Proverbs 1
1:1 ပညာတရား၊ နည်းဥပဒေသတရားကိုသိ၍၊ ဥာဏ်နှင့်ယှဉ်သော စကားကို နားလည်မည်အကြောင်း၊
1:2 ပညာသွန်သင်ခြင်း၊ ဖြောင့်မတ်စွာ ကျင့်ခြင်း၊ တရား သဖြင့်စီရင်ခြင်း၊
1:3 လျစ်လျူစွာဆုံးဖြတ်ခြင်းအမှုအရာ၌ လေ့ကျက်မည်အကြောင်း၊ မိုက်သောသူသည် လိမ္မာ၍၊ လူပျိုသည် ပညာသတိနှင့်ပြည့်စုံမည်အကြောင်း၊
1:4 ဒါဝိဒ်၏ သားတော်ဖြစ်သော ဣသရေလရှင်ဘုရင်ရှောလမုန် စီရင်သော သုတ္တံစကားဟူမူကား၊
1:5 ပညာရှိသောသူသည် နားထောင်သဖြင့်၊ ပညာ အတတ်တိုးပွါးရလိမ့်မည်။
1:6 ဥာဏ်ကောင်းသော သူသည် သုတ္တံစကားအနက်အဓိပ္ပါယ်ကို၎င်း၊ ပညာရှိဟောပြော၍ နက်နဲသောစကားတို့ကို၎င်း၊ နားလည်သော နိဿရည်း ဆရာအဖြစ်သို့ ရောက်ရလိမ့်မည်။
1:7 ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏အချုပ်အခြာဖြစ်၏။ လူမိုက်တို့သည် ပညာနှင့်ဥပဒေသကို မထီမဲ့မြင်ပြုတတ်ကြ၏။
1:8 ငါ့သား၊ အဘ၏နည်းဥပဒေသကို နားထောင်လော့။ အမိ၏တရားကိုလည်း မပယ်နှင့်။
1:9 ထိုနည်းဥပဒေသတရားတို့သည် သင်၏ခေါင်း၌ တင့်တယ်သော ဦးရစ်၊ သင်၏လည်ပင်း၌ ပတ်ရစ်သော လည်ဆွဲဖြစ်ကြလိမ့်မည်။
1:10 ငါ့သား၊ လူဆိုးတို့သည် သင့်ကိုသွေးဆောင်လျှင် ဝန်မခံနှင့်။
1:11 သူတို့က ငါတို့နှင့်အတူလိုက်တော့။ သူ့အသက် ကိုသတ်အံ့သောငှါ စောင့်ကြစို့။ အချည်းနှီးအပြစ်လွတ် သော သူတို့ကို ချောင်းမြောင်းကြစို့။
1:12 သင်္ချိုင်းတွင်းသို့ဆင်းသော သူတို့ကဲ့သို့ တကိုယ်လုံးပါလျက်၊ အသက်ရှင်လျက်ရှိသော ထိုသူတို့ကို မရဏာ နိုင်ငံမျိုသကဲ့သို့ မျိုကြစို့။
1:13 အဘိုးထိုက်သော ဘဏ္ဍာအမျိုးမျိုးကိုတွေ့၍ လုယူသောဥစ္စာနှင့် ငါတို့အိမ်ကိုပြည့်စေကြမည်။
1:14 ငါတို့နှင့် ပေါင်းဘော်တော့။ ရသောဥစ္စာကို အညီအမျှ ပိုင်ကြစို့ဟုဆိုသော်လည်း၊
1:15 ငါ့သား၊ သူတို့နှင့်အတူ မလိုက်နှင့်။ သူတို့သွားသောလမ်းကို ရှောင်လော့။
1:16 အကြောင်းမူကား၊ သူတို့ခြေသည် ဒုစရိုက်ပြုရာ သို့ပြေး၍၊ လူအသက်ကို သတ်ခြင်းငှါ လျင်မြန်၏။
1:17 အကယ်စင်စစ်ငှက်မျက်မှောက်၌ ပိုက်ကွန်ကို ဖြန့်ထားလျှင် အကြံမမြောက်ရာ။
1:18 လူဆိုးတို့သည် ကိုယ်အသွေးကို သွန်အံ့သောငှါ စောင့်၍၊ ကိုယ်အသက်ကို သတ်အံ့သောငှါ ချောင်း မြောင်းတတ်ကြ၏။
1:19 မတရားသောစီးပွါးကို ရှာသောသူအပေါင်းတို့သည် ထိုသို့သော အကျိုးကိုခံရ၍၊ ထိုစီးပွါးသည် မိမိ အရှင်၏အသက်ကို သတ်တတ်၏။
1:20 ပညာသည်ပြင်မှာကြွေးကြော်၍၊ လမ်းခရီးတို့၌ မိမိစကားသံကို လွှင့်တတ်၏။
1:21 လူစည်းဝေးရာ အဦး၌၎င်း၊ မြို့တံခါးဝတို့၌၎င်း၊ မြို့ထဲ၌၎င်း ခေါ်၍မြွက်ဆိုသောစကားဟူမူကား၊
1:22 အိုလူမိုက်တို့၊ သင်တို့သည်မိုက်သောအကျင့်ကို နှစ်သက်လျက်၊ ကဲ့ရဲ့သောသူတို့သည် ကဲ့ရဲ့ခြင်း၌ မွေ့ လျော်လျက်၊ မိုက်မဲသောသူတို့သည် ပညာအတတ်ကို မုန်းလျက်၊ အဘယ်မျှကာလပတ်လုံးနေကြလိမ့်မည်နည်း။
1:23 ငါဆုံးမသော စကားကို နားထောင်၍ ပြောင်း လဲကြလော့။ ငါ့ဝိညာဉ်ကို သင်တို့အပေါ်သို့ ငါသွန်း လောင်း၍၊ ငါ့စကား၏အနက်အဓိပ္ပါယ်ကို နားလည် စေမည်။
1:24 ငါသည်ခေါ်၍ သင်တို့သည် ငြင်းပယ်သော ကြောင့်၎င်း၊ ငါ့လက်ကိုဆန့်၍ အဘယ်သူမျှမမှတ်သော ကြောင့်၎င်း၊
1:25 ငါသတိပေးခြင်းရှိသမျှကို သင်တို့သည်ပယ်၍၊ ငါဆုံးမသော စကားတခွန်းကို နားမခံဘဲနေသောကြောင့် ၎င်း၊
1:26 သင်တို့သည် ဘေးဥပဒ်နှင့်တွေ့ကြုံသောအခါ ငါရယ်မည်။ ကြောက်မက်ဖွယ်သော အမှုရောက်သော အခါ ငါပြက်ယယ်ပြုမည်။
1:27 သင်တို့ ကြောက်မက်ဘွယ်သော အမှုသည် သုတ်သင်ပယ်ရှင်းခြင်းအမှုကဲ့သို့၎င်း၊ သင်တို့ပျက်စီးခြင်း အမှုသည် လေပြင်းမုန်တိုင်းကဲ့သို့၎င်း ရောက်လာ၍၊ သင်တို့သည်ဆင်းရဲခြင်း၊ ပူပန်ခြင်းနှင့် တွေ့ကြုံသောအခါ၊
1:28 ထိုအမှုရောက်သောသူတို့သည် ငါ့ကိုခေါ်သော် လည်း ငါမထူး။ ငါ့ကို ကြိုးစား၍ ရှာသော်လည်း မတွေ့ ရကြ။
1:29 အကြောင်းမူကား၊ သူတို့သည် ပညာအတတ်ကိုမုန်းကြ၏။ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောကို အလိုမရှိကြ။
1:30 ငါသတိပေးခြင်းကို အလျှင်းနားမခံကြ။ ငါဆုံးမ ခြင်းရှိသမျှကို မထီမဲ့မြင်ပြုကြ၏။
1:31 ထိုကြောင့်သူတို့သည် ကိုယ်ကျင့်ခြင်း၏ အကျိုး အပြစ်ကိုစား၍၊ ကိုယ်ကြံသော အကြံတို့နှင့် ဝကြလိမ့် မည်။
1:32 ဥာဏ်တိမ်သောသူတို့သည် လမ်းလွဲသဖြင့် အသက်ဆုံးတတ်ကြ၏။ မိုက်သောသူတို့သည် သတိလစ် သောအားဖြင့် ပျက်စီးခြင်းသို့ ရောက်တတ်ကြ၏။
1:33 ငါ့စကားကို နားထောင်သောသူမူကား လုံခြုံစွာ နေ၍၊ ဘေးကို မကြောက်ဘဲငြိမ်ဝပ်လိမ့်မည်။