Psalms 94
94:1 အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အပြစ်ပေးပိုင်တော်မူသော ဘုရားဖြစ်တော်မူပါ၏။ ကိုယ်တော်ရှင်၏အမျက်တော်ကိုပေါ်လွင်ထင်ရှား စေတော်မူပါ။
94:2 ကိုယ်တော်ရှင်သည်လူအပေါင်းတို့အား တရားစီရင်တော်မူသောအရှင်ဖြစ်တော် မူပါ၏။ ထတော်မူ၍မာနကြီးသူတို့အားထိုက်လျောက်သည့် အပြစ်ဒဏ်ကိုပေးတော်မူပါ။
94:3 သူယုတ်မာတို့သည်အဘယ်မျှကြာအောင် ဝမ်းမြောက်ကြပါဦးမည်နည်း။ အို ထာဝရဘုရား၊ အဘယ်မျှကြာပါဦးမည်နည်း။
94:4 ပြစ်မှုကူးလွန်သူတို့သည်အဘယ်မျှကြာအောင် မာန်မာနထောင်လွှား၍ မိမိတို့၏ပြစ်မှုများအကြောင်းကိုကြွားဝါလျက် နေကြပါဦးမည်နည်း။
94:5 အို ထာဝရဘုရား၊ သူတို့သည်ကိုယ်တော်ရှင်၏လူစုတော်ကို နှိပ်ကွပ်ကြပါ၏။ ကိုယ်တော်ပိုင်တော်မူသောလူတို့အား ဖိစီးနှိပ်စက်ကြပါ၏။
94:6 သူတို့သည်မုဆိုးမများနှင့်မိဘမဲ့ သူတို့အား သတ်ဖြတ်ကြပါ၏။ ကျွန်တော်မျိုးတို့ပြည်တွင်နေထိုင်ကြသော ဧည့်သည်တို့ကိုသတ်ကြပါ၏။
94:7 သူတို့က``ထာဝရဘုရားသည်ငါတို့ကို မြင်တော်မမူ။ ဣသရေလအမျိုးသားတို့၏ဘုရားသခင် သည် ရှုမြင်တော်မမူ'' ဟုဆိုကြ၏။
94:8 ငါ၏လူစုတော်တို့၊သင်တို့သည်အဘယ် သို့လျှင် ဤမျှအသိဉာဏ်တုံးလျက်မိုက်မဲ၍ နေနိုင်ကြပါသနည်း။ အဘယ်အခါကျမှတတ်သိလိမ္မာ၍ လာကြပါမည်နည်း။
94:9 ငါတို့၏နားများကိုဖန်ဆင်းတော်မူသော အရှင်သည် မြင်တော်မူနိုင်သည်မဟုတ်လော။
94:10 လူမျိုးတကာတို့ကိုဆုံးမသောအရှင်သည် သူတို့အားအပြစ်ပေးတော်မူမည်မဟုတ် ပါလော။ လူအပေါင်းတို့ကိုအသိပညာသွန်သင်သော အရှင်သည်အသိပညာရှိတော်မူသည် မဟုတ်ပါလော။
94:11 ထိုသူတို့၏အကြံအစည်များကို ထာဝရဘုရားသိတော်မူ၏။ သူတို့စဉ်းစားဆင်ခြင်မှုများသည် အချည်းနှီးဖြစ်ကြောင်းကိုယ်တော်သိတော် မူ၏။-
94:12 အို ထာဝရဘုရား၊ ကိုယ်တော်၏ဆုံးမသွန်သင်မှုကိုခံရသော သူ၊ တရားတော်နှင့်ဆိုင်၍ကိုယ်တော်၏သွန်သင် မှုကို ခံရသောသူသည်မင်္ဂလာရှိပါ၏။
94:13 ထိုသူအားသူယုတ်မာတို့ကျစေရန် တွင်းတူး၍ မပြီးစီးမီဆိုးရွားသည့်အချိန်ကာလမှ လွတ်ငြိမ်းခွင့်ကိုကိုယ်တော်ပေးတော်မူပါ၏။
94:14 ထာဝရဘုရားသည်မိမိ၏လူစုတော်အား ပစ်ထားတော်မူလိမ့်မည်မဟုတ်။ ကိုယ်တော်ပိုင်တော်မူသောလူတို့ကို စွန့်ပယ်တော်မူလိမ့်မည်မဟုတ်။
94:15 တရားရုံးများ၌တရားမျှတစွာစီရင်မှု တစ်ဖန်ရှိလိမ့်မည်။ သူတော်ကောင်းအပေါင်းတို့သည်လည်း ယင်းတရားမျှတစွာစီရင်မှုကို ထောက်ခံကြလိမ့်မည်။
94:16 အဘယ်သူသည်ငါ့ဘက်မှာရှိ၍သူယုတ်မာ တို့အား ဆန့်ကျင်ပါသနည်း။ အဘယ်သူသည်ငါ့တစ်ဘက်ရှိမကောင်းမှု ပြုသူတို့အားဆန့်ကျင်ပါသနည်း။
94:17 အကယ်၍ထာဝရဘုရားသာလျှင်ငါ့အား ကူမတော်မမူခဲ့သော် ငါသည်ဆိတ်ညံရာအရပ်သို့အလျင်အမြန် ရောက်ရမည်သာဖြစ်ပေသည်။
94:18 အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ခြေချော်၍လဲပြီဟု ထင်ရသောအခါ ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်သည် ကျွန်တော်မျိုးအားချီပင့်ထားတော်မူပါ၏။
94:19 ကျွန်တော်မျိုးသည်စိုးရိမ်ပူပန်လျက် သောကရောက်သောအခါကိုယ်တော်ရှင် သည် ကျွန်တော်မျိုးအားစိတ်သက်သာခွင့်ကိုပေး၍ ဝမ်းမြောက်စေတော်မူပါ၏။
94:20 ကိုယ်တော်ရှင်သည်မတရားသောအမှုကို တရားဝင်ဖြစ်အောင်ပြုလုပ်တတ်သည့် အဂတိလိုက်စားသူတရားသူကြီးများနှင့် မည်သို့မျှမသက်ဆိုင်ပါ။
94:21 သူတို့သည်သူတော်ကောင်းတို့ကိုသေကြောင်း ကြံစည်ကြပါ၏။ အပြစ်မဲ့သူတို့ကိုသေဒဏ်စီရင်ကြပါ၏။
94:22 သို့ရာတွင်ထာဝရဘုရားသည်ငါ့ကို ကွယ်ကာတော်မူ၏။ ငါ၏ဘုရားသခင်သည်ငါခိုလှုံရာဖြစ် တော်မူ၏။
94:23 ကိုယ်တော်သည်ထိုသူတို့၏ယုတ်မာမှုများ အတွက် အပြစ်ဒဏ်ပေးတော်မူလိမ့်မည်။ သူတို့၏အပြစ်များအတွက်သူတို့အား သုတ်သင်ဖျက်ဆီးတော်မူလိမ့်မည်။ ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် သူတို့အားသုတ်သင်ဖျက်ဆီးတော်မူလိမ့်မည်။