Proverbs 2
2:1 ငါ့သား၊ သင်သည်ပညာစကားကို နားထောင်၍၊
2:2 စေတနာစိတ်နှင့်ဥာဏ်ကို ရှာဖွေသည်တိုင်အောင်၊ ငါ့စကားကို နားခံ၍၊ ငါ့ပညတ်တို့ကို ကိုယ်အထဲ၌ သွင်းမိလျှင်၎င်း၊
2:3 သိပ္ပံအတတ်ကိုခေါ်၍၊ ဥာဏ်နောက်သို့ အသံ ကိုလွှင့်လျှင်၎င်း၊
2:4 ငွေကိုရှာတတ်သကဲ့သို့ ပညာကိုရှာ၍၊ ဝှက်ထား သောဘဏ္ဍာကို စူးစမ်းတတ်သကဲ့သို့၊ ဥာဏ်ကို စူးစမ်း လျှင်၎င်း၊
2:5 ထာဝရဘုရားကို ကြောက်သောသဘော၌ ကျင်လည်၍၊ ဘုရားသခင်ကိုသိသော ဥာဏ်နှင့်ပြည့်စုံ လိမ့်မည်။
2:6 အကြောင်းမူကား၊ ထာဝရဘုရားသည်ပညာကို ပေးတော်မူတတ်၏။ နားလည်နိုင်သော ဥာဏ်သည် နှုတ်ကပတ်တော်အားဖြင့်သာဖြစ်တတ်၏။
2:7 ဖြောင့်မတ်သောသူတို့အဘို့ ပညာရတနာကို သိုထားတော်မူ၏။ တရားသဖြင့်ကျင့်သောသူတို့ကို ကွယ်ကာတော်မူ၏။
2:8 မိမိသန့်ရှင်းသူတို့သည်တရားလမ်းကို စောင့် ရှောက်မည်အကြောင်း၊ သူတို့၏လမ်းခရီးကို လုံခြုံ စေတော်မူ၏။
2:9 ကျေးဇူးတော်ကြောင့် သင်သည် ဖြောင့်မတ်စွာ ကျင့်ခြင်း။ တရားသဖြင့်စီရင်ခြင်း၊ လျစ်လျူစွာ ဆုံးဖြတ် ခြင်းမှစ၍၊ ကောင်းသောလမ်းရှိသမျှတို့ကို သိနားလည် လိမ့်မည်။
2:10 ပညာသည်သင်၏နှလုံးထဲသို့ဝင်၍၊ သင်သည် သိကြားခြင်း၌ မွေ့လျော်သောအခါ၊
2:11 သမ္မာသတိသည် သင့်ကို ထိန်းသိမ်း၍၊ ဥာဏ်သည်လည်း စောင့်ရှောက်သဖြင့်၊
2:12 ဆိုးသောလမ်းမှ ကယ်တင်လိမ့်မည်။ ကောက် သောစကားကို ပြောတတ်သောသူ၊
2:13 ဖြောင့်မတ်သောလမ်းကိုစွန့်၍၊ မိုက်မဲသော လမ်းသို့လိုက်သောသူ၊
2:14 ဒုစရိုက်၌မွေ့လျော်၍ အဓမ္မလူ၏ ကောက်လိမ် ခြင်းကို အားရနှစ်သက်သောသူ၊
2:15 ဖြောင့်သောလမ်းသို့မလိုက်၊ ကောက်သော လမ်းသို့သာ လိုက်သောသူတို့၏လက်မှ၎င်း၊
2:16 အမျိုးပျက်သောမိန်းမ၊ နှုတ်နှင့်ချော့မော့တတ် သော ပြည်တန်ဆာမိန်းမ၊
2:17 အသက်ငယ်စဉ်ပဲ့ပြင်သော ကျေးဇူးရှင်ကိုစွန့်၍၊ မိမိဘုရားသခင်၏ ပဋိညာဉ်တရားကို မေ့လျော့သော မိန်းမလက်မှ၎င်း၊ သင့်ကို ကယ်တင်လိမ့်မည်။
2:18 ထိုမိန်းမ၏အိမ်သည် သေခြင်းနှင့်၎င်း၊ သူလိုက်သော လမ်းတို့သည် သင်္ချိုင်းသားနေရာနှင့်၎င်း စပ်ဆိုင် သဖြင့်၊
2:19 သူ၏အိမ်သို့ဝင်သောသူ တစုံတယောက်မျှ မပြန်ရ။ အသက်လမ်းကို မမှီရ။
2:20 သင်သည် သူတော်ကောင်းတို့၏ လမ်းသို့ရှောက်၍၊ ဖြောင့်မတ်သော သူတို့၏ လမ်းခရီးထဲက မထွက်ဘဲ အစဉ်တစိုက်လိုက်ရမည်အကြောင်းတည်း။
2:21 ဖြောင့်မတ်သောသူတို့သည်ပြည်တော်၌နေ၍၊ စုံလင်သော သူတို့သည် နေရာကျကြလိမ့်မည်။
2:22 အဓမ္မလူတို့မူကား၊ ပြည်တော်မှပယ်ရှင်းခြင်း၊ လွန်ကျူးသော သူတို့သည် နှုတ်ပစ်ခြင်းကို ခံရကြလိမ့် မည်။