Library · my

Proverbs 30

30:1 ယာကေသားအာဂုရသည် ဣသေလနှင့် ဥကလကိုဆုံးမသောတရား စကား ဟူမူကား၊ 30:2 အကယ်စင်စစ် ငါသည် လူမဟုတ်၊ တိရစ္ဆာန် ဖြစ်၏။ လူဥာဏ်နှင့် မပြည့်စုံ။ 30:3 ပညာတရားကို မသင်၊ သန့်ရှင်းသော အရာ တို့ကို မလေ့ကျက်။ 30:4 ကောင်းကင်ဘုံသို့ အဘယ်သူတက်သနည်း။ အဘယ်သူဆင်းလာသနည်း။ အဘယ်သူသည် လေကို မိမိလက်နှင့် ဆုပ်ထားသနည်း။ အဘယ်သူသည် ရေကို အဝတ်နှင့် ထုပ်ထားသနည်း။ မြေကြီးစွန်းရှိသမျှတို့ကို အဘယ်သူတည်စေသနည်း။ ထိုသို့ပြုသောသူ၏ အမည် နှင့်သူ၏သားအမည်ကား အဘယ်သို့နည်း။ သင်ပြော နိုင်သလော။ 30:5 ဘုရားသခင်၏ စကားတော်ရှိသမျှသည် စင်ကြယ်၏။ ခိုလှုံသောသူအပေါင်းတို့၌ ဘုရားသခင် သည် အကွယ်အကာဖြစ်တော်မူ၏။ 30:6 စကားတော်၌ ထပ်၍မသွင်းနှင့်။ သို့ပြုလျှင် အပြစ်တင်တော်မူ၍၊ သင်သည် မုသာသုံးသောသူ ဖြစ်လိမ့်မည်။ 30:7 ကိုယ်တော်ထံမှာ ဆုနှစ်ပါးကို အကျွန်ုပ်တောင်း ပါ၏။ အကျွန်ုပ်မသေမှီတိုင်အောင် ငြင်းတော်မမူပါနှင့်။ 30:8 အကျွန်ုပ်မှ အနတ္တနှင့် မုသာကိုပယ်တော်မူပါ။ ဆင်း ရဲခြင်းနှင့် ငွေရတတ်ခြင်းကို ပေးတော်မမူပါနှင့်။ အသက်မွေးလောက်သောပညာကိုသာ ပေးတော်မူပါ။ 30:9 သို့မဟုတ်၊ အကျွန်ုပ်သည် ကြွယ်ဝ၍၊ ထာဝရ ဘုရားကား၊ အဘယ်သူနည်းဟုဆိုလျက်၊ ကိုယ်တော်ကို ငြင်းပယ်မည်ဟု ဆိုးရိမ်စရာရှိပါ၏။ သို့မဟုတ်၊ ဆင်းရဲ၍ သူ့ဥစ္စာကိုခိုးသဖြင့်၊ အကျွန်ုပ်၏ ဘုရားသခင် နာမ တော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုမည်ဟု စိုးရိမ်စရာ ရှိပါ၏။ 30:10 ကျွန်၏ အကျိုးကိုဖျက်ခြင်းငှါ သူ၏သခင်ကို မပြောနှင့်။ ပြောလျှင်ကျွန်သည် သင့်ကိုကျိန်ဆဲ၍၊ သင်၌ အပြစ်ရောက်မည်ဟု စိုးရိမ်စရာရှိ၏။ 30:11 အဘကိုကျိန်ဆဲ၍ အမိကိုလည်း ကောင်းကြီး မပေးတတ်သောလူတမျိုး၊ 30:12 ငါသည် စင်ကြယ်၏ဟု မိမိကိုယ်ထင်သော် လည်း၊ မိမိအညစ်အကြေးမှ မဆေးကြောသေးသော လူတမျိုး၊ 30:13 အလွန်စိတ်မြင့်၍ မော်ကြည့်တတ်သော လူတမျိုး၊ 30:14 ဆင်းရဲသောသူတို့ကို မြေကြီးပေါ်က၎င်း၊ ငတ်မွတ်သောသူတို့ကို လူစုထဲက၎င်း၊ ကိုက်စားပယ်ရှင်း စရာဘို့ သန်လျက်နှင့်တူသောသွား၊ ထားနှင့်တူသော အံနှင့် ပြည့်စုံသော လူတမျိုးရှိ၏။ 30:15 မျှော့ကောင်၌ပေးပါနှင့်ပေးပါဟူသော သမီးနှစ် ကောင်ရှိ၏။ အလိုဆန္ဒမပြေနိုင်သော အရာသုံးပါးမက၊ တန်တော့ဟု မဆိုတတ်သော အရာလေးပါးဟူမူကား၊ 30:16 သင်္ချိုင်းတပါး၊ မြုံသောမိန်းမဝမ်းတပါး၊ ရေမဝ နိုင်သောမြေတပါး၊ တန်တော့ဟု မဆိုတတ်သော မီးတပါးတည်း။ 30:17 အဘကိုကျီစားသောသူ၊ အမိ စကားကိုနားမထောင်၊ မထီမဲ့မြင်ပြုသောသူ၏ မျက်စိကို ချိုင့်၌ကျင်လည် သောကျီးအတို့သည် နှိုက်ကြလိမ့်မည်။ ရွှေလင်းတသငယ်တို့သည်လည်း စားကြလိမ့်မည်။ 30:18 ငါ့ဥာဏ်မမှီနိုင်သော အရာသုံးပါးမက၊ ငါမသိ၊ နားမလည်နိုင်သော အရာလေးပါးဟူမူကား၊ 30:19 လေ၌ရွှေလင်းတသွားရာလမ်းတပါး၊ ကျောက် ပေါ်မှာ မြွေသွားရာလမ်းတပါး၊ ပင်လယ်အလယ်၌ သင်္ဘောသွားရာလမ်းတပါး၊ အပျိုမနှင့် ယောက်ျားသွား ရာလမ်းတပါးတည်း။ 30:20 မျောက်မထားသော မိန်းမလမ်းလည်း ထိုအတူ ဖြစ်၏။ အစာစားပြီးမှ မိမိပစပ်ကိုသတ်၍၊ ဒုစရိုက်ကို ငါမပြုမိဟုဆိုတတ်၏။ 30:21 မြေကြီးကို မွှေနှောက်သောအရာသုံးပါးမက၊ မြေကြီးမခံနိုင်သော အရာလေးပါးဟူမူကား၊ 30:22 မင်းပြုသောကျွန်တပါး၊ ဝစွာစားရသော လူမိုက် တပါး၊ 30:23 လက်ထပ်သော မိန်းမဆိုးတပါး၊ သခင်မ ဥစ္စာ ကို အမွေခံရသော ကျွန်မတပါးတည်း။ 30:24 မြေကြီးပေါ်မှာ သေးနုပ်သော်လည်း၊ အထူး သဖြင့် ပညာရှိသော အရာလေးပါးဟူမူကား၊ 30:25 ခွန်အားမရှိသောအမျိုးဖြစ်သော်လည်း၊ နွေ ကာလ၌ မိမိစားစရာကို ပြင်ဆင်တတ်သော ပရွက်ဆိတ် တပါး၊ 30:26 မသန်စွမ်းသော အမျိုးဖြစ်သော်လည်း၊ ကျောက် တွင်း၌ နေရာချတတ်သော ရှာဖန်ယုန်တပါး၊ 30:27 မင်းမရှိသော်လည်း၊ တပ်ဖွဲ့၍ အစဉ်အတိုင်း သွားတတ်သောကျိုင်းတပါး၊ 30:28 လက်ဖြင့်ကိုင်ဆွဲ၍၊ နန်းတော်၌ပင် နေတတ် သော အိမ်မြှောင်တပါးတည်း။ 30:29 ကောင်းစွာသွားတတ်သော အရာသုံးပါးမက၊ အသွားလှသော အရာလေးပါးဟူမူကား၊ 30:30 တိရစ္ဆာန်တကာတို့ထက် ခွန်အားကြီး၍၊ အဘယ်သူကိုမျှ မရှောင်တတ်သော ခြင်္သေ့တပါး၊ 30:31 စစ်မြင်းတပါး၊ ဆိတ်ထီးတပါး၊ အဘယ်သူမျှ မဆီးတားနိုင်သော ရှင်ဘုရင်တပါးတည်း။ 30:32 သင်သည် ကိုယ်ကိုချီးမြှောက်၍ မိုက်သောအမှု ကို ပြုမိသော်၎င်း၊ မကောင်းသော အကြံကိုကြံမိ သော်၎င်း၊ သင်၏နှုတ်ကို လက်နှင့်ပိတ်ထားလော့။ 30:33 အကယ်စင်စစ် နို့ကိုမွှေလျှင် ထောပတ်တွက် တတ်၏။ နှာခေါင်းကိုဆွဲလိမ်လျှင် အသွေးထွက်တတ်၏။ ထိုနည်းတူ၊ ဒေါသကိုနှိုးဆော်လျှင် ခိုက်ရန်ထွက်တတ်၏။