Proverbs 3
3:1 ငါ့သား၊ ငါပေးသောတရားကို မမေ့နှင့်။ ငါ့ပညတ်တို့ကို သင်၏နှလုံးစောင့်ရှောက်ပါစေ။
3:2 အကြောင်းမူကား၊ ပညတ်တရားသည် အသက်တာရှည်သော ကာလနှစ်ပေါင်းများကို၎င်း၊ ငြိမ်ဝပ်ခြင်းကို ၎င်း တိုးပွါးစေလိမ့်မည်။
3:3 ကရုဏာတရားနှင့် သစ္စာတရားကို သင်နှင့် မကွာစေနှင့်။ ထိုတရားတို့ကို သင်၏လည်ပင်း၌ဆွဲထား လော့။ နှလုံးအင်းစာရင်း၌ ရေးသွင်းလော့။
3:4 ထိုသို့ပြုလျှင် ဘုရားသခင်ရှေ့လူတို့ရှေ့မှာ မျက်နှာရ၍၊ ကျေးဇူးကို ခံရလိမ့်မည်။
3:5 ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။
3:6 သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက် ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော် မူမည်။
3:7 ငါသည်ပညာရှိ၏ဟု ကိုယ်ကို မထင်နှင့်။ ထာဝရဘုရားကို ကြောက်ရွံ့၍ ဒုစရိုက်ကိုရှောင်လော့။
3:8 သို့ပြုလျှင်၊ သင်၏အကြောတို့သည် အားသန်၍၊ အရိုးတို့သည် ခြင်ဆီနှင့် ပြည့်စုံကြလိမ့်မည်။
3:9 သင်သည်ကိုယ်ဥစ္စာနှင့် အဦးသီးသော အသီး အနှံရှိသမျှကို ထာဝရဘုရားအား ပူဇော်လော့။
3:10 သို့ပြုလျှင်၊ သင်၏စပါးကျီတို့သည် ကြွယ်ဝ၍၊ စပျစ်သီးနယ်ရာ တန်ဆာတို့ကို အသစ်သော စပျစ်ရည် လျှံလိမ့်မည်။
3:11 ငါ့သား၊ ထာဝရဘုရားဆုံးမတော်မူခြင်းကို မမှတ်ဘဲမနေနှင့်။ သင်၏အပြစ်ကို စစ်ဆေးတော်မူသော အခါ စိတ်မပျက်စေနှင့်။
3:12 ထာဝရဘုရားသည် ချစ်တော်မူသော သူကို ဆုံးမတော်မူတတ်၏။ နှစ်သက်တော်မူသော သူကို ဆုံးမ တော်မူတတ်၏။
3:13 ဥာဏ်ပညာကို ရှာ၍ရသောသူသည် မင်္ဂလာ ရှိ၏။
3:14 အကြောင်းမူကား၊ ပညာကုန်သွယ်ခြင်းသည် ငွေကုန်သွယ်ခြင်းထက်သာ၍ကောင်း၏။ ပညာကုန်သွယ် ၍ ရသောအမြတ်လည်း ရွှေစင်ထက် သာ၍ကောင်း၏။
3:15 ပညာသည် ပတ္တမြားထက်သာ၍ အဘိုးထိုက် ပေ၏။ နှစ်သက်ဘွယ်သမျှသော အရာတို့သည် ထိုရတနာကို မပြိုင်နိုင်ကြ။
3:16 သူ၏လက်ျာလက်၌ အသက်တာရှည်သော ကာလ၊ လက်ဝဲလက်၌ စည်းစိမ်နှင့်ဂုဏ်အသရေရှိ၏။
3:17 ပညာလမ်းတို့သည် သာယာသောလမ်း၊ ပညာ လမ်းခရီးရှိသမျှတို့သည် ငြိမ်ဝပ်လျက်ရှိကြ၏။
3:18 ပညာကို ကိုင်ဆွဲသောသူသည် အသက်ပင်ကို ရပြီ။ လက်မလွှတ်သော သူသည် မင်္ဂလာရှိ၏။
3:19 ထာဝရဘုရားသည် ပညာတော်အားဖြင့် မြေကြီးကိုတည်၍၊ ဥာဏ်တော်အားဖြင့် မိုဃ်းကောင်းကင် ကို ပြင်ဆင်တော်မူပြီ။
3:20 သိပ္ပံအတတ်တော်အားဖြင့် နက်နဲသောအရပ် အက်ကွဲ၍၊ မိုဃ်းတိမ်မှလည်း နှင်းရည်ကျတတ်၏။
3:21 ငါ့သား၊ ပညာရတနာနှင့် သမ္မာသတိကို သင့် မျက်မှောက်မှ မကွာစေဘဲ၊ အစဉ်စောင့်ရှောက်လော့။
3:22 သို့ပြုလျှင်၊ ထိုရတနာတို့သည် သင်၏ဝိညာဉ်၌ အသက်၊ သင်၏လည်ပင်း၌ ဂုဏ်အသရေဖြစ်လိမ့်မည်။
3:23 သင်သည်ခရီးသွားရာ၌ ဘေးမရှိ။ ခြေမတိုက်မိ ဘဲ သွားလိမ့်မည်။
3:24 အိပ်သောအခါ ကြောက်စရာမရှိရ။ ကောင်းမွန် စွာ အိပ်ပျော်ရလိမ့်မည်။
3:25 လျင်မြန်သောဘေးနှင့် လူဆိုးတွေ့တတ်သော ပျက်စီးရာ ဘေးကို ကြောက်စရာမရှိရ။
3:26 အကြောင်းမူကား၊ ထာဝရဘုရားသည် သင်ယုံကြည်ကိုးစားရာဖြစ်၍၊ သင်၏ခြေကိုမကျော့မိ စေခြင်းငှါ စောင့်မတော်မူလိမ့်မည်။
3:27 ကျေးဇူးကိုခံသင့်သော သူတို့အား ကျေးဇူးပြုရ သော အခွင့်ရှိလျှင် မပြုဘဲမနေနှင့်။
3:28 အိမ်နီးချင်းကိုပေးစရာရှိလျက်ပင်၊ သွားတော့။ တဖန်လာဦးတော့။ နက်ဖြန်မှ ငါပေး မည်ဟု မပြောနှင့်။
3:29 စိုးရိမ်ခြင်းမရှိဘဲ သင့်အနားမှာနေသော အိမ်နီး ချင်း၌ မကောင်းသော အကြံကိုမကြံနှင့်။
3:30 သင်၌ အပြစ်မပြုသောသူကို အကြောင်းမရှိဘဲ ရန်မတွေ့
3:31 ညှဉ်းဆဲတတ်သောသူ၏ စည်းစိမ်ကိုမတောင့်တ နှင့်။ သူလိုက်သော လမ်းတစုံတခုကိုမျှ အလိုမရှိနှင့်။
3:32 အကြောင်းမူကား၊ ထာဝရဘုရားသည် သဘော ကောက်သော သူတို့ကို စက်ဆုပ်ရွံ့ရှာတော်မူ၏။ ဖြောင့် မတ်သောသူတို့မူကား၊ ကိုယ်တော်နှင့်မိဿဟာယ ဖွဲ့ရ သောအခွင့်ရှိကြ၏။
3:33 မတရားသောသူ၏ နေရာသည်ထာဝရဘုရား ကျိန်တော်မူခြင်းကို တွေ့တတ်၏။ တရားသောသူ၏ နေရာကို ကားကောင်းကြီးပေးတော်မူ၏။
3:34 အကယ်စင်စစ် ကဲ့ရဲ့တတ်သောသူတို့ကို ကဲ့ရဲ့ တော်မူ၏။ စိတ်နှိမ့်ချသော သူတို့အားကား၊ ကျေးဇူးပြု တော်မူ၏။
3:35 ပညာရှိသောသူတို့သည် ဘုန်းအသရေကို အမွေခံရ၍၊ မိုက်သောသူတို့မူကား၊ အရှက်ကွဲခြင်းကို ထမ်းသွားရကြလိမ့်မည်။