကြောင့်ငါတို့အား မေးရကြပါသနည်း။
115:3 ငါတို့ဘုရားသည်ကောင်းကင်ဘုံတွင်ရှိတော်မူ၍ အလိုတော်အရခပ်သိမ်းသောအမှုတို့ကို ပြုတော်မူ၏။
115:4 သူတို့ဘုရားများကားရွှေငွေဖြင့်ပြီး၍ လူ့လက်ဖြင့် ပြုလုပ်သောဘုရားများဖြစ်ကြ၏။
115:5 ယင်းတို့သည်နှုတ်များပါရှိလျက်နှင့်စကား မပြောနိုင်။ မျက်စိများပါရှိလျက်နှင့်မမြင်နိုင်။
115:6 နားများပါရှိလျက်နှင့်မကြားနိုင်။ နှာခေါင်းများရှိပါလျက်နှင့်အနံ့မရနိုင်။
115:7 လက်များပါရှိလျက်နှင့်မထိမတွေ့နိုင်။ ခြေများရှိပါလျက်နှင့်လမ်းမလျှောက်နိုင်။ သူတို့သည်အသံတစ်စုံတစ်ခုကိုမျှ မပြုနိုင်။
115:8 ထိုရုပ်တုတို့ကိုပြုလုပ်သူများနှင့်ကိုးစား သူတို့သည် မိမိတို့ပြုလုပ်သည့်ရုပ်တုများကဲ့သို့ ဖြစ်ကြပါစေသော။
115:9 ဣသရေလအမျိုးသားတို့၊ထာဝရဘုရား ကို ကိုးစားကြလော့။ ကိုယ်တော်သည်သင်တို့ကိုကူမတော်မူ၍ ကာကွယ်စောင့်ရှောက်တော်မူ၏။
115:10 အချင်းဘုရားသခင်၏ယဇ်ပုရောဟိတ် တို့၊ ထာဝရဘုရားကိုကိုးစားကြလော့။ ကိုယ်တော်သည်သင်တို့ကိုကူမတော်မူ၍ ကာကွယ်စောင့်ရှောက်တော်မူ၏။
115:11 ထာဝရဘုရားကိုကြောက်ရွံ့ရိုသေသူ အပေါင်းတို့၊ ကိုယ်တော်ကိုကိုးစားကြလော့။ ကိုယ်တော်သည်သင်တို့ကိုကူမတော်မူ၍ ကာကွယ်စောင့်ရှောက်တော်မူ၏။
115:12 ထာဝရဘုရားသည်ငါတို့ကိုသတိရတော် မူ၍ ကောင်းချီးပေးတော်မူလိမ့်မည်။ ကိုယ်တော်သည်ဣသရေလအမျိုးသားတို့ ကိုလည်းကောင်း၊ဘုရားသခင်၏ ယဇ်ပုရောဟိတ်အပေါင်းတို့ကိုလည်း ကောင်း ကောင်းချီးပေးတော်မူလိမ့်မည်။
115:13 ကိုယ်တော်သည်မိမိအားကြောက်ရွံ့ရိုသေသူ အပေါင်းတို့အားယုတ်မြတ်မရွေးကောင်းချီး ပေးတော်မူလိမ့်မည်။
115:14 ထာဝရဘုရားသည်သင်တို့နှင့် သင်တို့၏သားမြေးတို့အားသားသမီးများကို ပေးတော်မူပါစေသော။
115:15 ကောင်းကင်နှင့်ကမ္ဘာမြေကြီးကိုဖန်ဆင်းတော် မူသော ထာဝရဘုရားသည်သင်တို့အားကောင်းချီးပေး တော်မူပါစေသော။
115:16 ကောင်းကင်ကိုထာဝရဘုရားတစ်ပါးတည်း သာလျှင် ပိုင်တော်မူ၏။ ကမ္ဘာမြေကြီးကိုမူကားလူသားတို့အား ပေးတော်မူ၏။
115:17 သေလွန်ကြသူ၊ဆိတ်ငြိမ်ရာသို့ သက်ဆင်းကြသူများသည်ထာဝရဘုရားကို ထောမနာမပြုကြ။
115:18 သို့ရာတွင်အသက်ရှင်နေသူငါတို့မူကား ယခုမှစ၍အစဉ်အဆက်ကိုယ်တော်၏ ကျေးဇူးတော်ကိုချီးမွမ်းကြပါမည်။ ထာဝရဘုရားအားထောမနာပြုကြလော့။