Psalms 116
116:1 ထာဝရဘုရားသည်ငါ၏ပန်ကြား လျှောက်ထားချက်ကိုကြားတော်မူသည်ဖြစ်၍ ငါသည်ကိုယ်တော်ကိုချစ်မြတ်နိုး၏။ ကိုယ်တော်သည်ငါ၏ဆုတောင်းပတ္ထနာကို နားထောင်တော်မူ၏။
116:2 ငါလျှောက်ထားသည့်အခါတိုင်းကိုယ်တော် နားထောင်တော်မူ၏။
116:3 သေမင်း၏ကျော့ကွင်းသည်ငါ့ကိုဖမ်းမိလျက် နေ၏။ သေဘေးသည်ငါ့ကိုဝိုင်းရံလျက်နေ၏။ ငါသည်ကြောက်လန့်၍စိုးရိမ်ပူပန်ရ၏။
116:4 ထိုအခါ``အို ထာဝရဘုရား၊ ကိုယ်တော်ရှင်အားကျွန်တော်မျိုးတောင်းပန် ပါ၏။ ကျွန်တော်မျိုးကိုကယ်တော်မူပါ'' ဟု ထာဝရဘုရား၏ထံတော်သို့ငါဆုတောင်း ပတ္ထနာပြု၏။
116:5 ထာဝရဘုရားသည်သနားကြင်နာတော်မူ၍ ကျေးဇူးပြုတော်မူတတ်၏။ ငါတို့၏ဘုရားသခင်သည်ကရုဏာတော်ရှင် ဖြစ်တော်မူ၏။
116:6 ထာဝရဘုရားသည်ခိုကိုးရာမဲ့သူတို့ကို ကာကွယ်စောင့်ရှောက်တော်မူ၏။ ငါဘေးဥပဒ်ရောက်သောအခါငါ့ကို ကယ်တော်မူ၏။
116:7 အို ငါ့စိတ်နှလုံး၊ထာဝရဘုရားသည် ငါ့အားကျေးဇူးပြုတော်မူပြီဖြစ်၍ ယုံကြည်စိတ်ချစွာနေလော့။
116:8 ထာဝရဘုရားသည်ငါ့အသက်ကို သေဘေးမှလည်းကောင်း၊ ငါ့မျက်စိကိုမျက်ရည်ကျခြင်းမှလည်း ကောင်း၊ ငါ၏ခြေကိုချော်လဲခြင်းမှလည်းကောင်း ကယ်တော်မူပြီ။
116:9 သို့ဖြစ်၍ငါသည်အသက်ရှင်သူ လူသားတို့၏ဘောင်တွင် ဘုရားသခင်၏မျက်မှောက်တော်၌ သက်ရှင်လှုပ်ရှားလျက်နေရ၏။
116:10 ငါသည်ကြောက်လန့်သဖြင့်``ငါ့မှာယုံကြည် နိုင်သူ တစ်ယောက်မျှမရှိ'' ဟူ၍လည်းကောင်း ``ငါသည်စိတ်ဒုက္ခကြီးစွာရောက်ပါပြီ'' ဟူ၍လည်းကောင်းဆိုစဉ်၌ပင်လျှင် ထာဝရဘုရားကိုယုံကြည်မြဲယုံကြည် လျက်နေပါ၏။-
116:12 ထာဝရဘုရားငါ့အားပြုတော်မူသော ကျေးဇူးများအတွက်ငါသည်ကိုယ်တော်အား အဘယ်အရာကိုပူဇော်ရပါမည်နည်း။
116:13 ငါ့ကိုကယ်တော်မူသည့်အတွက် ကျေးဇူးတော်ကိုချီးမွမ်းရန်ငါသည် ထာဝရဘုရားအားစပျစ်ရည်ကို ပူဇော်မည်။
116:14 ငါသည်ကိုယ်တော်အားသစ္စာကတိပြုခဲ့ သည့်အတိုင်း ကိုယ်တော်၏လူစုတော်စုဝေးရာတွင် မိမိ၏သစ္စာဝတ်ကိုဖြေပါမည်။
116:15 ထာဝရဘုရား၏လူစုတော်အနက်တစ်စုံ တစ်ယောက် သေဆုံးသွားလျှင် ကိုယ်တော်အတွက်ကြီးမားသောဆုံးရှုံးမှု ဖြစ်ပါသည်တကား။
116:16 အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏အစေခံ ဖြစ်ပါ၏။ ကျွန်တော်မျိုး၏မိခင်နည်းတူကျွန်တော်မျိုး သည် ကိုယ်တော်ရှင်၏အစေကိုခံပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားသေ ဘေးမှ ကယ်တော်မူပါပြီ။
116:17 ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား ကျေးဇူးတော်ကိုချီးမွမ်းရာယဇ်ကိုပူဇော် ပါမည်။ အထံတော်သို့ဆုတောင်းပတ္ထနာပြုပါမည်။
116:18 ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား သစ္စာကတိပြုခဲ့သည့်အတိုင်း ကိုယ်တော်ရှင်၏လူစုတော်ဝင်တို့ စုဝေးရာ ယေရုရှလင်မြို့ရှိကိုယ်တော်ရှင်၏ဗိမာန် တော်၌ သစ္စာဝတ်ကိုဖြေပါမည်။ ထာဝရဘုရားကိုထောမနာပြုကြလော့။