Proverbs 7
7:1 ငါ့သား၊ ငါ့စကားကို စေ့စေ့နားထောင်၍၊ ငါ့ပညတ်တို့ကို သင်၌ သိုထားလော့။
7:2 ငါ့ပညတ်တို့ကို စောင့်ရှောက်၍ အသက်ရှင် လော့။ ငါပေးသောတရားကို ကိုယ်မျက်ဆန်ကဲ့သို့ စောင့်လော့။
7:3 သင်၏လက်ချောင်းတို့၌ ချည်ထား၍၊ သင်၏ နှလုံးအင်းစာရင်း၌ ရေးမှတ်လော့။
7:4 ပညာကိုကိုယ်နှမဟူ၍၎င်း၊ ဥာဏ်ကို ကိုယ် ပေါက်ဘော်ဟူ၍၎င်း ခေါ်လော့။
7:5 သို့ပြုလျှင်သူတို့သည် အမျိုးပျက်သောမိန်းမ၊ နှုတ်နှင့် ချော့မော့တတ်သော ပြည်တန်ဆာမိန်းမလက်မှ သင့်ကို ကယ်တင်ကြလိမ့်မည်။
7:6 ငါ့အိမ်ပြတင်းရွက်ကြားမှ ငါကြည့်၍မြင်ရသော အမှုဟူမူကား၊
7:7 ဥာဏ်တိမ်သော အမျိုးသားချင်းစုကို ငါကြည့်ရှုစဉ်တွင်၊ ဥာဏ်မရှိသော လူပျိုတယောက်သည်၊
7:8 ထိုသို့သော မိန်းမနေရာလမ်းထောင့် အနားသို့ ရှောက်သွားသဖြင့်၊
7:9 မိုဃ်းချုပ်၍ ညဦးအချိန်၊ ညဥ့်နက်သော အချိန် ရောက်သောအခါ၊ ထိုမိန်းမနေရာ လမ်းသို့ လိုက်လေ၏။
7:10 ပြည်တန်ဆာ အဝတ်ကိုဝတ်၍၊ ဆန်းပြားသော မိန်းမသည် ထိုသူကို ကြိုဆို၏။
7:11 ထိုမိန်းမသည် ကျယ်သောအသံနှင့် ခိုင်မာသော စိတ်သဘောရှိ၏။ ကိုယ်အိမ်၌မနေ၊ လည်တတ်၏။
7:12 ခဏအိမ်ပြင်၊ ခဏလမ်းထဲမှာနေလျက်၊ လမ်း ထောင့်အရပ်ရပ်၌ ချောင်းမြောင်း၍ကြည့်တတ်၏။
7:13 ထိုလူပျိုကိုတွေ့သောအခါ၊ ရဲသောမျက်နှာနှင့် ဘမ်းဘက်နမ်းရှုပ်လျက်၊
7:14 ငါ၌ မိဿဟာယပူဇော်သက္ကာရှိ၏။ ယနေ့ ငါ့ဂတိဝတ်ကို ငါဖြေပြီ။
7:15 ထိုကြောင့်သင့်ကို ကြိုဆိုအံ့သောငှါ ငါထွက် လာပြီ။ သင့်မျက်နှာကို ကြိုးစားရှာ၍တွေ့ပြီ။
7:16 ငါ့ခုတင်ကိုချယ်လှယ်သော အိပ်ရာခင်းနှင့်၎င်း၊ အဲဂုတ္တုပိတ်ချောနှင့်၎င်း ပြင်ဆင်ပြီ။
7:17 ငါ့မွေ့ရာကို မုရန်၊ အကျော်၊ သစ်ကြံပိုးနှင့်ထုံပြီ။
7:18 လာပါ၊ မိုဃ်းလင်းသည်တိုင်အောင် ကာမရာဂ စိတ်ကို ဖြေကြကုန်အံ့။ မေထုန်ပြု၍ မွေ့လျော်ကြကုန်အံ့။
7:19 ငါ့အရှင်သည် အိမ်မှာမရှိ။ ငွေအိတ်ကို ဆောင် လျက်ဝေးသော အရပ်သို့သွားပြီ။
7:20 ပွဲနေ့ရောက်မှသာ ပြန်လာလိမ့်မည်ဟု၊
7:21 ချစ်ဘွယ်သော စကားနှင့် ထိုသူကို သွေးဆောင် ၍ ချော့မော့တတ်သောနှုတ်ခမ်းနှင့်နိုင်သဖြင့်၊
7:22 နွားသည်အသေခံရာသို့ လိုက်သကဲ့သို့၎င်း၊ သမင်ဒရယ်သည် မိမိအသည်း၌ မြှားမထိုးမှီတိုင်အောင်၊ ဘမ်းမိရာထဲသို့ ဝင်သကဲ့သို့၎င်း၊
7:23 ငှက်သည် မိမိအသက်ဆုံးစေခြင်းငှါ ထောင် မှန်းကိုမရိပ်မိဘဲ၊ ကျော့ကွင်းထဲသို့ အလျင်အမြန် ဝင်သကဲ့သို့၎င်း၊ လူပျိုသည် ထိုမိန်းမနောက်သို့ ချက်ခြင်း လိုက်သွားတတ်၏။
7:24 သို့ဖြစ်၍ ငါ့သားတို့၊ ငါ့စကားကိုနားထောင်၍ ငါဟောပြောချက်တို့ကို မှတ်ကျုံးကြလော့။
7:25 ထိုသို့သော မိန်းမနေရာလမ်းကို စိတ်မငဲ့ကွက် နှင့်။ သူကျင်လည်သော လမ်းခရီးသို့ လွှဲ၍မလိုက်နှင့်။
7:26 အကြောင်းမူကား၊ သူသည်စစ်သူရဲအများတို့ကို လှဲလေပြီ။ ခွန်အားကြီးသော သူအများတို့ကို သတ်လေပြီ။
7:27 သူ၏အိမ်သည် သေမင်း၏ဘုံဗိမာန်သို့ဆင်း၍၊ မရဏနိုင်ငံသို့ ရောက်သောလမ်းဖြစ်၏။