Proverbs 6
6:1 ငါ့သား၊ သင်သည် အဆွေခင်ပွန်းအတွက် အာမခံမိသော်၎င်း၊ သူတပါးနှင့်လက်ဝါးချင်း ရိုက်မိ သော်၎င်း၊
6:2 ကိုယ်နှုတ်ထွက်စကားဖြင့် ကျော်မိပြီ။ ကိုယ် ပြောသောစကားကြောင့် အမှုရောက်လေပြီ။
6:3 ငါ့သား၊ သင်သည် အဆွေခင်ပွန်းလက်သို့ ရောက်မိလျှင်၊ ကိုယ်ကို နှုတ်အံ့သောငှါ အဘယ်သို့ ပြုရမည်နည်းဟူမူကား၊ အဆွေခင်ပွန်းထံသို့ သွား၍၊ ကိုယ်ကိုနှိမ့်ချလျက်သူ့ကို နှိုးဆော်လော့။
6:4 အိပ်မပျော်နှင့်။ မျက်စိမှိတ်၍ မငိုက်နှင့်။
6:5 မုဆိုးလက်မှ သမင်ဒရယ်ကို၎င်း၊ ငှက်ကို၎င်း နှုတ်ရသကဲ့သို့ ကိုယ်ကိုနှုတ်လော့။
6:6 အချင်းလူပျင်း၊ ပရွက်ဆိတ်ထံသို့သွား၍၊ သူ၏ အပြုအမူတို့ကို ဆင်ခြင်သဖြင့် ပညာရှိစေလော့။
6:7 ပရွတ်ဆိတ်သည်ဆရာမရှိ၊ ပဲ့ပြင်သောသူမရှိ၊ မင်းမရှိဘဲလျက်၊
6:8 နွေကာလနှင့် စပါးရိတ်ရာကာလ၌ မိမိ စားစရာအစာကို ရှာဖွေသိုထားတတ်၏။
6:9 အိုလူပျင်း၊ သင်သည် အဘယ်မျှကာလပတ်လုံး အိပ်လျက်နေလိမ့်မည်နည်း။ အဘယ်သော အခါနိုးလိမ့်မည် နည်း။
6:10 ခဏအိပ်လျက်၊ ခဏပျော်လျက်၊ အိပ်ပျော် အံ့သောငှါ ခဏလက်ချင်းပိုက်လျက် နေစဉ်တွင်၊
6:11 ဆင်းရဲခြင်းသည် ခရီးသွားသော သူကဲ့သို့၎င်း၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့၎င်း ရောက်လာ လိမ့်မည်။
6:12 ဆိုးယုတ်သော သူနှင့်မတရားသောသူသည် ကောက်လိမ်သော စကား၌ ကျင်လည်တတ်၏။
6:13 မျက်တောင်ခတ်လျက်၊ ခြေဖြင့် အမှတ်ပေး လျက်၊ လက်ချောင်းတို့ဖြင့် သွန်သင်လျက် ပြုတတ်၏။
6:14 ကောက်သော စိတ်သဘောနှင့် ပြည့်စုံ၍၊ မကောင်းသော အကြံကို အစဉ်ကြံစည်တတ်၏။ သူတပါးချင်းရန်တွေ့စေခြင်းငှါ ပြုတတ်၏။
6:15 ထိုကြောင့်သူသည် အမှတ်တမဲ့အမှုရောက်၍၊ ကိုးကွယ်စရာဘဲ ချက်ခြင်းကျိုးပဲ့ပျက်စီးရလိမ့်မည်။
6:16 ထာဝရဘုရား မုန်းတော်မူသော အရာ ခြောက် ပါးမက၊ စက်ဆုပ်ရွံ့ရှာတော်မူသောအရာ ခုနစ်ပါး ဟူမူကား၊
6:17 ထောင်လွှားသော မျက်နှာတပါး၊ မုသာ၌ ကျင် လည်သော လျှာတပါး၊ အပြစ်မရှိသောသူ၏ အသက်ကို သတ်သော လက်တပါး၊
6:18 မကောင်းသော အကြံကို ကြံစည်သော နှလုံး တပါး၊ အပြစ်ပြုရာသို့ အလျင်အမြန် ပြေးတတ်သော ခြေတပါး၊
6:19 မုသာစကားကိုပြော၍ မမှန်သောသက်သေ တပါး၊ အပေါင်းအဘော်ချင်း ရန်တွေ့စေခြင်းငှါ ပြုတတ် သော သူတပါးတည်း။
6:20 ငါ့သား၊ အဘ၏ပညတ်စကားကို နားထောင် လော့။ အမိပေးသော တရားကို မပယ်နှင့်။
6:21 နှလုံးပေါ်မှာ အမြဲချည်၍ လည်ပင်း၌ ဆွဲထား လော့။
6:22 သင်သည် အခြားသို့ သွားသောအခါ၊ ထိုပညတ် တရားသည် လမ်းပြလိမ့်မည်။ အိပ်သောအခါ သင့်ကို စောင့်လိမ့်မည်။ နိုးသောအခါ သင်နှင့် နှုတ်ဆက် လိမ့်မည်။
6:23 အကြောင်းမူကား၊ ပညတ်တော်သည် မီးခွက် ဖြစ်၏။ တရားတော်သည် အလင်းဖြစ်၏။ အပြစ်ကို ပြတတ်သော ဩဝါဒစကားသည် အသက်လမ်းဖြစ်၏။
6:24 ဆိုးသောမိန်းမနှင့်၎င်း၊ အမျိုးပျက်သော မိန်းမ ချော့မော့တတ်သော နှုတ်နှင့်၎င်းလွတ်စေခြင်းငှါ၊ သင့်ကို စောင့်ဘို့ရာဖြစ်သတည်း။
6:25 ထိုသို့သောမိန်းမသည် အဆင်းလှသော်လည်း၊ တပ်မက်သော စိတ်မရှိနှင့်။ သူသည် မျက်ခမ်းတို့ဖြင့် သင့်ကိုမကျော့မိစေနှင့်။
6:26 အကြောင်းမူကား၊ ပြည့်တန်ဆာမကို မှီဝဲသော ယောက်ျားသည် ဆင်းရဲ၍၊ မုန့်တလုံးကိုသာ ရတတ်၏။ မျောက်မထားသော မိန်းမသည်လည်း မြတ်သောအသက် ကို ဘမ်းတတ်၏။
6:27 လူသည်အဝတ်မလောင်ဘဲ မီးကို ပိုက်ဘက်နိုင် သလော။
6:28 ခြေမလောင်ဘဲမီးခဲပေါ်မှာ နင်းနိုင်သလော။
6:29 သူ့မယားထံသို့ဝင်သောသူသည် ထိုနည်းတူ ဖြစ်၏။ သူ့မယားကို ပြစ်မှားသော သူမည်သည်ကား၊ အပြစ် နှင့် မကင်းမလွတ်နိုင်ရာ၊
6:30 မွတ်သိပ်သော စိတ်ပြေစေခြင်းငှါ၊ ခိုးသောသူ ပင် အပြစ်မလွတ်ရ။
6:31 တွေ့မိလျှင် ခုနစ်ဆပြန်ပေးရမည်။ ကိုယ်အိမ်၌ ရှိသမျှသော ဥစ္စာတို့ကို လျော်ရမည်။
6:32 သူ့မယားကိုပြစ်မှားသော သူသည် ဥာဏ်မရှိ။ ထိုသို့ပြုသော သူသည် မိမိအသက်ကို ဖျက်ဆီးတတ်၏။
6:33 နာကျင်စွာ ထိခိုက်ခြင်းနှင့် အသရေရှုတ်ချခြင်း ကို ခံရလိမ့်မည်။ သူ၏အရှက်ကွဲခြင်းသည် မပြေနိုင်။
6:34 အကြောင်းမူကား၊ ယောက်ျားသည် မယားကို မယုံသောစိတ်ရှိလျှင်၊ ပြင်းထန်စွာ အမျက်ထွက်တတ်၏။ အပြစ်ပေးချိန်ရောက်သောအခါ သနားခြင်းမရှိတတ်။
6:35 လျော်ပြစ်ငွေမည်မျှကို ပမာဏမပြုတတ်။ များစွာသော လက်ဆောင်တို့ကိုပေးသော်လည်း စိတ် မပြေတတ်။