Song of Songs 1
1:1 ရှောလမုန်မင်းကြီးသီကုန်းသော သီချင်းတကာတို့တွင် အသာယာဆုံးသီချင်း၊
1:2 ကျွန်မသည် အရှင်၏နမ်းရှုပ်ခြင်းကို အကြိမ်ကြိမ်ခံရပါ၏။ အရှင့်မေတ္တာသည် စပျစ်ရည်ထက်နှစ်လိုဖွယ် ကောင်းပါသည်။
1:3 အရှင်လိမ်းကျံသောဆီသည်မွှေးကြိုင်လျက်နေပါ၏။ အရှင်၏အမည်ကထိုရနံ့ကိုပြန်လည် သတိရစေပါ၏။ အဘယ်အမျိုးသမီးမျှအရှင့်အား မချစ်ဘဲမနေနိုင်ပါ။
1:4 ကျွန်မအားအရှင်နှင့်အတူခေါ်ဆောင်သွားပါလော့။ ကျွန်မတို့အလျင်အမြန်သွားကြပါစို့။ ကျွန်မ၏ဘုရင်ဖြစ်တော်မူပါ။ အိမ်တော်အတွင်းခန်းထဲသို့ကျွန်မအား ခေါ်ဆောင်တော်မူပါ။ ကျွန်မတို့သည် ပျော်ရွှင်စွာနေကြပါမည်။ စပျစ်ရည်ကိုသောက်၍ ချစ်တင်းနှောကြပါမည်။ အမျိုးသမီးတိုင်းပင်အရှင့်အားချစ်ကြသည်မှာ အံ့ဩဖွယ်မရှိပါ။
1:5 ယေရုရှလင်မြို့သူတို့၊ ကျွန်မသည်အသား မည်းနက်သော်လည်း အဆင်းလှပါ၏။ ကေဒါသဲကန္တာရရှိတဲရှင်ကဲ့သို့မည်းနက်သော်လည်း ရှောလမုန်မင်း၏နန်းတော်ကန့်လန့်ကာကဲ့သို့လှပါ၏။
1:6 ကျွန်မ၏အသားအရေသည်နေပူခံရ၍ မည်းနက်လျက်နေသဖြင့် ကျွန်မအားအထင်မသေးကြပါနှင့်။ ကျွန်မ၏အစ်ကိုများသည်ကျွန်မအား အမျက်ထွက်သဖြင့် စပျစ်ဥယျာဉ်တွင် အလုပ်လုပ်စေပါ၏။ ကျွန်မသည် မိမိကိုယ်ကိုအလှပြင်ရန်ပင် အချိန်မရပါ။
1:7 ကျွန်မ၏ချစ်သူမောင်တော်၊ အရှင်၏သိုးစုအားအဘယ်အရပ်တွင် ထိန်းကျောင်းမည်ကိုလည်းကောင်း၊ မွန်းတည့်အချိန်၌ အဘယ်အရပ်တွင် နားစေမည်ကိုလည်းကောင်း၊ ကျွန်မအားပြောပြပါလော့။ ကျွန်မသည် အဘယ်ကြောင့်အရှင့်အား အခြားသိုးထိန်းတို့၏သိုးစုများတွင် ရှာဖွေရပါမည်နည်း။
1:8 ချစ်စရာအကောင်းဆုံးအမျိုးသမီး၊ ထိုအရပ်ကို သင်မသိပါလျှင် သိုးအုပ်နောက်သို့လိုက်၍ သိုးထိန်းတို့၏ တဲရှင်များအနီးတွင် သင်၏ဆိတ်တို့အတွက် စားကျက်ကိုရှာပါလော့။
1:9 ငါ၏ချစ်နှမ၊ မြင်းမသည်ဖာရောမင်း၏ရထားတွင် ကသည့်မြင်းလားတို့၏စိတ်လှုပ်ရှား နူးညွတ်စေသကဲ့သို့ သင်သည်အမျိုးသားတို့၏စိတ်ကိုလှုပ်ရှား နူးညွတ်စေပါ၏။
1:10 သင်၏ဆံပင်သည် သင့်ပါးပြင်ပေါ်တွင်လှပလျက်၊ ကျောက်မျက်ရတနာသဖွယ်၊ သင်၏လည်တိုင်တစ်လျှောက်တွင် ကျဆင်း၍နေပါ၏။
1:11 သင်၏အတွက်ငွေနှင့် ချယ်လှယ်ထားသော ရွှေဆွဲကြိုးကိုငါတို့ပြုလုပ်ပေးပါမည်။
1:12 ကျွန်မ၏ဘုရင်သည်ညောင်စောင်းထက်တွင် စံတော်မူစဉ် ကျွန်မ၏ထံမှနံ့သာဆီမွှေးရနံ့သည် ပျံ့နှံ့လျက်နေပါ၏။
1:13 ကျွန်မ၏ရင်ခွင်တွင်ချစ်သူလျောင်း၍နေစဉ်သူ့ထံမှ မုရန်ရနံ့ကို ကျွန်မရရှိပါ၏။
1:14 ကျွန်မ၏ချစ်သူသည် အင်္ဂေဒိစပျစ်ဥယျာဉ်တွင် ပွင့်သည့်တောပန်းများနှင့်တူ၏။
1:15 ငါ၏ချစ်နှမ၊ သင်သည်အလွန်ရှုချင်ဖွယ် ကောင်းပါပေသည်။ သင်၏မျက်စိများသည် အချစ်ရောင်သန်းလျက် နေသည်တကား။
1:16 ကျွန်မ၏အချစ်ဆုံးမောင်တော်၊ အရှင်သည် အလွန်ပင်ရုပ်ရည်ချောလျက် နှစ်လိုဖွယ်ကောင်းလှပါသည်တကား။ ကျွန်မတို့သည်စိမ်းလန်းသောမြက်ခင်းကို မိမိတို့အိပ်ရာအဖြစ်လည်းကောင်း၊
1:17 သစ်ကတိုးပင်များကိုထုပ်လျောက်များ အဖြစ်လည်းကောင်း၊ ထင်းရှူးပင်များကို မျက်နှာကျက် အဖြစ်ဖြင့်လည်းကောင်းထားရှိကြပါမည်။