Ecclesiastes 2
2:1 တဖန်ငါသည် ကိုယ်စိတ်နှလုံးထဲမှာ ပြောသည် ကား၊ လာပါ။ ရွှင်လန်းခြင်းအားဖြင့် သင့်ကိုငါစုံစမ်းမည်။ သို့ဖြစ်၍၊ ကာမဂုဏ်၌ပျော်မွေ့လော့ဟု ဆိုရာတွင်၊ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။
2:2 ရယ်မောခြင်းကို သင်သည် အရူးဖြစ်၏ဟူ၍ ၎င်း၊ ရွှင်လန်းခြင်းကိုအဘယ်ကြောင့် ဤသို့ပြုသနည်း ဟူ၍၎င်း ငါဆိုရ၏။
2:3 တဖန်လူသားတို့သည် မိုဃ်းကောင်းကင် အောက်၌၊ တသက်လုံးပြုသင့်သောအမှုကောင်းကို သိအံ့ သောငှါ၊ ပညာတရားကို လေ့ကျက်လျက်နှင့်၊ စပျစ်ရည် အလိုသို့လိုက်၍၊ မိုက်သောအကျင့်စလေ့၌ ကျင်လည်ခြင်း ငှါ၊ ငါကြံစည်၏။
2:4 ကြီးကျယ်သောအလုပ်ကို စီရင်၍အိမ်တို့ကို ဆောက်၏။ စပျစ်ဥယျဉ်တို့ကိုလည်း စိုက်၏။
2:5 ဥယျာဉ်အမျိုးမျိုးကို ပြုစု၍၊ ခပ်သိမ်းသော အသီးမျိုးကို သီးသောအပင်တို့ကိုလည်း စိုက်၏။
2:6 သစ်ပင်မျိုးနှင့် ပြည့်စုံသောတောကို ရေလောင်း စရာဘို့ ရေကန်တို့ကိုလည်း လုပ်၏။
2:7 ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့ကိုသိမ်းယူ၍၊ ကျွန်သားပေါက်များလည်းရှိကြ၏။ ငါ့အရင်၊ ယေရုရှလင် မြို့၌ဖြစ်ဘူးသော သူအပေါင်းတို့ထက်၊ ငါသည် တိရစ္ဆာန် အကြီးအငယ်တို့နှင့် အလွန်ရတတ်၏။
2:8 ရွှေငွေကို၎င်း၊ ရှင်ဘုရင်နှင့်ဆိုင်သောဘဏ္ဍာ၊ ကျေးရွာတို့၌ ခွဲသောအခွန်ကို၎င်း ငါဆည်းပူး၏။ အငြိမ့် သမားယောက်ျားမိန်းမတို့ကို၎င်း၊ လူသားတို့ ပျော်မွေ့ တတ်သော ကြင်လျှာမိန်းမမောင်းမမိဿံတို့ကို၎င်း ငါသိမ်းယူ၏။
2:9 ထိုသို့ငါ့အရင်၊ ယေရုရှလင်မြို့၌ ဖြစ်ဘူးသောသူ အပေါင်းတို့ထက်၊ ငါသည် တိုးပွါး၍ ကြီးမြင့်ခြင်းသို့ ရောက်၏။ ငါပညာလည်း တည်လျက်ရှိ၏။
2:10 ငါ့မျက်စိတပ်မက် လိုချင်သောအရာ တစုံတခု ကိုမျှ ငါမငြင်း၊ ငါ့စိတ်ရွှင်လန်းစရာ တစုံတခုကိုမျှမပယ်။ ငါကြိုးစားသမျှတို့၌ ဝမ်းမြောက်လျက်ရှိ၍၊ ကြိုးစားခြင်း အကျိုးကိုခံရ၏။
2:11 ထိုအခါငါစီရင်ပြုပြင်သမျှ၊ ငါကြိုးစားအားထုတ် သမျှတို့ ကိုငါကြည့်ရှု၍၊ အလုံးစုံတို့သည် အနတ္တအမှု၊ လေကိုကျက်စားသော အကျိုးတစုံတခုမျှမရှိ။
2:12 တဖန်ငါလှည့်၍ ပညာတရားကို၎င်း၊ လျှပ်ပေါ် ခြင်းနှင့် မိုက်မဲခြင်းတရားတို့ကို၎င်း ဆင်ခြင်၏။ရှင်ဘုရင် နောက်မှာ ဖြစ်သောသူသည် အဘယ်သို့ ပြုနိုင်သနည်း။ ပြုဘူးသည်အတိုင်းသာ ပြုနိုင်၏။
2:13 သို့ရာတွင်၊ အလင်းသည် မှောင်မိုက်ထက်မြတ် သကဲ့သို့၊ ပညာသည် မိုက်မဲခြင်းထက်မြတ်သည်ကို ငါ သိမြင်၏။
2:14 ပညာရှိသောသူ၏ မျက်စိတို့သည် သူ၏ ဦးခေါင်း၌ရှိ၏။ မိုက်သောသူမူကား၊ မှောင်မိုက်၌ ကျင်လည်တတ်၏။ သို့သော်လည်း ထိုသူအပေါင်းတို့သည် တခုတည်းသော်အမှုနှင့် တွေ့ကြုံတတ်သည်ကို ငါရိပ်မိ ၏။
2:15 သို့ဖြစ်၍၊ မိုက်သောသူတွေ့ကြုံသကဲ့သို့၊ ငါသည် တွေ့ကြုံလျှင်၊ အဘယ်ကြောင့်သူ့ထက်သာ၍ ပညာ ရှိသနည်းဟူ၍၎င်း၊ ဤအမှုအရာသည်လည်း အနတ္တ ဖြစ်သည်ဟူ၎င်း ငါအောက်မေ့၏။
2:16 ယခုဖြစ်သမျှသော အမှုအရာတို့ကို နောင် ကာလ၌ မေ့လျော့လိမ့်မည်ဖြစ်၍၊ မိုက်သောသူသည် အစဉ်မအောက်မေ့သကဲ့သို့၊ ပညာရှိသောသူကိုလည်း အစဉ်မအောက်မေ့တတ်။ ပညာရှိသောသူသည် မိုက် သော သူသေသကဲ့သို့ သေတတ်ပါသည်တကား။
2:17 ထိုကြောင့်၊ အသက်ရှင်ခြင်းကို ငါငြီးငွေ့၏။ နေအောက်မှာ ပြုသောအမှုသည် ငါ၌ခက်ခဲ၏။ အလုံးစုံ တို့သည် အနတ္တအမှု၊ လေကိုကျက်စားသောအမှု ဖြစ်ကြ ၏။
2:18 ထိုမှတပါး၊ ငါသည်နေအောက်မှာ ကြိုးစား အားထုတ်သော အမှုအလုံးစုံတို့ကို ငါငြီးငွေ့ရသော အကြောင်းဟူမူကား၊ ထိုအမှုကို ငါ့နောက်မှဖြစ်လတံ့ သောသူအဘို့ ငါချန်ထားရမည်။
2:19 ထိုသူသည် ပညာရှိမည်လော၊ မိုက်မည်လောဟု အဘယ်သူ ပြောနိုင်သနည်း။ ထိုသူသည် ငါကြိုးစား အားထုတ်သမျှ၊ နေအောက်မှာငါ့ပညာကို ထင်ရှားပြလေ သမျှသော အမှုတို့ကို အစိုးရလိမ့်မည်၊ ထိုအမှုအရာသည် လည်း အနတ္တဖြစ်၏။
2:20 ထိုကြောင့်နေအောက်မှာ ငါကြိုးစားအားထုတ် သမျှတို့၌ မြော်လင့်စရာမရှိ။ စိတ်ပျက်အောင်တဖန် ငါကြံစည်၏။
2:21 အကြောင်းမူကား၊ ပညာရှိလျက် သိပ္ပံအတတ် နှင့် ပြည့်စုံလျက်၊ အမှုအောင်လျက် ကြိုးစားအားထုတ် သောသူဖြစ်သော်လည်း၊ မကြိုးစား၊ အားမထုတ်သောသူ ဝင်စရာဘို့ ထိုအမှုကိုစွန့်ထားရမည်။ ထိုအမှုအရာသည် လည်း အနတ္တအမှု၊ အလွန်ဆိုးသောအမှုဖြစ်၏။
2:22 လူသည်နေအောက်မှာ ကြိုးစားအားထုတ်သော အမှု အလွန်စိတ်စွဲလမ်းသောအမှု၊ အလုံစုံတို့၌ အဘယ် အကျိုးရှိသနည်း။
2:23 သူ၏နေ့ရက်အပေါင်းတို့သည် ဝမ်းနည်းခြင်း၊ သူ၏အလုပ်အကိုင်လည်း ငြိုငြင်ခြင်းဖြစ်၏။ ညဥ့်အခါ၌ ပင် သူ၏စိတ်နှလုံး မငြိမ်ရ။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။
2:24 စားသောက်ခြင်းငှါ၎င်း၊ ကြိုးစားအားထုတ်ရာ၌ စိတ်နှလုံးပျော်မွေ့ခြင်းငှါ၎င်း၊ လူ၌ကောင်းသောအခွင့် မရှိ။ ဘုရားသခင်၏ကျေးဇူးတော်ကြောင့်သာ၊ ထိုသို့သော အခွင့်ကို ရနိုင်သည်ဟု ငါသိမြင်၏။
2:25 ဘုရားသခင်၏အခွင့်မရှိဘဲ အဘယ်သူစားရ သနည်း။ အဘယ်သူ ခံစားရသနည်း။
2:26 ရှေ့တော်၌ ကောင်းသောသူအား ဥာဏ်ပညာ၊ သိပ္ပံအတတ်နှင့် ဝမ်းမြောက်ခြင်းအခွင့်ကို ပေးတော်မူ၏။ အပြစ်ရှိသောသူအား ပင်ပန်းစွာ အလုပ်လုပ်ရသော အခွင့်ကို၎င်း၊ ဘုရားသခင်၏ရှေ့တော်၌ ကောင်းသော သူ အားပေးစရာဘို့၊ ဆည်ဖူးသိုထားရသောအခွင့်ကို၎င်း ပေးတော်မူ၏။ ထိုအမှုအရာသည်လည်း အနတ္တအမှု၊ လေကိုကျက်စားသော အမှုဖြစ်၏။