Library · my

Song of Songs 3

3:1 ကျွန်မသည်မိမိအိပ်ရာပေါ်တွင် အိပ်ပျော်လျက်နေစဉ်၊ တစ်ညပြီးတစ်ညကျွန်မချစ်သောသူကို အိမ်မက်မြင်မက်ပါပြီ။ သူ့အားရှာသော်လည်းမတွေ့ရပါ။ 3:2 ကျွန်မသည်ထ၍ မြို့ထဲ၌လှည့်လည်ကာ၊ လမ်းကြီးလမ်းငယ်အသွယ်သွယ်တို့တွင်၊ ကျွန်မချစ်သောသူကိုရှာဖွေပါ၏။ 3:3 ကင်းစောင့်တို့သည်ကျွန်မကိုတွေ့မြင်ကြပါ၏။ ကျွန်မကသူတို့အား ‘‘ကျွန်မ၏ချစ်သူကို တွေ့မြင်ကြပါသလော’’ ဟုမေးပါ၏။ 3:4 ကျွန်မသည်ကင်းစောင့်များထံမှထွက်ခွာလာပြီး​လာနောက် ချက်ချင်းပင်မိမိ၏ချစ်သူကိုတွေ့ရှိရပါ၏။ ကျွန်မသည်သူ့အားမလွှတ်တမ်း ဖက်ယမ်းထားပြီးလျှင် ကျွန်မမိခင်၏အိမ်၊ ကျွန်မမွေးဖွားရာအိပ်ခန်းသို့ ခေါ်ဆောင်သွားပါ၏။ 3:5 ယေရုရှလင်မြို့သူတို့၊ ကျွန်မတို့၏ချစ်ခြင်းမေတ္တာကို အနှောင့်အယှက်မပေးပါဟု ကတိပြုကြလော့။ လျင်မြန်သောသမင်ဒရယ်တို့ကိုတိုင်တည်၍ ကျိန်ဆိုကြလော့။ 3:6 မုရန် သို့မဟုတ်လောဗန်မှစသောကုန်သည်တို့ ရောင်းချသည့်နံ့သာပေါင်းကို မီးရှို့ရာမှထွက်လာသည့်မီးခိုးလုံးကြီးများသဖွယ် သဲကန္တာ​ရမှလာနေသောအရာကားအဘယ်နည်း။ 3:7 ကြည့်ကြလော့။ လူတို့သည်​ရှောလမုန်မင်းကြီးအား ဝေါတော်ဖြင့်သယ်​ဆောင်လာကြပါသည်တကား။ ဣသရေလပြည်မှ လက်ရွေးစင်စစ်သည်တော် ခြောက်ဆယ်တို့သည်လည်း စောင့်ကြပ်လိုက်ပါလာကြပေသည်။ 3:8 ထိုသူအားလုံးပင်ဓားအတတ်တွင် ကျွမ်းကျင်ကြ၏။ သူတို့ကားစစ်ရေ၀သည့် စစ်သားများပင်တည်း။ သူတို့သည် မိမိတို့အားညအခါရန်သူများ မတိုက်ခိုက်နိုင်စေရန် ကိုယ်စီကိုယ်ငှဓားကိုကိုင်၍ စောင့်နေကြလေသည်။ 3:9 ရှောမလုန်မင်းကြီးသည်လေဗနုန်ထွက်သစ်သားဖြင့် ပြုလုပ်သောဝေါတော်ကိုစီး၍လာတော်မူ၏။ 3:10 ဝေါတော်ကိုငွေဖြင့်မွမ်းမံကာ၊ ဝေါတော်ကို ရွှေချည်ထိုးအဝတ်နှင့်ဖုံးလွှမ်းထား၏။ ဝေါတော်၏ထိုင်ခုံဖုံများကို ယေရုရှလင်မြို့သူတို့၏မေတ္တာဖြင့် ယက်လုပ်ပေးသောမရမ်းစေ့ရောင် ကမ္ပလာနှင့် ဖုံးအုပ်ထားလေသည်။ 3:11 ဇိအုန်မြို့သူတို့၊ ရှောလမုန်မင်းကြီးအား လာရောက်ဖူးမျှော်ကြလော့။ သူသည်မိမိလက်ထပ်မင်္ဂလာပြုတော်မူသောနေ့၊ ဝမ်းမြောက်ပျော်ရွှင်တော်မူသောနေ့၌ မယ်တော်တင်ပေးသည့် သရဖူကို ဆောင်းထားတော်မူပါ၏။