Song of Songs 2
2:1 ကျွန်မသည် ရှာရုန်လွင်ပြင်တွင်ပေါက်သည့် တောပန်းပွင့်၊ တောင်ချိုင့်ဝှမ်းတွင်ပေါက်သည့် နှင်းပွင့်မျှသာဖြစ်ပါ၏။
2:2 ငါ၏ချစ်သူသည် အမျိုးသမီးများအလယ်တွင် ဆူးတောတွင်ပေါက်သော နှင်းပန်းသဖွယ်ဖြစ်ပါ၏။
2:3 ကျွန်မ၏အချစ်ဆုံးမောင်တော်ကို အခြားအမျိုးသားများနှင့် နှိုင်းယှဉ်ကြည့်ပါက၊ သူသည်သစ်တောတွင်းသစ်ပင်များအလယ်တွင် ပေါက်သောသစ်သော့ပင်နှင့်တူပါ၏။ ကျွန်မသည်ထိုသခင်၏အရိပ်နားတွင်နားနေရန် နှစ်သက်ပါ၏။ ယင်း၏အသီးကိုစားရသည်မှာအရသာရှိပါ၏။
2:4 မောင်တော်သည်မိမိစားသောက်ပွဲခင်းကျင်းရာ၊ ခန်းမဆောင်သို့ကျွန်မကိုခေါ်ဆောင်ကာ၊ ကျွန်မအားအချစ်ရောင်သန်းသည့်မျက်စိများဖြင့် ကြည့်တော်မူပါ၏။
2:5 ကျွန်မသည်ချစ်စိတ်ကြောင့်နွမ်းနယ်နေပါ၏။ သူသည်ကျွန်မအားစပျစ်သီးခြောက်များကို ကျွေး၍အားဖြည့်ပေးပါ၏။ သစ်သော့သီးများကိုကျွေး၍လန်းဆန်းစေပါ၏။
2:6 သူသည် မိမိ၏လက်ဝဲလက်ပေါ်တွင် ကျွန်မကိုအိပ်စက်စေလျက် လက်ယာလက်ဖြင့် ဖက်လျက်နေတော်မူ၏။
2:7 ယေရုရှလင်မြို့သူတို့၊ ကျွန်မတို့ချစ်ခြင်းမေတ္တာကို အနှောင့်အယှက်မပေးပါဟုကတိပြုကြလော့။ လျင်မြန်သည့်သမင်ဒရယ်တို့ကိုတိုင်တည်၍ ကျိန်ဆိုကြလော့။
2:8 ကျွန်မသည် ချစ်သူ၏အသံကိုကြားပါ၏။ သူသည်တောင်ကြီးတောင်ငယ်များကိုဖြတ်ကျော် ပြေးလွှားကာ ကျွန်မထံသို့လာနေပါ၏။
2:9 ကျွန်မ၏ချစ်သူသည် သမင်နှင့်လည်းကောင်း ဆတ်ထီးပျိုနှင့်လည်းကောင်းတူပေသည်။ သူသည်နံရံအနီးတွင်ရပ်လျက်ပြူတင်းပေါက်များ မှလည်းကောင်း တရုပ်ကပ်ကြားမှလည်းကောင်း၊ ကျွန်မကို ကြည့်နေပါ၏။
2:10 ကျွန်မ၏ချစ်သူသည် ကျွန်မအားပြောဆိုသည်မှာ၊ ချစ်နှမလိုက်ခဲ့ပါလော့။ ငါ၏အသည်းစွဲချစ်သူ၊ ငါနှင့်အတူလိုက်ခဲ့ပါလော့။
2:11 ဆောင်းရာသီကုန်ဆုံးပြီဖြစ်၍ မိုးလည်းမရွာတော့ပါ။
2:12 မြေပြင်တစ်လျှောက်တွင် ပန်းများပွင့်လျက်နေပါ၏။ ဤအချိန်သည်ငှက်များမြည်တွန်ချိန်ဖြစ်၍ လယ်ပြင်များတွင်ချိုးကူသံကြားရပါ၏။
2:13 သင်္ဘောသီးတို့ မှည့်စပြုပြီ။ စပျစ်ပွင့်များ၏ရနံ့သည်လည်း ကြိုင်သင်းလျက်ရှိပါ၏။ သို့ဖြစ်၍ချစ်နှမလာခဲ့ပါလော့။ ငါ၏အသည်းစွဲချစ်သူ၊ ငါနှင့်အတူလိုက်ခဲ့ပါလော့။
2:14 သင်သည်ကျောက်ကြိုကျောက်ကြားတွင် ပုန်းလျက်နေသောချိုးငှက်နှင့်တူပါ၏။ ချစ်စဖွယ်ကောင်းသည့်သင့်မျက်နှာကိုမြင်ပါရစေ။ ချိုသာသည့်အသံကိုကြားပါရစေ။
2:15 အပွင့်များဖြင့်ဝေဆာလျက်နေသည့်ငါတို့ စပျစ်ဥယျာဉ်ကို မြေခွေးများ၊ မြေခွေးငယ်ကလေးများမဖျက်ဆီးမီ သူတို့ကိုဖမ်းဆီးပါလော့။
2:16 ကျွန်မ၏ချစ်သူကိုကျွန်မပိုင်၍၊ ကျွန်မကိုလည်း ချစ်သူကပိုင်ပါ၏။ သူသည်နံနက်လေပြေတိုက်ခတ်၍ မှောင်မိုက်ပျောက်လွင့်သွားချိန်တိုင်အောင် မိမိ၏သိုးစုအား၊ နှင်းပန်းတောတွင် ကျက်စားစေတော်မူ၏။ ကျွန်မ၏အသဲစွဲချစ်သူအရှင်သခင်သည် သမင်ဖိုကဲ့သို့လည်းကောင်း ဗေသာတောင်ရိုးများပေါ်ကဆတ်ထီးပျို ကဲ့သို့လည်းကောင်း၊ ပြန်ကြွတော်မူပါ။