Psalms 95
95:1 လာကြ၊ထာဝရဘုရားအားထောမနာပြု ကြကုန်အံ့။ ငါတို့ခိုလှုံရာဘုရားသခင်၏ဂုဏ်တော်ကို ဝမ်းမြောက်စွာသီချင်းဆိုကြကုန်အံ့။
95:2 ကျေးဇူးတော်ကိုချီးမွမ်းလျက်ရှေ့တော်သို့ ဝင်ကြကုန်အံ့။ ဝမ်းမြောက်စွာထောမနာသီချင်းများကို ဆိုကြကုန်အံ့။
95:3 အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် တန်ခိုးကြီးတော်မူသောဘုရား၊ ဘုရားတကာတို့ထက်တန်ခိုးကြီးသည့်ဘုရင် ဖြစ်တော်မူသောကြောင့်ဖြစ်၏။
95:4 ကိုယ်တော်သည်အနက်ဆုံးသောမြေကြီး နက်ရှိုင်းရာများမှ အမြင့်ဆုံးသောတောင်ထိပ်များတိုင်အောင် ကမ္ဘာလောကတစ်ခုလုံးကိုအစိုးရတော်မူ၏။
95:5 ကိုယ်တော်သည်မိမိဖန်ဆင်းတော်မူသော ပင်လယ်ကိုလည်းကောင်း၊ မိမိလက်တော်ဖြင့်ပြုပြင်တော်မူသည့်ကုန်းမြေ ကိုလည်းကောင်းအစိုးရတော်မူ၏။
95:6 လာကြ၊ကိုယ်တော်အားဦးညွှတ်ပျပ်ဝပ်၍ ရှိခိုးကြကုန်အံ့။ ငါတို့အားဖန်ဆင်းတော်မူသောထာဝရ ဘုရား၏ ရှေ့တော်တွင်ဒူးထောက်ကြကုန်အံ့။
95:7 ကိုယ်တော်သည်ငါတို့၏ဘုရားဖြစ်တော်မူ၏။ ငါတို့သည်ကိုယ်တော် စောင့်ရှောက်တော်မူသောသူများ၊ကိုယ်တော် ကျွေးမွေးတော်မူသောသိုးစုဖြစ်ကြ၏။ ကိုယ်တော်မိန့်တော်မူသောစကားကို ယနေ့နားထောင်ကြလော့။
95:8 ကိုယ်တော်ကမောရိဘအရပ်တွင်ရောက်ရှိ နေသော သင်တို့ဘိုးဘေးများကဲ့သို့သင်တို့သည် ခေါင်းမမာကြနှင့်။ တောကန္တာရရှိမဿာအရပ်တွင်ရောက်ရှိနေသော ဘိုးဘေးများကဲ့သို့ခေါင်းမမာကြနှင့်။
95:9 ထိုသူတို့သည်မိမိတို့၏အတွက်ငါပြုသည့် အမှုကိုတွေ့မြင်ကြပြီးဖြစ်သော်လည်း ထိုအရပ်တွင်ငါ့ကိုသွေးစမ်းကြ၏။
95:10 ငါသည်အနှစ်လေးဆယ်တိုင်တိုင်ထိုသူတို့အား အမျက်ထွက်ခဲ့၏။ ``သူတို့သည်လွန်စွာသစ္စာဖောက်သူများပါ တကား။ ငါ၏ပညတ်တို့ကိုလိုက်နာရန်ငြင်းဆန်သူများ ပါတကား'' ဟုငါဆို၏။
95:11 ငါသည်သူတို့အားအမျက်ထွက်သဖြင့်``သင်တို့ စိတ်အေးချမ်းသာစွာနေထိုင်ရမည့်ပြည်ကို သင်တို့သည်အဘယ်အခါ၌မျှမဝင်ရကြ'' ဟုကျိန်ဆို၏။