Proverbs 29
29:1 အထပ်ထပ်ဆုံးမခြင်းကို ခံသော်လည်း၊ မိမိ လည်ပင်းကို ခိုင်မာစေသောသူသည် ကိုးကွယ်ရာမရ၊ ရုတ်တရက် ပျက်စီးလိမ့်မည်။
29:2 ဖြောင့်မတ်သောသူတို့သည် အခွင့်ရသော အခါ၊ ပြည်သူပြည်သားတို့သည် ဝမ်းမြောက်တတ်ကြ၏။ မတရားသောသူတို့သည် အုပ်စိုးသောအခါမူကား၊ ပြည်သူပြည်သားတို့သည် ဝမ်းနည်းတတ်ကြ၏။
29:3 ပညာတရားကို နှစ်သက်သောသူသည် မိမိ အဘကို ဝမ်းမြောက်စေ၏။ ပြည်တန်ဆာတို့နှင့် ပေါင်း ဘော်သောသူမူကား၊ ဥစ္စာပြုန်းတီးတတ်၏။
29:4 တရားသဖြင့် စီရင်သောရှင်ဘုရင်သည် တိုင်း ပြည်ကို တည်စေတတ်၏။ တံစိုးစားသော ရှင်ဘုရင် မူကား၊ တိုင်းပြည်ကို မှောက်လှန်တတ်၏။
29:5 အိမ်နီးချင်းကို ချော့မော့သော သူသည် အိမ်နီး ချင်းသွားရာလမ်း၌ ကွန်ရွက်ကို ဖြန့်ထား၏။
29:6 အဓမ္မလူပြစ်မှားရာ၌ ကျော့ကွင်းထောင်လျက် ရှိ၏။ ဖြောင့်မတ်သောသူမူကား၊ ရွှင်လန်းစွာ သီချင်း ဆိုတတ်၏။
29:7 ဖြောင့်မတ်သော သူသည် ဆင်းရဲသားအမှုကို ဆင်ခြင်တတ်၏။ မတရားသောသူမူကား၊ ထိုအမှုကို ပမာဏမပြုတတ်။
29:8 မထီမဲ့မြင်ပြုသော သူတို့သည် မြို့ကို မီးရှို့တတ် ၏။ ပညာရှိသော သူတို့မူကား၊ ဒေါသအမျက်ကို လွှဲတတ် ၏။
29:9 ပညာရှိသောသူသည် မိုက်သောသူနှင့် အမှု တွေ့လျှင်၊ စိတ်ဆိုးသည်ဖြစ်စေ၊ ပြုံးရယ်သည်ဖြစ်စေ၊ အားရစရာအကြောင်းမရှိ။
29:10 လူအသက်ကို သတ်တတ်သောသူတို့သည် စုံလင်သောသူကို မုန်းတတ်ကြ၏။ ဖြောင့်မတ်သော သူတို့မူကား၊ သူတပါးအသက်ကို စောင့်မတတ်ကြ၏။
29:11 မိုက်သောသူသည် မိမိကြံစည်သမျှကို ဘော်ပြ တတ်၏။ပညာရှိသောသူမူကား၊ အဆင်မသင့်မှီ ထိမ်ဝှက် တတ်၏။
29:12 မင်းသည်မုသာစကားကို နားထောင်လျှင်၊ ကျွန် အပေါင်းတို့သည် လူဆိုးဖြစ်ကြလိမ့်မည်။
29:13 ဆင်းရဲသောသူနှင့် ညှဉ်းဆဲသောသူတို့သည် တွေ့ကြုံကြပြီ။ ထာဝရဘုရားသည် ထိုနှစ်ဦးတို့အား အလင်းကို ပေးသနားတော်မူ၏။
29:14 ဆင်းရဲသားတို့ကို တရားသဖြင့် စီရင်သော ရှင် ဘုရင်၏အာဏာတော်သည် အစဉ်အမြဲတည်တတ်၏။
29:15 ကြိမ်လုံးနှင့်ရိုက်ခြင်း၊ နှုတ်နှင့်ဆုံးမခြင်းအားဖြင့် ပညာတိုးပွါးတတ်၏။ တတ်တိုင်းနေစေသော သူငယ်သည် အမိကို အရှက်ခွဲတတ်၏။
29:16 မတရားသောသူတို့သည် များပြားသောအခါ၊ လွန်ကျူးခြင်းအပြစ်တိုးပွားတတ်၏။ သို့ရာတွင်၊ သူတို့ ပျက်စီးခြင်းကို ဖြောင့်မတ်သောသူတို့သည် မြင်ရကြ၏။
29:17 သင်၏သားကို ဆုံးမလော့။ သို့ပြုလျှင် သူသည် သင့်ကို ချမ်းသာပေးမည်။ ထိုမျှမက စိတ်ရွှင်လန်းစရာ အခွင့်ကို ပေးမည်။
29:18 ဗျာဒိတ်တော်မရှိလျှင်၊ လူတို့သည် အကျိုးနည်း ဖြစ်ကြ၏။ တရားတော်ကို စောင့်သောသူမူကား မင်္ဂလာ ရှိ၏။
29:19 စကားအားဖြင့်သာ ကျွန်ကို ဆုံးမ၍ မနိုင်ရာ။ သူသည် နားလည်သော်လည်း၊ နားမထောင်ဘဲ နေလိမ့် မည်။
29:20 သတိမရှိဘဲစကားများသော သူရှိလျှင်၊ ထိုသူ၌ မြော်လင့် စရာအခွင့်ရှိသည်ထက်၊ မိုက်သောသူ၌သာ၍ မြော်လင့်စရာ အခွင့်ရှိ၏။
29:21 ကျွန်သည်ငယ်သော အရွယ်မှစ၍ ပျော်ပါး အောင် ကျွေးမွေးခြင်းကိုခံရလျှင်၊ နောက်ဆုံး၌ သား အရာကို ရလိမ့်မည်။
29:22 စိတ်ဆိုးတတ်သောသူသည် ခိုက်ရန်မှုကို နှိုးဆော် တတ်၏။ ပြင်းထန်သောသူသည်လည်း၊ အလွန်အကျူး များတတ်၏။
29:23 မိမိမာနသည် မိမိကိုနှိမ့်ချလိမ့်မည်။ စိတ်နှိမ့်ချ သောသူမူကား၊ ဂုဏ်အသရေကိုရလိမ့်မည်။
29:24 သူခိုးကိုလက်ခံသောသူသည် မိမိအသက်ကိုမုန်း တတ်၏။ ကျိန်ဆိုခြင်းကိုပြုသော်လည်း၊ အမှုကိုမဘော် မပြတတ်။
29:25 လူကိုကြောက်ရွံ့ခြင်း သဘောသည် ကျော့ကွင်း ကို ထောင် တတ်၏။ ထာဝရဘုရားကို ခိုလှုံသောသူမူ ကား လုံခြုံလိမ့်မည်။
29:26 မင်းပြုသော ကျေးဇူးကိုများသောသူတို့သည် ကြိုးစား၍ ရှာတတ် ကြ၏။ သို့ရာတွင် ခပ်သိမ်းသောသူ တို့၏အမှုကို ထာဝရဘုရားစီရင် တော်မူ၏။
29:27 တရားသောသူသည် မတရားသောသူကို၎င်း၊ မတရားသော သူသည်တရားသဖြင့် ကျင့်သောသူကို၎င်း၊ စက်ဆုပ်ရွံရှာ တတ်၏။