Ecclesiastes 1
1:1 ဒါဝိဒ်၏သားတော်၊ ဓမ္မဒေသနာဆရာဖြစ်သော ယေရုရှလင်မင်းကြီး၏စကားဟူမူကား၊
1:2 အနတ္တသက်သက်၊ အနတ္တသက်သက်၊ ခပ်သိမ်းသောအရာတို့သည် အနတ္တဖြစ်ကြ၏။
1:3 လူသည် နေအောက်မှာ ကြိုးစားအားထုတ်သမျှ တို့၌ အဘယ်အကျိုးရှိသနည်း။
1:4 လူတဆက်လွန်သွား၏။ တဆက်ပေါ်လာ၏။ မြေကြီးမူကား အစဉ်အမြဲတည်၏။
1:5 နေလည်းထွက်လျက် ဝင်လျက်၊ ထွက်ရာအရပ်သို့ တဖန်ပြေးလျက်၊ တောင်လမ်းသို့လိုက်၍၊ တဖန် မြောက်လမ်းသို့ ပြန်လည်တတ်၏။
1:6 လေသည်လည်း အစဉ်လည်သွား၍၊ လည်ပြီး သောအရပ်သို့ တဖန်ပြန်၍လည်ပြန်တတ်၏။
1:7 ခပ်သိမ်းသော မြစ်တို့သည် ပင်လယ်ထဲသို့ ရောက်ကြ၏။ သို့သော်လည်း၊ ပင်လယ်သည် မပြည့် တတ်။ မြစ်ရေသည် စီးထွက်ရာအရပ်သို့ တဖန်ပြန်သွား တတ်၏။
1:8 ခပ်သိမ်းသော အရာတို့သည် လူမပြောနိုင် အောင် ပင်ပန်းခြင်းနှင့် ယှဉ်ကြ၏။ မျက်စိသည် မြင်၍ မကုန်တတ်။ နားသည်လည်း ကြား၍မဝတတ်။
1:9 ဖြစ်ဘူးသော အရာသည် ဖြစ်လတံ့သောအရာ နှင့်တူ၏။ ယခုပြုသောအမှုသည် ပြုလတံ့သောအမှုအရာမရှိ။
1:10 ကြည့်ပါ။ အသစ်ဖြစ်၏ဟုဆိုရသော အမှုအရာ တစုံတခုရှိသလော။ ထိုအမှုအရာသည် ငါတို့အရင်၊ ရှေးကာလ၌ ဖြစ်ဘူးပြီ။
1:11 ရှေးဖြစ်ဘူးသော အမှုအရာတို့ကို မေ့လျော့ တတ်၏။ နောက်ဖြစ်လတံ့သောအမှုအရာတို့ကိုလည်း၊ ထိုအမှုအရာနောက်၌ ဖြစ်လတံ့သော သူတို့သည် မေ့လျော့ကြလိမ့်မည်။
1:12 ငါဓမ္မဒေသနာဆရာသည်၊ ယေရုရှလင်မြို့၌ ဣသရေလရှင်ဘုရင်ဖြစ်စဉ်တွင်၊
1:13 မိုဃ်းကောင်းကင်အောက်၌ ပြုသမျှတို့ကို ဥာဏ်ပညာ အားဖြင့်၊ ရှာဖွေစစ်ဆေးခြင်းငှါ နှလုံးထား၏။ လူသား တို့ ကျင်လည်ရာဘို့ ထိုပင်ပန်းစေသောအမှုကို ဘုရား သခင်ပေးတော်မူပြီ။
1:14 နေအောက်မှာ ပြုလေသမျှသော အမှုအရာ တို့ကို ငါမြင်ပြီ။ အလုံးစုံတို့သည် အနတ္တအမှု၊ လေကို ကျက်စားသော အမှုဖြစ်ကြ၏။
1:15 ကောက်သောအရာကို မဖြောင့်စေနိုင်။ ချို့တဲ့ သောအရာကို မရေတွက်ရာ။
1:16 ငါသည် ကိုယ်စိတ်နှလုံးထဲမှာ ပြောဆိုသည်ကား၊ ငါသည်ငါ့အရင်၊ ယေရုရှလင်မြို့၌ ဖြစ်ဘူးသောသူ အပေါင်းတို့ထက် ကြီးမြင့်၍ပညာရှိ၏။ အကယ်စင်စစ် ငါ့စိတ်နှလုံးသည် ပညာအတတ်များကို အထူးသဖြင့် လေ့ကျက်၏။
1:17 ပညာတရားကို၎င်း၊ လျှပ်ပေါ်ခြင်းနှင့် မိုက်မဲ ခြင်းတို့ကို၎င်း ပိုင်းခြား၍ သိအံ့သောငှါ ငါသည်နှလုံး ထား၏။ ထိုအမှုသည်လည်း၊ လေကို ကျက်စားသောအမှု ဖြစ်သည်ကို ရိပ်မိ၏။
1:18 အကြောင်းမူကား၊ ပညာများလျှင်၊ ငြိုငြင်စရာ အကြောင်းများ၏။ သိပ္ပံအတတ် တိုးပွားသောသူသည် ဝမ်းနည်းခြင်း တိုးပွားတတ်၏။