Psalms 72
72:1 အို ဘုရားသခင်၊ ကိုယ်တော်ရှင်၏တရားတော်နှင့်အညီ စီရင်ဆုံးဖြတ် နိုင်ရန်မင်းကြီးအားသွန်သင်တော်မူပါ။ ကိုယ်တော်ရှင်၏လူစုတော်အားတရားမျှတစွာ အုပ်ချုပ်နိုင်စေရန်လည်းကောင်း၊ ဆင်းရဲသောသူတို့ကိုတရားတော်နှင့်အညီ အုပ်စိုးနိုင်စေရန်လည်းကောင်း ကိုယ်တော်ရှင်၏တရားမျှတမှုအတိုင်း စီရင်နိုင်ခွင့်ကိုမင်းကြီးအားပေးတော် မူပါ။
72:3 တိုင်းပြည်တွင်သာယာဝပြော၍တရား မျှတမှု စိုးမိုးခြင်းရှိပါစေသော။
72:4 မင်းကြီးသည်ဆင်းရဲသူတို့အားမျှတစွာ တရားစီရင်ဆုံးဖြတ်ပါစေသော။ ချို့တဲ့နွမ်းပါးသူတို့အားကူမတော်မူပါ စေသော။ ဖိစီးနှိပ်စက်သူတို့အားနှိမ်နင်းတော်မူပါ စေသော။
72:5 နေသည်ထွန်းလင်းလျက်၊လသည်အလင်းရောင် ပေးလျက်နေသမျှကာလပတ်လုံး ကိုယ်တော်ရှင်၏လူစုတော်သည် ကိုယ်တော်ရှင်အားကာလအစဉ်အဆက် ကြောက်ရွံ့ရိုသေကြပါစေသော။
72:6 မင်းကြီးသည်လယ်ယာများအပေါ်သို့ ရွာချသည့် မိုးကဲ့သို့လည်းကောင်း၊ မြေပြင်ပေါ်သို့ကျရောက်လာသည့်မိုးပေါက် များ ကဲ့သို့လည်းကောင်းဖြစ်ပါစေသော။
72:7 မင်းကြီး၏လက်ထက်၌တရားမျှတမှု စိုးမိုးပါစေသော။ လသည်အလင်းရောင်ပေးလျက်နေသမျှ ကာလပတ်လုံးသာယာဝပြောမှုရှိပါ စေသော။
72:8 မင်းကြီးသည်ပင်လယ်တစ်ပြင်မှတစ်ပြင် တိုင်အောင်လည်းကောင်း၊ ဥဖရတ်မြစ်မှမြေကြီးစွန်းတိုင်အောင် လည်းကောင်း အုပ်စိုးလိမ့်မည်။-
72:9 သဲကန္တာရရှိလူမျိုးအပေါင်းတို့သည် မင်းကြီး၏ ရှေ့တော်၌ဦးညွှတ်ကြပါလိမ့်မည်။ မင်းကြီး၏ရန်သူများသည်ခြေတော်ရင်းတွင် ပျပ်ဝပ်ကြပါလိမ့်မည်။
72:10 စပိန်ပြည်နှင့်ကျွန်းများမှရှင်ဘုရင်တို့သည် အခွန်ဆက်သကြပါလိမ့်မည်။ အာရေဗျပြည်နှင့်အဲသရောပိပြည်မှ ရှင်ဘုရင်များသည်လက်ဆောင်ပဏ္ဏာများကို ယူဆောင်လာကြပါလိမ့်မည်။
72:11 ဘုရင်အပေါင်းတို့သည်မင်းကြီး၏ရှေ့တော်တွင် ပျပ်ဝပ်ကြပါလိမ့်မည်။ လူမျိုးတကာတို့သည်လည်းမင်းကြီး၏ အစေကို ခံကြပါလိမ့်မည်။
72:12 မင်းကြီးသည်မိမိအားဟစ်ခေါ်ကြသည့် ဆင်းရဲသူတို့အားလည်းကောင်း၊ ချို့တဲ့နွမ်းပါး၍ခိုကိုးရာမဲ့သူတို့ အားလည်းကောင်းကယ်ဆယ်တော်မူ၏။
72:13 ချို့တဲ့ဆင်းရဲသူတို့ကိုသနားတော်မူ၍ သူတို့၏ အသက်ကိုကယ်တော်မူ၏။
72:14 သူတို့၏အသက်သည်မင်းကြီး၏ရှေ့တော်တွင် အဖိုးထိုက်သည်အလျောက်ဖိစီးနှိပ်စက်မှုနှင့် အကြမ်းဖက်မှုများမှသူတို့ကိုကယ်ဆယ် တော်မူ၏။
72:15 မင်းကြီးသည်သက်တော်ရှည်ပါစေသော။ အာရေဗျပြည်မှရွှေများကိုလက်ဆောင်ပဏ္ဏာ အဖြစ်ရရှိပါစေသော။ လူတို့သည်မင်းကြီး၏အတွက်အစဉ်ဆုတောင်း ပတ္ထနာများပြုကြပါစေသော။ ဘုရားသခင်သည်မင်းကြီးအားအစဉ်အမြဲ ကောင်းချီးပေးတော်မူပါစေသော။
72:16 တိုင်းပြည်အတွင်း၌စားနပ်ရိက္ခာပေါများပါ စေသော။ လေဗနုန်တောင်တွင်သစ်တောများဖြင့် ဖုံးအုပ်လျက်ရှိသကဲ့သို့ တောင်ကုန်းများသည်ကောက်ပဲသီးနှံများ ဖြင့် ဖုံးအုပ်လျက်ရှိပါစေသော။ မြို့ကြီးများရှိလူဦးရေသည်ကွင်းပြင်ရှိ မြက်ကဲ့သို့ထူထပ်ပေါများပါစေသော။
72:17 မင်းကြီး၏နာမတော်သည်တည်မြဲပါ စေသော။ ဂုဏ်သတင်းတော်သည်နေကဲ့သို့အစဉ်အမြဲ တည်နေပါစေသော။ ဘုရားသခင်သည်မင်းကြီးအားကောင်းချီး ပေးတော်မူ သကဲ့သို့လူမျိုးတကာတို့သည် မိမိတို့အားလည်းကောင်း၊ကောင်းချီးပေးတော် မူရန် ဘုရားသခင်ထံတောင်းလျှောက်ကြပါစေသော။
72:18 ဣသရေလအမျိုးသားတို့၏ဘုရားတည်း ဟူသော ထာဝရဘုရားကိုထောမနာပြုကြလော့။ ကိုယ်တော်သာလျှင်ဤသို့အံ့သြဖွယ်ကောင်းသည့် အမှုတို့ကိုပြုတော်မူ၏။
72:19 ဘုန်းကြီးသောနာမတော်ကိုအစဉ်အမြဲ ထောမနာပြုကြလော့။ ကမ္ဘာမြေကြီးတစ်ပြင်လုံး၌ဘုန်းတော်နှင့် ပြည့်ပါစေသော။ အာမင်။ အာမင်။
72:20 ဤတွင်ယေရှဲ၏သားဒါဝိဒ်၏ဆုတောင်းပတ္ထနာ များပြီးဆုံး၏။